YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်စတုတ္ထစောင် 22

22
ယုဒဘုရင်ယောရှိမင်းကြီး
1ယောရှိ​နန်းတက်​သောအခါ သက်တော်​ရှစ်​နှစ်​သာ​ရှိ​သေး​၏​။ ဂျေရုဆလင်​မြို့​တွင်​သုံးဆယ့်​တစ်​နှစ် စိုးစံ​၏​။ မယ်တော်​ကား ဗောဇကတ်​မြို့သား​အဒါယ​၏​သမီး ယေဒိဒ​အမည်​ရှိ​၏​။ 2သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။ သူ​၏​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး လျှောက်​ခဲ့​သော​လမ်း​အတိုင်း လက်ယာ​လက်ဝဲ​မ​ယိမ်း​ဘဲ လိုက်လျှောက်​၏​။
ယောရှိမင်းကြီး ထာဝရဘုရား၏အိမ်တော်ကိုပြုပြင်ခြင်း
3ယောရှိ​မင်းကြီး နန်းစံ​တစ်ဆယ့်​ရှစ်​နှစ်​တွင် မင်းကြီး​သည် မေရှုလံ​၏​မြေး​၊ အာဇလိ​၏​သား စာရေးတော်ကြီး​ရှာဖန်​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့ စေလွှတ်​၍ 4“​ယဇ်ပုရောဟိတ်​မင်း​ဟိလခိ​ထံ​သွား​ပြီးလျှင် လူ​တို့​ထံမှ တံခါးစောင့်​တို့​ကောက်ခံ​၍ ထာဝရဘုရား​၏​အိမ်​တော်​သို့​ယူဆောင်​လာ​သော​ငွေ​ကို ရေတွက်​စေ​ပါ​။ 5ထို​ငွေ​ကို ထာဝရဘုရား​၏​အိမ်​တော်​၌ ခန့်ထား​သော​အလုပ်​ကြီးကြပ်​သူ​တို့​ကို ပေး​စေ​ပါ​။ အလုပ်ကြီးကြပ်​သူ​တို့​သည် ထို​ငွေ​အား ပျက်စီး​သွား​သော​အိမ်​တော်​ကို ပြန်လည်​ပြုပြင်​ရန် ထာဝရဘုရား​၏​အိမ်​တော်​တွင်​အလုပ်​လုပ်​သော​အလုပ်သမား​များ​ကို ပေး​စေ​ပါ​။ 6အိမ်​တော်​ကို​ပြုပြင်​ရန် လိုအပ်​သော ဆစ်ပြီးသားကျောက်​များ​၊ သစ်သား​များ​ကို ဝယ်ယူ​ဖို့​ရန်​အတွက် လက်သမား​များ​၊ ဆောက်လုပ်ရေးသမား​များ​၊ ပန်းရန်သမား​များ​ကို ပေး​စေ​ပါ​”​ဟု မိန့်မှာ​လိုက်​၏​။ 7သူ​တို့​သည် သစ္စာရှိ​စွာ​အလုပ်လုပ်​သူ​များ​ဖြစ်​သောကြောင့် သူ​တို့​လက်​သို့ ပေးအပ်​သော​ငွေ​များ​ကို စာရင်းရေးမှတ်​ပြုစု​ထား​ရန်​မ​လို​ပေ​။
ပညတ်တရားကျမ်းကိုရှာတွေ့ခြင်း
8ယဇ်ပုရောဟိတ်​မင်း​ဟိလခိ​သည် စာရေးတော်ကြီး​ရှာဖန်​အား “​ထာဝရဘုရား​၏​အိမ်​တော်​တွင် ဤ​ပညတ်တရား​ကျမ်း​ကို ရှာတွေ့​ပြီ​”​ဟု​ဆို​လျက် ဟိလခိ​သည် ထို​ကျမ်းစာလိပ်​ကို​ရှာဖန်​အား ပေးအပ်​သဖြင့် ရှာဖန်​လည်း ဖတ်ကြည့်​လေ​၏​။ 9ထို့နောက် စာရေးတော်ကြီး​ရှာဖန်​သည် ရှင်ဘုရင်​ထံ ပြန်သွား​၍ “​အရှင့်​အစေအပါး​တို့​သည် အိမ်​တော်​၌ တွေ့ရှိ​သမျှ​သော​ငွေ​တို့​ကို စုသိမ်း​ပြီး ထာဝရဘုရား​၏​အိမ်​တော်​၌ ခန့်ထား​သော​အလုပ်​ကြီးကြပ်​သူ​တို့​လက်​သို့ ပေးအပ်​ပါ​ပြီ​”​ဟု အစီရင်ခံ​လျှောက်တင်​လေ​၏​။ 10ထို့ပြင် စာရေးတော်ကြီး​ရှာဖန်​က ရှင်ဘုရင်​အား “​ယဇ်ပုရောဟိတ်​မင်း​ဟိလခိ​က အကျွန်ုပ်​အား ဤ​ကျမ်းစာလိပ်​ကို ပေးအပ်​ပါ​ပြီ​”​ဟု လျှောက်တင်​ပြီး ရှာဖန်​သည် ဘုရင့်​ရှေ့မှောက်​တွင် ထို​ကျမ်းစာ​ကို ဖတ်ပြ​၏​။
