YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်စတုတ္ထစောင် 14

14
ယုဒဘုရင်အာမဇိမင်းကြီး
1ယောခတ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ယောရှ#14:1 သို့မဟုတ် “ယဟောရှ”။​မင်းကြီး နန်းစံ​နှစ်​နှစ်​တွင် ယုဒ​ဘုရင်​ယောရှ​မင်းကြီး​၏​သား​တော်​အာမဇိ နန်းတက်​၏​။ 2အာမဇိ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် နှစ်ဆယ့်​ကိုး​နှစ် စိုးစံ​၏​။ မယ်တော်​ကား ဂျေရုဆလင်​မြို့သူ ယုဒ္ဒန်​အမည်​ရှိ​၏​။ 3သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မတ်​စွာ​ပြုကျင့်​သော်လည်း ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​ကဲ့သို့​မ​ဟုတ်​၊ ခမည်းတော်​ယောရှ​မင်းကြီး​ပြုကျင့်​သမျှ​အတိုင်း ပြုကျင့်​၏​။ 4အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို မ​ဖယ်ရှား​သောကြောင့် လူ​တို့​သည် ထို​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​၌ ဆက်လက်​၍ ယဇ်ပူဇော်​လျက်​၊ နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​လျက် ရှိ​ကြ​၏​။
5သူ​သည် မိမိ​လက်ထက် နိုင်ငံ​တော်​တည်မြဲ​လာ​သည့်​အခါ ရှင်ဘုရင်​ဖြစ်​သော​မိမိ​ခမည်းတော်​ကို လုပ်ကြံ​ခဲ့​သော မင်းမှုထမ်း​တို့​အား ကွပ်မျက်​ပစ်​လိုက်​လေ​၏​။ 6သို့သော် သူ​သည် “​သားသမီး​ကြောင့် ဖခင်​ကို မ​သတ်​ရ​။ ဖခင်​ကြောင့် သားသမီး​ကို မ​သတ်​ရ​။ လူ​တိုင်း ကိုယ့်​အပြစ်​နှင့်​ကိုယ်​သာ အသတ်ခံရ​မည်​”​ဟု မောရှေ​ပညတ္တိ​ကျမ်း​တွင်​ရေးသား​ထား​သော ထာဝရဘုရား​၏​ပညတ်ချက်​အတိုင်း ခမည်းတော်​အား​လုပ်ကြံ​သော​သူ​တို့​၏​သားသမီး​များ​ကို​မူ မ​ကွပ်မျက်​ခဲ့​ပေ​။
7အာမဇိ​မင်းကြီး​သည် ဧဒုံ​စစ်သည်​အယောက်​တစ်သောင်း​ကို ဆား​ချိုင့်ဝှမ်း​တွင် တိုက်ခိုက်သတ်ဖြတ်​ပြီး ထို​စစ်ပွဲ​တွင် သေလ​မြို့​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။ ထို​မြို့​၏​အမည်​ကို ယောကသေလ​မြို့​ဟု ယနေ့​တိုင် ခေါ်ဆို​လျက်​ရှိ​၏​။ 8ထို့နောက် အာမဇိ​မင်းကြီး​သည် ယေဟု​မင်းကြီး​၏​မြေး​တော်​၊ ယောခတ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင် ယဟောရှ​မင်းကြီး​ထံသို့ တမန်​ကို​စေလွှတ်​၍ “​လာ​ပါ​။ ငါ​တို့ ရင်ဆိုင်တိုက်ခိုက်​ကြ​စို့​”​ဟု ပြောကြား​စေ​၏​။
9သို့သော် အစ္စရေး​ဘုရင်​ယဟောရှ​မင်းကြီး​သည် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​အား “​လက်ဘနွန်​တော​ရှိ​ဆူးပင်​က ထို​လက်ဘနွန်​တော​ရှိ​သစ်ကတိုးပင်​ထံ လူ​လွှတ်​၍ ‘​သင့်​သမီး​ကို ငါ့​သား​နှင့် စုံဖက်​စေ​ပါ​’​ဟု မှာလိုက်​၏​။ သို့သော် လက်ဘနွန်​တော​ရှိ​တောရိုင်းတိရစ္ဆာန်​တစ်​ကောင် ဖြတ်လာ​ပြီး ဆူးပင်​ကို နင်းချေ​သွား​၏​။ 10သင်​သည် ဧဒုံ​ပြည်​ကို တိုက်ခိုက်ချေမှုန်း​နိုင်​ခဲ့​သဖြင့် ဘဝင်မြင့်​လှ​၏​။ နန်းတော်​တွင်​သာ ကိုယ့်ကိုယ်ကိုယ်​ဂုဏ်ယူ​နေ​ပါ​လော့​။ အဘယ်ကြောင့် ပြဿနာ​ရှာ​ပြီး ယုဒ​ပြည်​ကို သင်​နှင့်အတူ ကျရှုံး​စေ​လို​သနည်း​”​ဟု ပြန်လည်​ပြောကြား​လိုက်​၏​။
