YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2:1-22

ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2:1-22 MSBU

သို့သော် ပရောဖက်​အတုအယောင်​များ​သည် လူမျိုး​တော်​ထဲ၌​ပေါ်လာ​ကြ​သကဲ့သို့ သင်​တို့​ထဲ၌​လည်း ဆရာ​အတုအယောင်​များ​ပေါ်လာ​ကြ​လိမ့်မည်။ ထို​သူ​တို့​သည် ပျက်စီး​ခြင်း​သို့​ရောက်​စေ​သည့် မှားယွင်း​သော​အယူဝါဒ​များ​ကို လျှို့ဝှက်​စွာ​ယူဆောင်​လာ​၍ မိမိ​တို့​ကို ရွေးနုတ်​ဝယ်ယူ​သော​သခင်​ကို​ပင် ငြင်းပယ်​ကာ မိမိ​တို့​အပေါ် လျင်မြန်​သော​ပျက်စီး​ခြင်း​ကို ကျရောက်​စေ​ကြ​လိမ့်မည်။ များစွာ​သော​လူ​တို့​သည်​လည်း ထို​သူ​တို့​၏​ကာမဂုဏ်​လိုက်စား​ခြင်း​နောက်​သို့​လိုက်​သဖြင့် သမ္မာတရား​လမ်း​သည် ထို​သူ​တို့​ကြောင့် စော်ကား​ပြောဆို​ခြင်း​ခံရ​လိမ့်မည်။ သူ​တို့​သည် လောဘ​စိတ်​ဖြင့် လုပ်ကြံ​ဖန်တီး​သော​စကား​များ​ကို​ပြောဆို​လျက် သင်​တို့​အပေါ် အမြတ်ထုတ်​ကြ​လိမ့်မည်။ သူ​တို့​ခံရ​မည့် ပြစ်ဒဏ်​စီရင်​ခြင်း​သည် ရှေးယခင်​က​ပင် ဖင့်နှေး​ခြင်း​မ​ရှိ။ သူ​တို့​၏​ပျက်စီး​ခြင်း​သည်​လည်း ငိုက်မျဉ်း​ခြင်း​မ​ရှိ။ အကြောင်းမူကား ဘုရားသခင်​သည် အပြစ်​ပြု​သည့်​ကောင်းကင်​တမန်​များ​ကို ညှာတာ​တော်​မ​မူ​ဘဲ အဝီစိ​ငရဲ​ထဲသို့ ပစ်ချ​၍ မှောင်မည်း​ခြင်း​၏​သံကြိုး​ဖြင့် ချည်နှောင်​ကာ တရား​စီရင်​ခြင်း​အတွက် ထိန်းသိမ်း​ထား​တော်မူ​၏။ ရှေးဟောင်း​ကမ္ဘာ​ကို​လည်း ညှာတာ​တော်​မ​မူ​ဘဲ ထို​ဘုရား​တရား​မဲ့​သော​ကမ္ဘာ​ကို ရေ​လွှမ်းမိုး​စေ​တော်မူ​၍ ဖြောင့်မတ်​ခြင်း​တရား​၏​သံတော်ဆင့်​ဖြစ်​သော​နောဧ​အပါအဝင် လူ​ရှစ်​ဦး​ကို စောင့်ရှောက်​တော်မူ​၏။ ထို့ပြင် သောဒုံ​နှင့်​ဂေါမောရ​မြို့​တို့​ကို ပြစ်ဒဏ်​စီရင်​လျက် ပြာ​ပုံ​အဖြစ်​သို့ ပျက်သုဉ်း​စေ​ကာ ဘုရား​တရား​မဲ့​ဖြစ်လာ​မည့်​သူ​တို့​အတွက် နမူနာ​ဖြစ်စေ​တော်မူ​၏။ ထိုအခါ စောင့်စည်း​မှု​မ​ရှိ​သော​သူ​တို့​၏​ကာမဂုဏ်​လိုက်စား​သော​အသက်ရှင်​နေထိုင်​မှု​ကြောင့် နှောင့်ယှက်​ခြင်း​ခံရ​သည့် ဖြောင့်မတ်​သော​လောတ​ကို ကယ်နုတ်​တော်မူ​၏။ အကြောင်းမူကား ထို​ဖြောင့်မတ်​သော​သူ​သည် သူ​တို့​ထဲ၌​နေထိုင်​ခဲ့​စဉ် သူ​တို့​၏​တရားမဲ့​သော​အမှု​များ​ကို တွေ့မြင်​ကြားသိ​နေ​ရ​၍ နေ့စဉ်ရက်ဆက် သူ​၏​ဖြောင့်မတ်​သော​စိတ်​ဝိညာဉ်​၌ အလွန်​အနှောင့်အယှက်​ဖြစ်​လေ​၏။ သို့ဖြစ်၍ ထာဝရ​ဘုရား​သည် ဘုရား​ဝတ်​၌​မွေ့လျော်​သော​သူ​တို့​ကို စုံစမ်း​နှောင့်ယှက်​ခြင်း​ထဲမှ ကယ်နုတ်​ရ​မည်​ကို​လည်းကောင်း၊ မ​ဖြောင့်မတ်​သော​သူ​တို့​ကို တရား​စီရင်​ရာ​နေ့ရက်​၌ အပြစ်ဒဏ်​ခံ​စေရန်​ထိန်းသိမ်း​ထား​ရ​မည်​ကို​လည်းကောင်း သိ​တော်မူ​၏။ အထူးသဖြင့် ညစ်ညူး​သော​တပ်မက်​မှု​အားဖြင့် သွေးသား​ဇာတိ​နောက်​သို့​လိုက်​၍ အုပ်စိုး​ခြင်း​ကို​မထီမဲ့မြင်​ပြု​သော​သူ​တို့​ကို ထိုသို့​ထိန်းသိမ်း​ထား​တော်မူ​လိမ့်မည်။ ဤ​သူ​တို့​သည် အတင့်ရဲ​သော​သူ၊ ထင်ရာစိုင်း​တတ်​သော​သူ​ဖြစ်​ကြ​၍ ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ဘုန်း​အသရေ​ရှိ​သော​သူ​တို့​ကို စော်ကား​ပြောဆို​တတ်​ကြ​၏။ ကောင်းကင်​တမန်​တို့​သည် သူ​တို့​ထက်​ကြီးမား​သော​အစွမ်းသတ္တိ​နှင့်​တန်ခိုး​ရှိ​ကြ​သော်လည်း ထာဝရ​ဘုရား​ရှေ့​တော်​၌ သူ​တို့​အပေါ် ရှုတ်ချ​ပြစ်တင်​သည့်​စီရင်​ခြင်း​ကို မ​ပြု​ကြ။ သို့သော် သူ​တို့​သည် ဖမ်းဆီး​ခြင်း​နှင့်​ဖျက်ဆီး​ခြင်း​ခံရ​ရန်​အတွက် ပေါက်ဖွား​လာ​သည့် ဘာသာဘာဝ​ဆင်ခြင်​ဉာဏ်​မ​ရှိ​သော တိရစ္ဆာန်​များ​ကဲ့သို့​ဖြစ်​ကြ​ပြီး မိမိ​တို့​နား​မ​လည်​သည့်​အရာ​များ​ကို စော်ကား​ပြောဆို​တတ်​ကြ​၏။ သူ​တို့​သည် ထို​တိရစ္ဆာန်​များ​ပျက်စီး​သကဲ့သို့ ပျက်စီး​သွား​၍ မတရားမှု​၏​အဖိုးအခ​အဖြစ် မတရား​သဖြင့်​ပြုမူ​ခြင်း​ကို ခံ​ကြ​ရ​လိမ့်မည်​။ သူ​တို့​သည် နေ့​အချိန်​၌ သောက်စား​ပျော်ပါး​ခြင်း​ကို ပျော်ရွှင်​မှု​ဟု​မှတ်ယူ​လျက် သင်​တို့​နှင့်အတူ​စား​သောက်​စဉ် မိမိ​တို့​၏​လှည့်ဖြား​မှု​ထဲ၌ မွေ့လျော်​ကြ​၍ အစွန်းအထင်း​နှင့်​အပြစ်​အနာအဆာ​များ​ကဲ့သို့​ဖြစ်​ကြ​၏။ သူ​တို့​၏​မျက်စိ​သည် ဖောက်ပြန်​လို​သော​ဆန္ဒ​နှင့်​ပြည့်နှက်​၍ အပြစ်​ပြု​ရာ​မှ​ရပ်တန့်​ခြင်း​မ​ရှိ​ကြ။ သူ​တို့​သည် စိတ်​မ​တည်ကြည်​သော​သူ​တို့​ကို လှည့်ဖြား​ဆွဲဆောင်​လျက် လောဘ​လွန်ကျူး​ခြင်း​၌​ကျင့်သားရ​သော စိတ်နှလုံး​ရှိ​၍ ကျိန်ဆဲ​ခြင်း​၏​သားသမီး​များ​ဖြစ်​ကြ​၏။ သူ​တို့​သည် ဖြောင့်တန်း​သော​လမ်း​ကို​စွန့်ခွာ​၍ လမ်းလွဲ​ကာ မတရားမှု​ကြောင့်​ရရှိ​သော​အဖိုးအခ​ကို​နှစ်သက်​သည့် ဗော်သော်​၏​သား ဗာလမ်​၏​လမ်းစဉ်​ကို​လိုက်​ကြ​၏။ သို့သော် ဗာလမ်​သည် မိမိ​၏​မှားယွင်း​ခြင်း​အတွက် ဆိုဆုံးမ​ခြင်း​ကို​ခံရ​၏။ စကား​မ​ပြော​တတ်​သော​မြည်း​သည် လူ​၏​အသံ​ဖြင့် စကား​ပြော​လျက် ထို​ပရောဖက်​၏​မိုက်မဲ​မှု​ကို တားမြစ်​လေ​၏။ ထို​သူ​တို့​သည် ခန်းခြောက်​သော​စမ်းရေ​တွင်း​များ၊ မုန်တိုင်း​ဖြင့်​လွင့်ပါ​သွား​သည့်​မိုးတိမ်​များ​ဖြစ်​ကြ​၏။ သူ​တို့​အတွက် မှောင်မည်း​သော​အမှောင်​ကို ထိန်းသိမ်း​ထား​လျက်​ရှိ​၏။ အကြောင်းမူကား သူ​တို့​သည် အချည်းနှီး​ချဲ့ထွင်​ဝါကြွား​ပြောဆို​လျက် မှားယွင်း​ခြင်း​၌​အသက်ရှင်​နေထိုင်​သော​သူ​တို့​ထဲမှ လွတ်မြောက်​ခါစ​ရှိ​သော​သူ​တို့​ကို သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​နှင့်​ကာမဂုဏ်​လိုက်စား​ခြင်း​တို့​ဖြင့် လှည့်ဖြား​ဆွဲဆောင်​ကြ​၏။ သူ​တို့​သည် ထို​သူ​တို့​အား လွတ်လပ်​မှု​ကို​ပေး​မည်​ဟု ကတိ​ပေး​လျက်​နှင့် သူ​တို့​ကိုယ်တိုင်​သည် ပျက်စီး​ခြင်း​၏​ကျေးကျွန်​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား လူ​သည် တစ်စုံတစ်ခု​၏​အနိုင်ယူ​စိုးမိုး​ခြင်း​ကို​ခံရ​လျှင် ထို​အရာ​၏​ကျေးကျွန်​ဖြစ်​၏။ ငါ​တို့​၏​သခင်​နှင့် ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​ကို​သိ​ခြင်း​အားဖြင့် လောကီ​ညစ်ညူး​ခြင်း​မှ လွတ်မြောက်​ကြ​ပြီးနောက် ထို​အရာ​များ​နှင့် တစ်ဖန်​ပတ်သက်​ငြိတွယ်​လျက် အနိုင်ယူ​စိုးမိုး​ခြင်း​ကို​ခံရ​လျှင် သူ​တို့​၏​နောက်​ဖြစ်အင်​သည် ရှေ့​ဖြစ်အင်​ထက် ဆိုးရွား​လေ​၏။ အကြောင်းမူကား ဖြောင့်မတ်​ခြင်း​လမ်း​ကို​သိ​လျက်​နှင့် မိမိ​တို့​ထံ​ပေးအပ်​ထား​သည့် သန့်ရှင်း​သော​ပညတ်​တော်​ကို ကျောခိုင်း​သည်​ထက် ၎င်း​ကို​မ​သိ​ခဲ့​လျှင် သူ​တို့​အတွက် သာ၍​ကောင်း​၏။ ခွေး​သည် မိမိ​အန်ဖတ်​ကို​ပြန်​စား​တတ်​၏။ ရေချိုး​ပြီး​သော​ဝက်​သည် ရွှံ့​တွင်​ပြန်​လူး​တတ်​၏​ဟူသော မှန်ကန်​သည့်​ဆိုရိုး​စကား​အတိုင်း ထို​သူ​တို့​၌​ဖြစ်ပျက်​လေ​ပြီ။