11ရှင်ဘုရင်​သည် ထို​ပညတ်တရား​ကျမ်းစာလိပ်​၌​ပါ​သော​စကား​တော်​များ​ကို ကြား​ရ​သောအခါ မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​လေ​၏​။ 12ထို့နောက် ရှင်ဘုရင်​က ယဇ်ပုရောဟိတ်​ဟိလခိ​၊ ရှာဖန်​၏​သား​အဟိကံ​၊ မိက္ခာယ​၏​သား​အာခဗော်​၊ စာရေးတော်ကြီး​ရှာဖန်​၊ ဘုရင့်​အမှုထမ်း​အသာယ​တို့​အား 13“​ငါ​နှင့်​ပြည်သူပြည်သား​တို့​အတွက်​သာမက ယုဒ​အမျိုးသား​အပေါင်း​တို့​အတွက်​ပါ ဤ​တွေ့ရှိ​ထား​သော​ကျမ်း​ပါ​စကား​တော်​များ​နှင့်​ပတ်သက်ပြီး ထာဝရဘုရား​ထံ သွား​၍​မေးမြန်း​ပေး​ကြ​လော့​။ ငါ​တို့​ဘိုးဘေး​တို့​သည် ဤ​ကျမ်း​ပါ​စကား​တော်​အတိုင်း မ​လိုက်နာ​၊ ငါ​တို့​နှင့်ပတ်သက်​ပြီး ရေးထား​သမျှ​တို့​ကို မ​ပြုကျင့်​ကြ​သောကြောင့် ထာဝရဘုရား​သည် ငါ​တို့​ကို ပြင်းစွာ​အမျက်​ထွက်​လေ​ပြီ​”​ဟု မိန့်ဆို​၏​။
စီရင်ခြင်းခံရမည့်အကြောင်းကို ဟုလဒက ကြိုတင်ဟောပြောခြင်း
14ထိုအခါ ယဇ်ပုရောဟိတ်​ဟိလခိ​၊ အဟိကံ​၊ အာခဗော်​၊ ရှာဖန်​၊ အသာယ​တို့​သည် ဂျေရုဆလင်​မြို့​နေရာသစ်​တွင်​နေထိုင်​သော ဟရဟတ်​၏​မြေး​၊ တိကဝ​၏​သား ဝတ်လုံတော်ထိန်း​ရှလ္လုံ​၏​မယား​ဖြစ်​သူ ပရောဖက်မ ဟုလဒ​ထံ​သွား​၍ စကား​ပြောဆို​ကြ​ရာ
15ပရောဖက်မ​က သူ​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​သင်​တို့​ကို ငါ့​ထံသို့​စေလွှတ်​သော​သူ​အား ဤသို့​ပြန်ပြော​လော့​။ 16ထာဝရဘုရား​က ကြည့်ရှု​လော့​။ ယုဒ​ဘုရင် ဖတ်​ခဲ့​ရ​သော​ကျမ်း​စကား​ရှိသမျှ​အတိုင်း ငါ​သည် ဤ​မြို့​နှင့်​မြို့သား​တို့​ကို ဘေးအန္တရာယ်​နှင့် ကြုံတွေ့​စေ​မည်​။ 17အကြောင်းမူကား သူ​တို့​သည် ငါ့​ကို​စွန့်ပစ်​ပြီး အခြား​ဘုရား​အများ​တို့​ထံ နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​လျက် သူ​တို့​လက်​နှင့်​လုပ်​သော​အရာ​များ​ဖြင့် ငါ့​ကို အမျက်ထွက်​စေ​ကြ​၏​။ ထို့ကြောင့် ဤ​မြို့​၌ ငါ့​အမျက်မီး တောက်လောင်​၍ ငြိမ်း​လိမ့်မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​ပြီ”​ဟု ဆို​၏​။ 18ထာဝရဘုရား​ထံ မေးမြန်း​စေ​ဖို့ သင်​တို့​ကို​စေလွှတ်​လိုက်​သော​ယုဒ​ဘုရင်​အား “အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ‘သင်​ကြား​ရ​သော​ကျမ်းစကား​များ​နှင့်​ပတ်သက်၍ ဤသို့​မိန့်​တော်မူ​ပြီ​။ 19ဤ​မြို့​နှင့်​မြို့သား​တို့​ကို ထိတ်လန့်စရာ​၊ ကျိန်ဆဲစရာ​ဖြစ်​စေ​မည်​ဟု ငါ​ဆို​သည်​ကို သင်​ကြား​ရ​သောအခါ သင်​သည် နှလုံးကြေကွဲ​လျက်​၊ ကိုယ်ကို​နှိမ့်ချ​လျက်​၊ ကိုယ့်​အဝတ်​ကို ဆုတ်​လျက် ငါ​ထာဝရဘုရား​ရှေ့​တော်​တွင် ငိုကြွေး​သည်​ကို ငါ​ကြား​ပြီ​။ 20ထို့ကြောင့် သင့်​ဘိုးဘေး​များ​ရှိ​ရာ​သို့ သင့်​ကို ငါ​စုစည်း​မည်​။ သင်​သည် သင့်​သင်္ချိုင်း​တွင် ငြိမ်ဝပ်​စွာ​စုစည်း​ခြင်း​ခံရ​လိမ့်မည်​။ ဤ​မြို့​သို့ ငါ​ကျရောက်​စေ​မည့်​ဘေးအန္တရာယ်​တို့​ကို သင်​မြင်​ရ​မည်​မ​ဟုတ်​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​ကြောင်း​ပြောကြား​လော့​”​ဟု ဆို​၏​။ သူ​တို့​သည်​လည်း ပြန်သွား​၍ ဤ​စကား​တို့​ကို ရှင်ဘုရင်​ထံ လျှောက်တင်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်စတုတ္ထစောင် 22: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