YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 20:5-13

ရာဇဝင်ချုပ်ဒုတိယစောင် 20:5-13 MSBU

ထိုအခါ ယောရှဖတ်​မင်းကြီး​က ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား လူအစုအဝေး​တို့​ရှေ့​၊ ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အသစ်​ရှေ့​တွင် ရပ်​လျက် “​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကောင်းကင်ဘုံ​တွင်​စံမြန်း​၍ လူမျိုးတကာ​တို့​နေထိုင်​ရာ​တိုင်းနိုင်ငံ​အလုံးစုံ​ကို အုပ်စိုး​ပိုင်သ​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​၏​လက်​တော်​၌ အစွမ်းသတ္တိ​တန်ခိုး ရှိ​တော်မူ​သည်​ဖြစ်​၍ ကိုယ်တော်​နှင့်​ဆန့်ကျင်​လျှင် မည်သူ​မျှ​မ​ခံ​မ​ရပ်​နိုင်​ပါ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ဤ​ပြည်​၌​နေထိုင်​သော​လူမျိုး​တို့​ကို ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​ရှေ့​မှ​နှင်ထုတ်​တော်မူ​၍ ကိုယ်တော်​၏​မိတ်ဆွေ​ဖြစ်​တော်မူ​သော​အာဗြဟံ​၏​သားစဉ်မြေးဆက်​ကို ထာဝရ​နေထိုင်​စေ​တော်မူ​သည်​မ​ဟုတ်​လော​။ သူ​တို့​သည် ထို​ပြည်​တွင်​နေထိုင်​၍ ကိုယ်တော်​၏​နာမ​တော်​အဖို့ သန့်ရှင်းရာဌာန​တော်​ကို တည်​ကြ​ပါ​၏​။ သူ​တို့​က ‘အကျွန်ုပ်​တို့​သည် ဓားဘေး​၊ အပြစ်ဒဏ်​ဘေး​၊ ကပ်ရောဂါ​ဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး စသည့်​ဘေးအန္တရာယ်​တို့​နှင့် ကြုံ​ရ​လျှင် ဤ​အိမ်​တော်​၌​နာမ​တော်​တည်​သောကြောင့် ဤ​အိမ်​တော်​ရှေ့​၊ ကိုယ်တော့်​ရှေ့​တွင် ရပ်​လျက် အကျွန်ုပ်​တို့​ကြုံ​ရ​သော​ဆင်းရဲဒုက္ခ​အတွက် ကိုယ်တော့်​ထံ​အော်ဟစ်​သောအခါ ကိုယ်တော်​သည် နားညောင်း​၍ ကယ်မ​တော်မူ​မည်’​ဟု ဆို​ကြ​ပါ​၏​။ အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ခဲ့​စဉ်က ကိုယ်တော်​သည် အမ္မုန်​အမျိုးသား​၊ မောဘ​အမျိုးသား​၊ စိရ​တောင်ပေါ်သား​တို့​၏​နယ်မြေ​ကို အစ္စရေး​လူမျိုး​တို့​အား ကျူးကျော်​ခွင့်​မ​ပေး​။ ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​ပြည်​ကို မ​ဖျက်ဆီး​ဘဲ ရှောင်သွား​ခဲ့​ပါ​၏​။ သို့သော် ယခုမှာ ကြည့်ရှု​တော်မူ​ပါ​။ သူ​တို့​သည် အကျွန်ုပ်​တို့​အား ကျေးဇူးဆပ်​သော​အားဖြင့် ကိုယ်တော်​အမွေပေး​တော်မူ​သော​ပြည်​မှ အကျွန်ုပ်​တို့​ကို နှင်ထုတ်​ရန် လာ​နေ​ပါ​ပြီ​။ အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​သည် သူ​တို့​ကို စီရင်​တော်မူ​မည်​မ​ဟုတ်​လော​။ အကျွန်ုပ်​တို့​ကို တိုက်ခိုက်​လာ​သော​ဤ​စစ်တပ်ကြီး​ကို ရင်ဆိုင်​ဖို့ အကျွန်ုပ်​တို့​၌ အင်အား​မ​ရှိ​ပါ​။ အကျွန်ုပ်​တို့ မည်သို့​ပြု​ရ​မည်​ကို မ​သိ​သောကြောင့် ကိုယ်တော်​ကို​သာ မျှော်ကြည့်​နေ​ကြ​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။ ထိုစဉ် ယုဒ​ပြည်သား​အားလုံး​နှင့်တကွ သူ​တို့​၏​ကလေးငယ်​များ​၊ မယား​များ​၊ သားသမီး​များ​ပါ ထာဝရဘုရား​ရှေ့​တော်​တွင် ရပ်​လျက်​နေ​ကြ​၏​။