11သို့သော် အာမဇိ​မင်းကြီး​သည် နား​မ​ထောင်​ပေ​။ ထိုအခါ အစ္စရေး​ဘုရင်​ယဟောရှ​မင်းကြီး​စစ်ချီလာ​ပြီး ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​ကို ယုဒ​ပြည်​၊ ဗက်ရှေမက်​မြို့​တွင် ရင်ဆိုင်တိုက်ခိုက်​လေ​၏​။ 12ယုဒ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ရှုံးနိမ့်​သဖြင့် ကိုယ့်​တဲ​များ​သို့ အသီးသီး​ပြန်ပြေး​ကြ​ကုန်​၏​။ 13ထိုအခါ အစ္စရေး​ဘုရင်​ယဟောရှ​မင်းကြီး​သည် အာခဇိ​မင်းကြီး​၏​မြေး​၊ ယဟောရှ#14:13 “ယောရှ” (၆ရာ 25:23)။​မင်းကြီး​၏​သား ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​ကို ဗက်ရှေမက်​မြို့​တွင် ဖမ်းမိ​၏​။ ထို့နောက် ဂျေရုဆလင်​မြို့​သို့​သွား​ပြီးလျှင် ဂျေရုဆလင်​မြို့ရိုး​ကို ဧဖရိမ်​တံခါး​မှ​ထောင့်​တံခါး​တိုင်အောင် အတောင်​လေး​ရာ#14:13 “7200 လက်မ သို့မဟုတ် 18000 စင်တီမီတာ”။​ဖြိုချ​ပစ်​ပြီး 14ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဘုရင့်​နန်းတော်​ဘဏ္ဍာတိုက်​၌ တွေ့​သမျှ​သော ရွှေ​ငွေ​အားလုံး​၊ အသုံးအဆောင်​အားလုံး​ကို သိမ်းယူ​၍ ဓားစာခံ​များ​ကို​လည်း ဖမ်းဆီး​ပြီး ရှမာရိ​မြို့​သို့ ပြန်သွား​လေ​၏​။
ယဟောရှမင်းကြီးအနိစ္စရောက်ခြင်း
15ကျန်ရှိ​နေ​သော ယဟောရှ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​များ​၊ သူ​၏​ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ​၊ ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​နှင့် စစ်တိုက်​ခဲ့​ပုံ စသည်​တို့​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#14:15 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။ 16ယဟောရှ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို အစ္စရေး​ဘုရင်​တို့​နှင့်အတူ ရှမာရိ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယေရောဗောင်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။
အာမဇိမင်းကြီးအနိစ္စရောက်ခြင်း
17ယောရှ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​သည် ယောခတ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ယဟောရှ​မင်းကြီး အနိစ္စရောက်​ပြီးနောက် တစ်ဆယ့်​ငါး​နှစ်​အသက်ရှင်​သေး​၏​။ 18ကျန်ရှိ​နေ​သော အာမဇိ​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​ကို ယုဒ​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#14:18 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။ 19ဂျေရုဆလင်​မြို့​တွင် အာမဇိ​မင်းကြီး​ကို လုပ်ကြံ​ရန် လျှို့ဝှက်ကြံစည်​ကြ​သဖြင့် သူ​သည် လာခိရှ​မြို့​သို့ ထွက်ပြေး​သွား​၏​။ သို့သော် လာခိရှ​မြို့​အထိ​လူ​ကို​စေလွှတ်​၍ ထို​အရပ်​၌ သူ့​ကို​ကွပ်မျက်​ကြ​၏​။ 20သူ့​အလောင်း​ကို မြင်း​ဖြင့် ဂျေရုဆလင်​မြို့​သို့​ပြန်​သယ်လာ​ပြီး ဘိုးဘေး​တို့​နှင့်အတူ ဒါဝိဒ်​၏​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏​။
