YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 20:1-30

ရာဇဝင်ချုပ်ဒုတိယစောင် 20:1-30 MSBU

ထို့နောက်တွင် မောဘ​အမျိုးသား​၊ အမ္မုန်​အမျိုးသား​တို့​နှင့်အတူ မဟုနိမ်​လူမျိုး​အချို့​တို့​သည် ယောရှဖတ်​မင်းကြီး​ကို တိုက်ခိုက်​ရန်​ချီလာ​ကြ​၏​။ လူ​တို့​သည်​လာ​၍ ယောရှဖတ်​မင်းကြီး​အား “​ပင်လယ်​တစ်ဖက်ကမ်း ဆီးရီးယား​ပြည်​မှ စစ်တပ်ကြီး​ချီလာ​ပြီး အင်္ဂေဒိ ခေါ် ဟာဇဇုန္တာမာ​မြို့​တွင် တပ်ချ​နေ​ပါ​သည်​”​ဟူသော​သတင်း​ကို ကြားပြော​လျှင် ယောရှဖတ်​မင်းကြီး​သည်​ကြောက်ရွံ့​၍ ထာဝရဘုရား​ကို​ရှာ​ရန် စိတ်ဆုံးဖြတ်​ပြီး ယုဒ​ပြည်​တစ်ပြည်လုံး​သို့ အစာရှောင်​ရန် ကြေညာ​၏​။ ယုဒ​လူမျိုး​တို့​သည် ထာဝရဘုရား​ကို​ရှာ​ရန် စုဝေး​လာ​ကြ​၏​။ ထာဝရဘုရား​ကို​ရှာ​ရန် ယုဒ​မြို့ရွာ​အားလုံး​မှ လူ​တို့​ရောက်လာ​ကြ​၏​။ ထိုအခါ ယောရှဖတ်​မင်းကြီး​က ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား လူအစုအဝေး​တို့​ရှေ့​၊ ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အသစ်​ရှေ့​တွင် ရပ်​လျက် “​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကောင်းကင်ဘုံ​တွင်​စံမြန်း​၍ လူမျိုးတကာ​တို့​နေထိုင်​ရာ​တိုင်းနိုင်ငံ​အလုံးစုံ​ကို အုပ်စိုး​ပိုင်သ​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​၏​လက်​တော်​၌ အစွမ်းသတ္တိ​တန်ခိုး ရှိ​တော်မူ​သည်​ဖြစ်​၍ ကိုယ်တော်​နှင့်​ဆန့်ကျင်​လျှင် မည်သူ​မျှ​မ​ခံ​မ​ရပ်​နိုင်​ပါ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ဤ​ပြည်​၌​နေထိုင်​သော​လူမျိုး​တို့​ကို ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​ရှေ့​မှ​နှင်ထုတ်​တော်မူ​၍ ကိုယ်တော်​၏​မိတ်ဆွေ​ဖြစ်​တော်မူ​သော​အာဗြဟံ​၏​သားစဉ်မြေးဆက်​ကို ထာဝရ​နေထိုင်​စေ​တော်မူ​သည်​မ​ဟုတ်​လော​။ သူ​တို့​သည် ထို​ပြည်​တွင်​နေထိုင်​၍ ကိုယ်တော်​၏​နာမ​တော်​အဖို့ သန့်ရှင်းရာဌာန​တော်​ကို တည်​ကြ​ပါ​၏​။ သူ​တို့​က ‘အကျွန်ုပ်​တို့​သည် ဓားဘေး​၊ အပြစ်ဒဏ်​ဘေး​၊ ကပ်ရောဂါ​ဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး စသည့်​ဘေးအန္တရာယ်​တို့​နှင့် ကြုံ​ရ​လျှင် ဤ​အိမ်​တော်​၌​နာမ​တော်​တည်​သောကြောင့် ဤ​အိမ်​တော်​ရှေ့​၊ ကိုယ်တော့်​ရှေ့​တွင် ရပ်​လျက် အကျွန်ုပ်​တို့​ကြုံ​ရ​သော​ဆင်းရဲဒုက္ခ​အတွက် ကိုယ်တော့်​ထံ​အော်ဟစ်​သောအခါ ကိုယ်တော်​သည် နားညောင်း​၍ ကယ်မ​တော်မူ​မည်’​ဟု ဆို​ကြ​ပါ​၏​။ အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ခဲ့​စဉ်က ကိုယ်တော်​သည် အမ္မုန်​အမျိုးသား​၊ မောဘ​အမျိုးသား​၊ စိရ​တောင်ပေါ်သား​တို့​၏​နယ်မြေ​ကို အစ္စရေး​လူမျိုး​တို့​အား ကျူးကျော်​ခွင့်​မ​ပေး​။ ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​ပြည်​ကို မ​ဖျက်ဆီး​ဘဲ ရှောင်သွား​ခဲ့​ပါ​၏​။ သို့သော် ယခုမှာ ကြည့်ရှု​တော်မူ​ပါ​။ သူ​တို့​သည် အကျွန်ုပ်​တို့​အား ကျေးဇူးဆပ်​သော​အားဖြင့် ကိုယ်တော်​အမွေပေး​တော်မူ​သော​ပြည်​မှ အကျွန်ုပ်​တို့​ကို နှင်ထုတ်​ရန် လာ​နေ​ပါ​ပြီ​။ အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​သည် သူ​တို့​ကို စီရင်​တော်မူ​မည်​မ​ဟုတ်​လော​။ အကျွန်ုပ်​တို့​ကို တိုက်ခိုက်​လာ​သော​ဤ​စစ်တပ်ကြီး​ကို ရင်ဆိုင်​ဖို့ အကျွန်ုပ်​တို့​၌ အင်အား​မ​ရှိ​ပါ​။ အကျွန်ုပ်​တို့ မည်သို့​ပြု​ရ​မည်​ကို မ​သိ​သောကြောင့် ကိုယ်တော်​ကို​သာ မျှော်ကြည့်​နေ​ကြ​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။ ထိုစဉ် ယုဒ​ပြည်သား​အားလုံး​နှင့်တကွ သူ​တို့​၏​ကလေးငယ်​များ​၊ မယား​များ​၊ သားသမီး​များ​ပါ ထာဝရဘုရား​ရှေ့​တော်​တွင် ရပ်​လျက်​နေ​ကြ​၏​။ ထိုအခါ လူထု​ထဲ​တွင်​ရှိ​နေ​သော လေဝိ​အမျိုး​ဖြစ်​သော အာသပ်​သားမြေး​မတ္တနိ​၏​တီ​၊ ယေယေလ​၏​မြစ်​၊ ဗေနာယ​၏​မြေး​၊ ဇာခရိ​၏​သား ယဟာဇေလ​အပေါ် ထာဝရဘုရား​၏​ဝိညာဉ်​တော်​သက်ရောက်​လာ​၍ “​အို ယောရှဖတ်​မင်းကြီး​နှင့် ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​၊ နားထောင်​ကြ​ပါ​လော့​။ ထာဝရဘုရား​က သင်​တို့​အား ‘​ဤ​စစ်တပ်ကြီး​ကြောင့် သင်​တို့​မ​ကြောက်​ကြ​နှင့်​၊ စိတ်​မ​ပျက်​ကြ​နှင့်​။ စစ်မှု​သည် သင်​တို့​အရေး​မ​ဟုတ်​။ ဘုရားသခင်​၏​အရေး​သာ ဖြစ်​၏​။ မနက်ဖြန်​နေ့​တွင် သူ​တို့​နှင့်​စစ်တိုက်​ဖို့ ချီသွား​ကြ​လော့​။ သူ​တို့​သည် ဇိဇ​မြို့​သို့​တက်သွား​ရာ​လမ်း​အတိုင်း ချီလာ​ကြ​လိမ့်မည်​။ ယေရွေလ​တောကန္တာရ​နှင့် မျက်နှာချင်းဆိုင် ချိုင့်ဝှမ်း​အဆုံး​နား​တွင် သင်​တို့​နှင့်​ဆုံ​ကြ​လိမ့်မည်​။ ဤ​တိုက်ပွဲ​ကို သင်​တို့​တိုက်စရာ​မ​လို​။ ခိုင်မာ​စွာ​ရပ်တည်​၍ ထာဝရဘုရား သင်​တို့​ကို​မည်သို့ ကယ်တင်​မည်​ကို စောင့်ကြည့်​ကြ​လော့​။ အို ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​၊ မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်’​ဟု မိန့်​တော်မူ​၏​။ မနက်ဖြန်​နေ့​တွင် သူ​တို့​နှင့် ရင်ဆိုင်​တိုက်ခိုက်​ဖို့ စစ်ချီထွက်​လော့​။ ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ ရှိ​တော်မူ​၏​”​ဟု မိန့်ဆို​၏​။ ထိုအခါ ယောရှဖတ်​မင်းကြီး​သည် မြေ​ပေါ်​ပျပ်ဝပ်​တော်မူ​လျှင် ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​တွင် ပျပ်ဝပ်​လျက် ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​၏​။ လေဝိ​အမျိုး​များ​ဖြစ်​သော ကောဟတ်​သားမြေး​နှင့် ကောရ​သားမြေး​တို့​သည်​လည်း​ရပ်​လျက် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို သံကုန်ဟစ်​၍​ချီးမွမ်း​ကြ​၏​။ သူ​တို့​သည် နောက်တစ်နေ့​မနက်​စောစောထ​ပြီး တေကော​တောကန္တာရ​ဘက်​သို့ ချီသွား​ကြ​၏​။ ထိုသို့ သူ​တို့​ထွက်သွား​ချိန်​တွင် ယောရှဖတ်​မင်းကြီး​သည် ရပ်​လျက် “​ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​၊ နားထောင်​ကြ​ပါ​လော့​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ယုံကြည်​ကြ​လော့​။ သို့မှ သင်​တို့​ခံရပ်​နိုင်​မည်​။ ကိုယ်တော်​၏​ပရောဖက်​တို့​ကို​လည်း ယုံကြည်​ကြ​လော့​။ သို့မှ သင်​တို့ အောင်နိုင်​မည်​”​ဟု မိန့်မှာ​၏​။ မင်းကြီး​သည် လူ​တို့​နှင့် တိုင်ပင်​ပြီးမှ တပ်​ရှေ့​တွင် ချီတက်​၍ ထာဝရဘုရား​ထံ ချီးမွမ်းသီဆို​မည့်​သူ​၊ သန့်ရှင်း​သော​အသရေ​တော်​ကို ချီးမွမ်း​မည့်​သူ​တို့​ကို ခန့်ထား​၍ “​ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​သည်​ဖြစ်၍ ဂုဏ်ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​”​ဟု သီဆို​စေ​ကြ​၏​။ ထိုသို့ စတင်​ချီးမွမ်း​သီဆို​လိုက်​သည်​နှင့် ယုဒ​ပြည်​ကို ဝင်ရောက်​ကျူးကျော်​သည့် အမ္မုန်​အမျိုးသား​၊ မောဘ​အမျိုးသား​နှင့် စိရ​တောင်ပေါ်သား​တို့​အား ချောင်းမြောင်း​တိုက်ခိုက်မှု​ကို ထာဝရဘုရား​ဖြစ်စေ​တော်မူ​သဖြင့် သူ​တို့ ရှုံးနိမ့်​သွား​လေ​၏​။ အမ္မုန်​အမျိုးသား​နှင့် မောဘ​အမျိုးသား​တို့​သည် ထ​၍ စိရ​တောင်ပေါ်သား​တို့​ကို အကုန်​ချေမှုန်း​ဖျက်ဆီး​ကြ​၏​။ ထိုသို့ စိရ​တောင်ပေါ်သား​တို့​ကို အကုန်​ချေမှုန်း​ပြီးနောက် အချင်းချင်း​လည်း​တိုက်ခိုက်​ကြ​ပြန်​၏​။ ယုဒ​လူမျိုး​တို့​သည် တောကန္တာရ​ရှိ ကင်းမျှော်စင်​သို့​ရောက်​၍ စစ်သည်ထုကြီး​ကို ကြည့်​သောအခါ မြေ​ပေါ်​လဲကျ​သေဆုံး​နေ​သော​အလောင်း​များ​ကို​သာ တွေ့​ရ​လေ​၏​။ လွတ်မြောက်​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။ ထို့ကြောင့် ယောရှဖတ်​မင်းကြီး​နှင့် သူ​၏​လူ​တို့​သည် တိုက်ရာပါပစ္စည်း​များ​ကို လာရောက်​သိမ်းယူ​ကြ​၏​။ အလောင်း​များ​၌ ပစ္စည်းဥစ္စာ​များ​၊ အဖိုးတန်​အသုံးအဆောင်​များ အမြောက်အမြား တွေ့ရှိ​၍ မိမိ​တို့​အတွက် ချွတ်ယူ​ကြ​၏​။ တိုက်ရာပါပစ္စည်း အလွန်များပြား​သဖြင့် တစ်ချီတည်း​မ​သယ်​နိုင်​။ သုံး​ရက်​တိုင်တိုင် သယ်သွား​ကြ​ရ​၏​။ စတုတ္ထ​မြောက်​နေ့​တွင် ဗေရာခ​ချိုင့်ဝှမ်းလွင်ပြင်​တွင် စုဝေး​ကြ​ပြီး ထာဝရဘုရား​အား ချီးမွမ်းထောမနာပြု​ကြ​၏​။ ထို့ကြောင့် ထို​နေရာ​သည် ဗေရာခ​ချိုင့်ဝှမ်းလွင်ပြင်​ဟု ယနေ့​တိုင် အမည်တွင်​လေ​၏​။ ထိုသို့ ရန်သူ​ကို​အောင်နိုင်​၍ ဝမ်းမြောက်​ရ​သော​အခွင့်​ကို ထာဝရဘုရား​ပေးသနား​တော်မူ​သောကြောင့် ယောရှဖတ်​မင်းကြီး​ဦးဆောင်​သော ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် ဂျေရုဆလင်​မြို့​သို့ ဝမ်းမြောက်​စွာ​ပြန်သွား​ကြ​၏​။ သူ​တို့​သည် စောင်းပြား​များ​၊ စောင်းကောက်​များ​၊ တံပိုးခရာ​များ တီးမှုတ်​ကြ​လျက် ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​ကြ​လေ​၏​။ အစ္စရေး​လူမျိုး​တို့​၏​ရန်သူ​တို့​အား ထာဝရဘုရား​တိုက်ခိုက်​သည့်​အကြောင်း​ကို မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အပေါင်း​တို့ ကြားသိ​ကြ​လျှင် ဘုရားသခင်​ကို ကြောက်ရွံ့​ကြ​လေ​၏​။ ယောရှဖတ်​မင်းကြီး​၏​နိုင်ငံ​တော်​ဝန်းကျင်​အရပ်ရပ်​တို့​၌ သူ​၏​ဘုရားသခင်​သည် ငြိမ်းချမ်း​ခြင်း​ကို ပေး​တော်မူ​သဖြင့် နိုင်ငံ​တော်​အေးချမ်းသာယာ​လျက်​ရှိ​၏​။

​ရာဇဝင်ချုပ်ဒုတိယစောင် 20:1-30 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။