YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်စတုတ္ထစောင် 6:8-20

ဓမ္မရာဇဝင်စတုတ္ထစောင် 6:8-20 MSBU

ဆီးရီးယား​ဘုရင်​သည် အစ္စရေး​ဘုရင်​နှင့် စစ်တိုက်​ရန် တစ်ဖန်​ချီလာ​၍ စခန်းချ​ရ​မည့်​နေရာ​ကို မိမိ​အမှုထမ်း​တို့​နှင့် တိုင်ပင်​ပြီး “​ဤ​နေရာ​၊ ဤ​နေရာ​တို့​တွင် စခန်းချ​မည်​”​ဟု မိန့်ဆို​၏​။ ထိုအခါ ဘုရားသခင်​၏​လူ​က အစ္စရေး​ဘုရင်​ထံ လူ​လွှတ်​၍ “​ဤ​နေရာ​ကို ဖြတ်သွား​လျှင် သတိပြု​ပါ​။ ဆီးရီးယား​စစ်သည်​တို့ ဤ​နေရာ​သို့ ဆင်းလာ​ကြ​ပြီ​”​ဟု မှာလိုက်​၏​။ အစ္စရေး​ဘုရင်​လည်း ဘုရားသခင်​၏​လူ​သတိပေး​သော​နေရာ​သို့ မိမိ​လူ​တို့​ကို စေလွှတ်​၍​စူးစမ်း​စေ​၏​။ ဤနည်းဖြင့် ရန်သူ​ကို တစ်ကြိမ်​နှစ်ကြိမ်​မက ရှောင်​နိုင်​ခဲ့​၏​။ ထိုသို့​ဖြစ်​သောကြောင့် ဆီးရီးယား​ဘုရင်​သည် သံသယစိတ်​ဝင်လာ​ကာ မိမိ​အမှုထမ်း​တို့​ကို​ဆင့်ခေါ်​ပြီးလျှင် “​ငါ​တို့​တွင် မည်သူ​သည် အစ္စရေး​ဘုရင်​၏​လူ ဖြစ်​သည်​ကို ငါ့​အား ပြော​ပါ​”​ဟု ဆို​၏​။ ထိုအခါ အမှုထမ်း​တစ်​ဦး​က “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ မည်သူ​မျှ​မ​ရှိ​ပါ​။ အစ္စရေး​ပြည်​ရှိ ပရောဖက်​ဧလိရှဲ​က အရှင့်​အိပ်ခန်း​တွင်း​မှ​ပြော​သော​စကား​များ​ကို အစ္စရေး​ဘုရင်​အား ပြန်ပြောပြ​လေ့​ရှိ​ပါ​၏​”​ဟု လျှောက်တင်​၏​။ ထိုအခါ ရှင်ဘုရင်​က “​သူ​ရှိ​မည့်​နေရာ​ကို သွား​၍​စုံစမ်း​ပါ​။ သူ့​ကို လူ​လွှတ်​ပြီး​ဖမ်း​မည်​”​ဟု မိန့်ဆို​၏​။ “ဒေါသန်​မြို့​၌​ရှိ​သည်​”​ဟု ရှင်ဘုရင် သတင်းရ​လျှင် ထို​မြို့​သို့ မြင်း​တပ်​၊ ရထား​တပ်​နှင့် စစ်သူရဲ​အမြောက်အမြား​ကို စေလွှတ်​၍ ညအချိန်​တွင် မြို့​ကို ဝိုင်းထား​ကြ​၏​။ ဘုရားသခင့်​လူ​၏​ငယ်သား​တစ်ယောက်​က စောစောထ​၍​အပြင်ထွက်​ကြည့်​သောအခါ စစ်သည်​နှင့် မြင်း​များ​၊ ရထား​များ မြို့​ကို​ဝိုင်းရံ​ထား​သည်​ကို တွေ့​သဖြင့် ထို​ငယ်သား​က သူ့​သခင်​အား “​အို အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​တို့ မည်သို့​ပြု​ရ​ပါ​မည်နည်း​”​ဟု မေးလျှောက်​၏​။ သူ့​သခင်​က​လည်း “​မ​ကြောက်ရွံ့​နှင့်​။ ငါ​တို့​နှင့်အတူ​ရှိ​သော​သူ​သည် သူ​တို့​၌​ရှိ​သော​လူ​ထက်​သာ၍​များ​၏​”​ဟု ပြန်ပြော​၏​။ ထို့နောက် ဧလိရှဲ​က “​အို ထာဝရဘုရား​၊ သူ​၏​မျက်စိ​ကို​ဖွင့်ပေး​၍ သူ့​ကို​မြင်​စေ​တော်မူ​ပါ​”​ဟု ဆုတောင်း​လျှင် ထာဝရဘုရား​သည် ထို​ငယ်သား​၏​မျက်စိ​ကို​ဖွင့်ပေး​တော်မူ​သဖြင့် ဧလိရှဲ​ပတ်ပတ်လည်​တွင် မြင်း​နှင့်​က​သော​မီး​စစ်ရထား​များ တောင်​တစ်တောင်လုံး​ပြည့်​နေ​သည်​ကို တွေ့​ရ​လေ​၏​။ ဆီးရီးယား​တပ်​တို့​ချီလာ​သောအခါ ဧလိရှဲ​က ထာဝရဘုရား​ထံ “​ဤ​လူ​တို့​ကို ဒဏ်ခတ်​တော်မူ​ပါ​။ မျက်စိကွယ်​စေ​တော်မူ​ပါ​”​ဟု ဆုတောင်း​၏​။ ဧလိရှဲ​ဆုတောင်း​သည့်​အတိုင်း ထာဝရဘုရား​သည် ထို​သူ​တို့​ကို ဒဏ်ခတ်​၍ မျက်စိကွယ်​စေ​တော်မူ​၏​။ ထိုအခါ ဧလိရှဲ​က သူ​တို့​အား “​ဤ​လမ်း​မ​ဟုတ်​ပါ​။ ဤ​မြို့​လည်း မ​ဟုတ်​ပါ​။ ငါ့​နောက်​လိုက်​ခဲ့​ကြ​။ သင်​တို့​ရှာ​နေ​သော​သူ​ထံ ငါ​ခေါ်သွား​ပေး​မည်​”​ဟု ဆို​ကာ သူ​တို့​ကို ရှမာရိ​မြို့​သို့ ခေါ်သွား​လေ​၏​။ ရှမာရိ​မြို့​သို့​ရောက်သွား​သောအခါ ဧလိရှဲ​က “​အို ထာဝရဘုရား​၊ သူ​တို့​ပြန်မြင်​ရ​ဖို့ သူ​တို့​၏​မျက်စိ​ကို​ဖွင့်ပေး​တော်မူ​ပါ​”​ဟု ဆုတောင်း​လျှင် ထာဝရဘုရား​က သူ​တို့​၏​မျက်စိ​ကို​ဖွင့်ပေး​တော်မူ​သဖြင့် သူ​တို့​သည် ရှမာရိ​မြို့​လယ်​သို့ ရောက်​နေ​သည်​ကို တွေ့​ရ​လေ​၏​။