YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်စတုတ္ထစောင် 19:1-37

ဓမ္မရာဇဝင်စတုတ္ထစောင် 19:1-37 MSBU

ဟေဇကိ​မင်းကြီး​သည် ထို​စကား​ကို​ကြား​လျှင် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​၍ လျှော်တေအဝတ်​ကို​ဝတ်​ပြီး ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​လေ​၏​။ မင်းကြီး​သည် လျှော်တေအဝတ်​ဝတ်​ထား​သည့် နန်းတော်အုပ်​ဧလျာကိမ်​၊ စာရေးတော်ကြီး​ရှေဗန​၊ အသက်ကြီး​သော​ယဇ်ပုရောဟိတ်​တို့​ကို အာမုတ်​၏​သား​ပရောဖက်​ဟေရှာယ​ထံသို့ စေလွှတ်​၏​။ သူ​တို့​က ဟေရှာယ​အား “​ဟေဇကိ​မင်းကြီး​က ‘ယနေ့​သည် ဆင်းရဲဒုက္ခ​ရောက်​သော​နေ့​၊ ဆုံးမ​ခြင်း​ခံရ​သော​နေ့​၊ အရှက်ကွဲ​ရ​သော​နေ့ ဖြစ်​၏​။ သားဖွားချိန်​ရောက်​သော်လည်း သားဖွား​ရန်​ခွန်အား​မ​ရှိ​။ ရာဗရှာခ​၏​သခင်​အဆီးရီးယား​ဘုရင်​သည် ရာဗရှာခ​ကို​စေလွှတ်​၍ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​ကို ကဲ့ရဲ့ပြစ်တင်​စေ​၏​။ ထို​စကား​အလုံးစုံ​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကြား​တော်မူ​၍ ကြား​တော်မူ​သော​စကား​အတွက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ့​ကို​ဆုံးမ​ကောင်း​ဆုံးမ​တော်မူ​လိမ့်မည်​။ ထို့ကြောင့် အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​အတွက် ဆုတောင်းပတ္ထနာ​ပြု​ပါ’​ဟူ၍ မိန့်မှာ​သည်”​ဟု ပြောကြား​၏​။ ဟေဇကိ​မင်းကြီး​၏​မင်းမှုထမ်း​တို့​သည် ဟေရှာယ​ထံသို့​ရောက်လာ​လျှင် ဟေရှာယ​က သူ​တို့​အား “​သင်​တို့​သခင်​ကို ဤသို့​လျှောက်ထား​ကြ​လော့​။ ထာဝရဘုရား​က ‘​ငါ့​အား အဆီးရီးယား​ဘုရင်​၏​ငယ်သား​တို့ စော်ကားပြောဆို​သည့်​စကား​ကို သင်​ကြား​ရ​သည့်​အတွက် မ​ကြောက်​နှင့်​။ ကြည့်ရှု​လော့​။ ငါ​သည် သူ​၌​အခြား​သော​စိတ်သဘော​ကို​သွင်းပေး​မည်​။ သူ​သည် သတင်း​တစ်​ခု​ကြား​၍ မိမိ​ပြည်​သို့ ပြန်သွား​လိမ့်မည်​။ ထို့နောက် သူ့​ပြည်​၌ သူ့​ကို ဓား​ဖြင့်​ကျဆုံး​စေ​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​၏​။ အဆီးရီးယား​ဘုရင်​သည် လာခိရှ​မြို့​မှ​ထွက်သွား​ကြောင်း ရာဗရှာခ​ကြား​သဖြင့် ပြန်သွား​ရာ ရှင်ဘုရင်​သည် လိဗန​မြို့​အား​တိုက်ခိုက်​နေ​သည်​ကို တွေ့​ရ​၏​။ “​အီသီယိုးပီးယား​ဘုရင်​တိရက္က​မင်းကြီး​သည် သင့်​ကို​တိုက်ခိုက်​ရန်​စစ်ချီ​လာ​ပြီ​”​ဟူသော သတင်း​ကို အဆီးရီးယား​ဘုရင် ကြား​ရ​၏​။ သို့သော် ဟေဇကိ​မင်းကြီး​ထံသို့ စေတမန်​တို့​ကို တစ်ဖန်​စေလွှတ်​၍ “​သင်​တို့​သည် ယုဒ​ဘုရင် ဟေဇကိ​မင်းကြီး​အား ‘သင်​ယုံကြည်ကိုးစား​သော​သင်​၏​ဘုရားသခင်​က ဂျေရုဆလင်​မြို့​သည် အဆီးရီးယား​ဘုရင်​၏​လက်​သို့ ရောက်​မည်​မ​ဟုတ်’​ဟု သင့်​အား လှည့်စား​မိန့်ဆို​သည်​ကို သင်​မ​ခံ​နှင့်​။ ကြည့်ရှု​လော့​။ အဆီးရီးယား​ဘုရင်​တို့​သည် တိုင်းပြည်​အားလုံး အကုန်အစင်​ပျက်စီး​သွား​အောင် မည်သို့​ပြု​ခဲ့​သည်​ကို သင်​ကြား​ရ​ပြီ​။ သင်​လည်း လွတ်မြောက်​မည်​ဟု​မ​ထင်​နှင့်​။ ငါ့​ဘိုးဘေး​တို့​ဖျက်ဆီး​ခဲ့​သော​လူမျိုး​များ​ဖြစ်​သည့် ဂေါဇန်​လူမျိုး​၊ ဟာရန်​လူမျိုး​၊ ရေဇပ်​လူမျိုး​နှင့် တေလသာ​မြို့​ရှိ ဧဒင်​လူမျိုး​တို့​၏​ဘုရား​များ​သည် ကယ်​ခဲ့​ဖူး​သလော​။ ဟာမတ်​ဘုရင်​၊ အာပဒ်​ဘုရင်​တို့​အဘယ်မှာ​ရှိ​တော့​သနည်း​။ သေဖရဝိမ်​မြို့​၊ ဟေန​မြို့​၊ ဣဝါ​မြို့​တို့​၏​ဘုရင်​တို့​သည်​လည်း အဘယ်မှာ​ရှိ​တော့​သနည်း”​ဟု ပြောကြား​စေ​၏​။ ဟေဇကိ​မင်းကြီး​သည် စေတမန်​တို့​လက်​မှ စာ​ကို​ယူ​ဖတ်​ပြီးလျှင် ထာဝရဘုရား​၏​အိမ်​တော်​သို့​သွား​၍ ထာဝရဘုရား​ရှေ့​တော်​၌ ထို​စာ​ကို​ဖြန့်​လေ​၏​။ ထို့နောက် ထာဝရဘုရား​ရှေ့​တော်​တွင် ဟေဇကိ​မင်းကြီး​က “​ခေရုဗိမ်​တို့​အထက်​၌ စံပယ်​တော်မူ​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး​တို့​တွင် ကိုယ်တော်​တစ်ပါးတည်း​သာ ဘုရားသခင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​၏​။ အို ထာဝရဘုရား​၊ နား​တော်​ကို​လှည့်​၍ နားထောင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ မျက်စိ​တော်​ကို​ဖွင့်​၍ ကြည့်ရှု​တော်မူ​ပါ​။ စေတမန်​ကို​စေလွှတ်​၍ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​အား ကဲ့ရဲ့ပြစ်တင်​စေ​သော​သနာခရိပ်​မင်းကြီး​၏​စကား​အလုံးစုံ​တို့​ကို နားထောင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အကယ်စင်စစ် အဆီးရီးယား​ဘုရင်​တို့​သည် လူမျိုး​အပေါင်း​တို့​နှင့် သူ​တို့​၏​ပြည်​တို့​ကို ဖျက်ဆီး​ပါ​ပြီ​။ သူ​တို့​၏​ဘုရား​များ​ကို​လည်း မီး​ထဲသို့​လွှင့်ပစ်​ကြ​ပြီ​။ ထို​ဘုရား​တို့​သည် ဘုရား​မ​ဟုတ်​၊ လူ့​လက်​ဖြင့်​လုပ်​သော သစ်သား​နှင့် ကျောက်​များ​သာ​ဖြစ်​ပါ​၏​။ ထို့ကြောင့် ထို​ဘုရား​တို့​ကို​လည်း ဖျက်ဆီး​ပစ်​ကြ​ပြီ​။ အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​တစ်ပါးတည်း​သာ ထာဝရဘုရား​ဖြစ်​တော်မူ​ကြောင်း​ကို မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး သိမြင်​စေရန် အကျွန်ုပ်​တို့​ကို ထို​ဘုရင်​၏​လက်​မှ ယခု​ကယ်နုတ်​တော်မူ​ပါ​”​ဟု ဆုတောင်း​လေ​၏​။ အာမုတ်​၏​သား​ဟေရှာယ​သည်​လည်း ဟေဇကိ​မင်းကြီး​ထံသို့​လူ​လွှတ်​၍ “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​သင်​သည် အဆီးရီးယား​ဘုရင်​သနာခရိပ်​မင်းကြီး​နှင့်​ပတ်သက်၍ ငါ့​ထံ​ဆုတောင်း​သော​အရာ​ကို ငါ​ကြား​ရ​ပြီ’​ဟု မိန့်​တော်မူ​၏​။ ထို​ဘုရင်​ကို​ရည်ညွှန်း​၍ ထာဝရဘုရား​က ‘​ဇိအုန်​သမီးပျို​သည် သင့်​ကို​မထီမဲ့မြင်ပြု​လေ​ပြီ​။ သင့်​ကို​ပြက်ရယ်ပြု​လေ​ပြီ​။ ဂျေရုဆလင်​သမီးပျို​သည် သင့်​နောက်မှ​နေ​၍ ခေါင်းခါယမ်း​လေ​ပြီ​။ သင်​မည်သူ့​ကို ကဲ့ရဲ့ပြစ်တင်​နေ​သနည်း​၊ မည်သူ့​ကို စော်ကားပြောဆို​နေ​သနည်း​၊ မည်သူ့​ကို အော်ဟစ်​နေ​သနည်း​၊ မည်သူ့​ကို မောက်မောက်မာမာ​ကြည့်​နေ​သနည်း​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို​ပင် မ​ဟုတ်​လော​။ သင်​သည် တမန်​များ​ကို​စေလွှတ်​၍ ဘုရားရှင်​ကို​စော်ကားပြောဆို​စေ​ခဲ့​၏​။ သင်​က ငါ​၏​စစ်ရထား​များစွာ​ဖြင့် လက်ဘနွန်​တောင်​ထိပ်​အစွန်အဖျား​သို့ ငါ​တက်​ခဲ့​ပြီ​။ ထို​တောင်​ပေါ်ရှိ မြင့်မား​သော​သစ်ကတိုးပင်​၊ အကောင်းဆုံး​ထင်းရှူးပင်​တို့​ကို ငါ​ခုတ်လှဲ​ခဲ့​ပြီ​။ တောနက်ကြီး​၏​အစွန်အဖျား​သို့​လည်း ငါ​ရောက်​ခဲ့​ပြီ​။ ငါ​သည် တိုင်းတစ်ပါး​တို့​တွင် တွင်းတူး​၍ ရေ​ကို​သောက်​ခဲ့​ပြီ​။ ငါ​၏​ခြေဖဝါး​ဖြင့် အီဂျစ်​ပြည်​၏​မြစ်ချောင်း​ရှိသမျှ​ကို ခန်းခြောက်​စေ​ခဲ့​ပြီ​ဟု ဆို​၏​။ ဤ​အမှု​ကို ရှေးယခင်​ကပင် ငါ​ချမှတ်​ခဲ့​ကြောင်း သင်​မ​ကြား​ဖူး​သလော​။ သင်​သည် ခိုင်ခံ့​သော​မြို့​တို့​ကို အပျက်အစီး​ကျောက်ပုံ​ဖြစ်​စေ​မည့်​အကြောင်း ရှေးကာလ​ကပင် ငါ​စီမံ​ထား​ခဲ့​သည့်​အတိုင်း ယခု ငါ​ဖြစ်​စေ​ပြီ​။ ထို​မြို့သား​တို့ အားလျော့​စိတ်ပျက်​ကြ​ပြီ​။ ရှက်ကြောက်​ကြ​ပြီ​။ သူ​တို့​သည် မ​ကြီး​မီ​ညှိုးနွမ်း​သွား​သော​တော​မြက်ပင်​ကဲ့သို့​၊ မြက်နုစိမ်း​ကဲ့သို့​၊ ခေါင်မိုး​ပေါ်မှ​မြက်ပင် ကဲ့သို့​ဖြစ်​ကြ​ပြီ​။ သင်​၏​နေထိုင်​သွား​လာ​ခြင်း​၊ ငါ့​အား အမျက်ထွက်​ခြင်း​တို့​ကို ငါ​သိ​၏​။ သင်​သည် ငါ့​ကို​အမျက်ထွက်​ပြီး စော်ကားပြောဆို​သော​စကား​ကို ငါ​ကြား​ရ​သောကြောင့် ငါ​သည် သင့်​ကို