YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာဒုတိယစောင် 8:1-15

ကောရိန္သုဩဝါဒစာဒုတိယစောင် 8:1-15 MSBU

ညီအစ်ကို​တို့၊ မာကေဒေါနိ​ပြည်​ရှိ​အသင်းတော်​များ​အား ဘုရားသခင်​ပေး​တော်မူ​သော ကျေးဇူး​တော်​အကြောင်း​ကို သင်​တို့​အား ငါ​တို့​ပြောပြ​လို​ပါ​၏။ သူ​တို့​သည် ဆင်းရဲ​ဒုက္ခ​ကြောင့် ပြင်းထန်​သော​စမ်းသပ်​ခြင်း​ကို​ခံခဲ့​ရ​သော်လည်း သူ​တို့​၏​ကြီးစွာ​သော​ဝမ်းမြောက်​ခြင်း​နှင့် အလွန်​ဆင်းရဲ​တွင်း​နက်​ခြင်း​တို့​သည် သူ​တို့​၏​ရက်ရော​စွာ​ပေးကမ်း​ခြင်း​တည်းဟူသော စည်းစိမ်​အဖြစ်​သို့ ရောက်​လေ​၏။ ငါ​သက်သေခံ​သည်​ကား သူ​တို့​သည် မိမိ​တို့​စိတ်​ဆန္ဒ​အလျောက် တတ်နိုင်​သည့်​အတိုင်း​သာမက တတ်နိုင်​သည်​ထက် ပို၍​ပေးကမ်း​လျက် သန့်ရှင်း​သူ​တို့​အား ဝေမျှ​ခြင်း​အမှု​၌ ပါဝင်​ရ​သော​ကျေးဇူး​တော်​ကို​ခံစား​ရ​ရန် ငါ​တို့​ကို အနူးအညွတ်​မေတ္တာရပ်ခံ​၍ တောင်းပန်​ကြ​၏။ သူ​တို့​သည် ငါ​တို့​မျှော်လင့်​ထား​သည့်​အတိုင်း​ထက်​မက​ပြု​လျက် ဘုရားသခင်​၏​အလို​တော်​နှင့်အညီ မိမိတို့ကိုယ်ကို သခင်​ဘုရား​ထံ​တော်​သို့ ဦးစွာ​ဆက်ကပ်​ပြီးနောက် ငါ​တို့​ထံသို့​လည်း ဆက်ကပ်​ကြ​၏။ ထို့ကြောင့် တိတု​သည် ထို​ကျေးဇူးပြု​ခြင်း​အမှု​ကို သင်​တို့​တွင်​အစပြု​ခဲ့​သကဲ့သို့ ပြီးပြည့်စုံ​သည့်​တိုင်အောင်​ပြု​မည့်​အကြောင်း သူ့​ကို ငါ​တို့​တိုက်တွန်း​ကြ​၏။ သင်​တို့​သည် ယုံကြည်​ခြင်း​၌​ဖြစ်စေ၊ ဟောပြော​ခြင်း​၌​ဖြစ်စေ၊ အသိပညာ​၌​ဖြစ်စေ၊ လုံ့လ​ဝီရိယ​ရှိသမျှ​၌​ဖြစ်စေ၊ ငါ​တို့​အပေါ်​ထား​ရှိ​သော သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​၌​ဖြစ်စေ အရာရာ​၌ ကြွယ်ဝ​ပြည့်စုံ​ကြ​သည့်​နည်းတူ ဤ​ကျေးဇူးပြု​ခြင်း​အမှု​၌​လည်း ကြွယ်ဝ​ပြည့်စုံ​ကြ​ပါ​စေ။ ထိုသို့ဆိုသော် ပညတ်ချက်​အနေဖြင့် ငါ​ဆို​သည်​မ​ဟုတ်။ အခြား​သူ​တို့​၏​စိတ်အား​ထက်သန်​မှု​အားဖြင့် သင်​တို့​ချစ်​ခြင်း​မေတ္တာ​၏​စစ်မှန်​မှု​ကို စစ်ဆေး​နေ​ခြင်း​သာ​ဖြစ်​၏။ အကြောင်းမူကား သင်​တို့​သည် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​ကို​သိ​ကြ​၏။ ကိုယ်တော်​သည် ကြွယ်ဝ​သော်လည်း သူ​၏​ဆင်းရဲ​ခြင်း​အားဖြင့် သင်​တို့​ကြွယ်ဝ​ကြ​မည့်​အကြောင်း သင်​တို့​အတွက် ဆင်းရဲ​ခြင်း​ကို​ခံ​တော်မူ​၏။ ဤ​ကျေးဇူးပြု​ခြင်း​အမှု​နှင့်​ပတ်သက်၍ အကြံ​တစ်​ခု​ကို ငါ​ပေး​မည်။ ဤ​အကြံ​ကား လွန်ခဲ့​သော​နှစ်​ကတည်းက ဤ​အမှု​ကို အစပြု​ခဲ့​သည်​သာမက ပြုလုပ်​ရန်​လည်း ဆန္ဒ​ရှိ​ကြ​သော​သင်​တို့​အတွက် အကျိုး​ရှိ​၏။ သင်​တို့​သည် ဆောင်ရွက်​လို​သည့်​စေတနာ​စိတ်​ရှိ​သည့်​အတိုင်း ရှိ​သည့်​အရာ​ဖြင့် ပြီးစီး​အောင်​ဆောင်ရွက်​နိုင်​ရန် ယခု ထို​အမှု​ကို​ပြီးစီး​အောင် ဆောင်ရွက်​ကြ​လော့။ အကြောင်းမူကား စေတနာ​စိတ်​ရှိ​လျှင် မ​ရှိ​သည့်​အရာ​ကို​မ​ထောက်​ဘဲ ရှိ​သည့်​အရာ​ကို​ထောက်​၍ နှစ်သက်​လက်ခံ​တော်မူ​၏။ ဤ​အမှုအရာ​အားဖြင့် အခြား​သူ​တို့​ကို​သက်သာ​စေ​၍ သင်​တို့​ကို​ဒုက္ခ​ရောက်​စေရန်​မ​ဟုတ်။ ညီတူညီမျှ​ဖြစ်​စေရန်​သာ​ဖြစ်​၏။ ယခု​အချိန်​တွင် သင်​တို့​၏​ကြွယ်ဝ​မှု​သည် သူ​တို့​၏​လိုအပ်​မှု​ကို ဖြည့်ဆည်း​ပေး​လျှင် သူ​တို့​၏​ကြွယ်ဝ​မှု​သည်​လည်း သင်​တို့​၏​လိုအပ်​မှု​ကို ဖြည့်ဆည်း​ပေး​ကြ​လိမ့်မည်။ ထိုအခါ “များများ​ရ​သော​သူ​လည်း​မ​ပို နည်းနည်း​ရ​သော​သူ​လည်း​မ​လို”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း ညီတူညီမျှ​ဖြစ်​လိမ့်မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။