21ထို့နောက် ယုဒ​လူမျိုး​အပေါင်း​တို့​သည် သက်တော်​တစ်ဆယ့်​ခြောက်​နှစ်​သာ​ရှိ​သေး​သော အာဇရိ#14:21 “သြဇိ” (၆ရာ 26:1)။​ကို မင်းမြှောက်​၍ ခမည်းတော်​အာမဇိ​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။ 22ခမည်းတော်​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​ပြီးနောက် အာဇရိ​မင်းကြီး​သည် ဧလတ်​မြို့​ကို ပြန်လည်​တည်ဆောက်​ပြီး ယုဒ​ပြည်​အပိုင်​ဖြစ်​စေ​၏​။
အစ္စရေးဘုရင်ယေရောဗောင်မင်းကြီး
23ယောရှ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး နန်းစံ​တစ်ဆယ့်​ငါး​နှစ်​တွင် အစ္စရေး​ဘုရင်​ယောရှ#14:23 သို့မဟုတ် “ယဟောရှ”။​မင်းကြီး​၏​သား​တော်​ယေရောဗောင် နန်းတက်​ပြီး ရှမာရိ​မြို့​တွင်​လေးဆယ့်​တစ်​နှစ် စိုးစံ​၏​။ 24သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။ အစ္စရေး​လူမျိုး​ကို​လမ်းမှား​စေ​သည့် နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး ပြု​ခဲ့​သည့်​အပြစ်​များ​ကို မ​လွှဲ​မ​ရှောင်​ခဲ့​ပေ​။
25အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ဂိတ္တဟေဖာ​မြို့​နေ အမိတ္တဲ​၏​သား မိမိ​အစေအပါး​ပရောဖက်​ယောန​အားဖြင့် မိန့်မှာ​တော်မူ​ခဲ့​သည့်​စကား​အတိုင်း ယေရောဗောင်​မင်းကြီး​သည် လီဘိုဟာမတ်​မြို့​မှ အရာဗ​ပင်လယ်​တိုင်အောင် အစ္စရေး​နယ်နိမိတ်​တစ်လျှောက်​ကို ပြန်လည်​သိမ်းယူ​ခဲ့​၏​။ 26ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့ အလွန်​ခါးသီး​စွာ​ခံစား​နေ​ရ​သည်​ကို သိမြင်​တော်မူ​၏​။ အစ္စရေး​လူမျိုး​တို့​တွင် ကျွန်ပြု​ခံရ​သူ​နှင့် ကျွန်ပြု​မ​ခံရ​သူ​ကို​ပါ ကူညီ​မည့်​သူ တစ်ယောက်​မျှ​မ​ရှိ​။ 27ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​၏​အမည်​ကို ကောင်းကင်​အောက်​တွင် ပယ်ဖျက်​ပစ်​မည်​ဟု မိန့်​တော်မူ​ခြင်း​မ​ရှိ​သောကြောင့် ယောရှ#14:27 သို့မဟုတ် “ယဟောရှ”။​မင်းကြီး​၏​သား​တော် ယေရောဗောင်​လက်​ဖြင့် သူ​တို့​ကို ကယ်တင်​တော်မူ​၏​။
28ကျန်ရှိ​နေ​သော ယေရောဗောင်​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​၊ သူ​၏​ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ​၊ ယုဒ​ပြည်​အပိုင် ဒမတ်စကပ်​မြို့​နှင့် ဟာမတ်​မြို့​တို့​ကို အစ္စရေး​လူမျိုး​အဖို့ ပြန်လည်​တိုက်ခိုက်သိမ်းယူ​ပေး​ခဲ့​ပုံ စသည်​တို့​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#14:28 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။ 29ယေရောဗောင်​မင်းကြီး​သည် မိမိ​၏​ဘိုးဘေး​အစ္စရေး​ဘုရင်​များ​နှင့်အတူ အိပ်ပျော်​ပြီးနောက် သူ​၏​သား​တော်​ဇာခရိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်စတုတ္ထစောင် 14: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