နဖားကြိုး​တပ်​မည်​၊ ဇက်ခွံ့​မည်​။ သင်​လာ​သော​လမ်း​ဖြင့် သင့်​ကို​ပြန်​စေ​မည်​။ သင့်​အတွက် နိမိတ်လက္ခဏာ​ကား ဤသို့​ဖြစ်​၏​။ ယခု​နှစ်​တွင် အလေ့ကျ​ပေါက်​သော​သီးနှံ​များ​ကို စား​ရ​မည်​။ ဒုတိယ​နှစ်​တွင် ထို​သီးနှံ​တို့​မှ​ပြန်ပေါက်​သော​သီးနှံ​များ​ကို စား​ရ​မည်​။ တတိယ​နှစ်​တွင်​မူ မျိုးကြဲ​ကြ​လော့​၊ ရိတ်သိမ်း​ကြ​လော့​၊ စပျစ်ပင်​ကို​စိုက်​ကြ​လော့​၊ စပျစ်သီး​ကို​စား​ကြ​လော့​။ အသက်ဘေး​မှ​လွတ်မြောက်​၍ ကြွင်းကျန်​သော​ယုဒ​အမျိုးအနွယ်​သည် အောက်​ဘက်​တွင် ပြန်​၍​အမြစ်​စွဲ​မည်​။ အပေါ်​ဘက်​တွင် ပြန်​၍​အသီး​သီး​မည်​။ ကြွင်းကျန်​သော​သူ​တို့​သည် ဂျေရုဆလင်​မြို့​မှ​လည်းကောင်း​၊ လွတ်မြောက်​သော​သူ​တို့​သည် ဇိအုန်​တောင်​ပေါ်မှ​လည်းကောင်း ထွက်ပေါ်​လာ​ကြ​လိမ့်မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စိတ်အားထက်သန်​စွာ​ဖြင့် ဤ​အမှု​ကို​ပြု​တော်မူ​မည်’​ဟု မိန့်ဆို​ပြီ​။ ထို့ကြောင့် ထာဝရဘုရား​သည် အဆီးရီးယား​ဘုရင်​ကို ရည်ညွှန်း​၍ ‘​သူ​သည် ဤ​မြို့​သို့​ဝင်​ရ​မည်​မ​ဟုတ်​။ ဤ​အရပ်​၌ မြား​ကို​ပစ်​ရ​မည်​မ​ဟုတ်​။ ဤ​မြို့​ရှေ့​သို့ ဒိုင်းလွှား​ဖြင့် ချဉ်းကပ်​ရ​မည်​မ​ဟုတ်​။ မြေကတုတ်​လည်း ဆောက်​ရ​မည်​မ​ဟုတ်​’​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က ‘​သူ​သည် လာ​သော​လမ်း​ဖြင့် ပြန်သွား​ရ​မည်​။ ဤ​မြို့​ထဲသို့ ဝင်​ရ​မည်​မ​ဟုတ်​။ အကြောင်းမူကား ငါ​သည် ငါ့​အတွက်​၊ ငါ့​အစေအပါး​ဒါဝိဒ်​မင်းကြီး​အတွက် ဤ​မြို့​ကို ကာကွယ်​မည်​၊ ကယ်တင်​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​စေ​၏​။ ထို​ည​မှာပင် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ထွက်လာ​၍ အဆီးရီးယား​တပ်စခန်း​ထဲတွင် စစ်သည်​တစ်သိန်း​ရှစ်သောင်း​ငါး​ထောင်​ကို သတ်​လေ​၏​။ နံနက်​စောစောထ​ကြ​သောအခါ အလောင်းကောင်​များ​ကို​သာ တွေ့​ရ​၏​။ ထိုအခါ အဆီးရီးယား​ဘုရင် သနာခရိပ်​မင်းကြီး​သည် တပ်ဆုတ်​၍ လှည့်ပြန်​သွား​ပြီး နိနေဝေ​မြို့​၌ စံမြန်း​လေ​၏​။ သူ​သည် မိမိ​ဘုရား နိသရုတ်​ဝတ်ကျောင်း​၌ ရှိခိုးကိုးကွယ်​နေစဉ် သား​တော်​အာဒြမ္မေလက်​နှင့်​ရှရေဇာ​တို့​သည် သူ့​ကို ဓား​ဖြင့်​ကွပ်မျက်​ပြီးလျှင် အာရရတ်​ပြည်​သို့ ထွက်ပြေး​သွား​ကြ​၏​။ သူ​၏​သား​တော်​ဧသရဟဒ္ဒုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။