YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိမောသေဩဝါဒစာပထမစောင် 6:3-21

တိမောသေဩဝါဒစာပထမစောင် 6:3-21 MSBU

တစ်စုံတစ်ယောက်​သည် ခြားနား​သော​ဩဝါဒ​ကို​သွန်သင်​လျက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​မှန်ကန်​ပြည့်စုံ​သော​တရား​စကား​နှင့် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​နှင့်​ညီ​သော​ဩဝါဒ​တို့​ကို မ​လိုက်နာ​လျှင် ထို​သူ​သည် ဘဝင်မြင့်​၍ မည်သည့်​အရာ​ကို​မျှ​မ​သိ​ဘဲ အငြင်းပွား​မှု​နှင့် စကားလုံး​အသုံးအနှုန်း​အပေါ်​ငြင်းခုံ​ခြင်း​တို့​၌​သာ စွဲလမ်း​နေ​သူ​ဖြစ်​၏။ ထို​အရာ​များ​ကြောင့် မလိုမုန်းထား​ခြင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ စော်ကား​ပြောဆို​ခြင်း​နှင့် ဆိုးညစ်​သော​သံသယ​စိတ်​ရှိ​ခြင်း​စသည်​တို့​ဖြစ်ပေါ်​လာ​တတ်​၏။ ထိုသို့ အသိစိတ်​ပျက်ပြား​လျက် သမ္မာတရား​ဆုံးရှုံး​ကာ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​သည် အကျိုးစီးပွား​ဖြစ်​သည်​ဟု ထင်မှတ်​သော​လူ​တို့​ကြား​၌ မ​ဆုံး​နိုင်​သော​အငြင်းပွား​မှု​ရှိ​တတ်​၏။ သို့သော် ကျေနပ်​တင်းတိမ်​မှု​ဖြင့် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​သည် ကြီးစွာ​သော​အကျိုးစီးပွား​ပင်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် ဤ​လောက​ထဲသို့ မည်သည့်​အရာ​ကို​မျှ မ​ယူလာ​သကဲ့သို့ မည်သည့်​အရာ​ကို​မျှ​လည်း ယူသွား​နိုင်​ကြ​မည်​မ​ဟုတ်။ သို့ဖြစ်၍ စားစရာ​နှင့်​ဝတ်စရာ​ရှိ​လျှင် ထို​အရာ​တို့​နှင့်​ကျေနပ်​ကြ​ရ​မည်။ ချမ်းသာ​လို​သော​သူ​တို့​သည် ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့​လည်းကောင်း၊ ထောင်ချောက်​ထဲသို့​လည်းကောင်း၊ လူ​တို့​ကို ပျက်စီး​ခြင်း​နှင့်​ဆုံးရှုံး​ခြင်း​တွင် နစ်မွန်း​စေ​တတ်​သော မိုက်မဲ​၍​အန္တရာယ်​ရှိ​သည့် တပ်မက်​ခြင်း​အမျိုးမျိုး​ထဲသို့​လည်းကောင်း ကျရောက်​တတ်​ကြ​၏။ အကြောင်းမူကား ငွေ​ကို​တပ်မက်​ခြင်း​သည် မကောင်းမှု​အလုံးစုံ​တို့​၏​အရင်းအမြစ်​ဖြစ်​၏။ လူ​အချို့​တို့​သည် ငွေ​ကို​အလွန်​တပ်မက်​သဖြင့် ယုံကြည်​ခြင်း​လမ်း​မှ လွဲချော်​သွား​၍ များစွာ​သော​ပူပန်​ခြင်း​ဝေဒနာ​ဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်​နာကျင်​စေ​ကြ​ပြီ။ အို ဘုရားသခင်​၏​လူ၊ သင်​မူကား ထို​အရာ​များ​ကို​ရှောင်​၍ ဖြောင့်မတ်​ခြင်း၊ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း၊ ယုံကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်းခံ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​တို့​ကို လက်ကိုင်ပြု​လော့။ ယုံကြည်​ခြင်း​နှင့်ဆိုင်သည့် ကောင်း​သော​တိုက်ပွဲ​ကို​တိုက်​၍ ထာဝရ​အသက်​ကို ရယူ​ပိုင်ဆိုင်​လော့။ သင်​သည် ထို​အသက်​အတွက် ခေါ်ယူ​တော်မူ​ခြင်း​ကို​ခံရ​၍ များစွာ​သော​သက်သေ​တို့​ရှေ့​တွင် ကောင်း​သော​ဝန်ခံ​ချက်​ကို​ပေး​လေ​ပြီ။ ခပ်သိမ်း​သော​အရာ​တို့​အား အသက်​ကို​ပေး​တော်မူ​သော ဘုရားသခင်​၏​ရှေ့​တော်​၌​လည်းကောင်း၊ ပုန္တိ​ပိလတ်​ရှေ့တွင် သက်သေခံ​သောအခါ ကောင်း​သော​ဝန်ခံ​ချက်​ကို​ပေး​တော်မူ​သော ခရစ်တော်​ယေရှု​၏​ရှေ့​တော်​၌​လည်းကောင်း သင့်​အား ငါ​ညွှန်ကြား​သည်​ကား သင်​သည် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​ပေါ်ထွန်း​တော်မူ​သည့်​တိုင်အောင် ဤ​ပညတ်​ချက်​ကို အစွန်းအထင်း​ကင်း​၍ အပြစ်တင်​စရာ​မ​ရှိ​အောင် စောင့်ထိန်း​လော့။ အချိန်တန်​သောအခါ ဘုရားသခင်​သည် ခရစ်တော်​ကို​ပေါ်ထွန်း​စေ​တော်မူ​လိမ့်မည်။ ဘုရားသခင်​သည် မင်္ဂလာရှိ​တော်မူ​၍ တစ်ပါးတည်း​အုပ်စိုး​တော်မူ​သော​အရှင်၊ ဘုရင်​တကာ​တို့​၏​ဘုရင်၊ အရှင်​တကာ​တို့​၏​အရှင်​ဖြစ်​တော်မူ​၏။ ကိုယ်တော်​တစ်ပါးတည်း​သာလျှင် သေ​ခြင်း​နှင့်​ကင်း​သော​အဖြစ်​၌​ရှိ​လျက် ချဉ်းကပ်​၍​မ​ရ​သော​အလင်း​၌ ကိန်းဝပ်​တော်မူ​၏။ လူ​တို့​တွင် မည်သူ​တစ်ဦးတစ်ယောက်​မျှ ကိုယ်တော်​ကို​မ​မြင်​ဖူး​သကဲ့သို့ မြင်​လည်း​မ​မြင်​နိုင်​ပေ။ ထို​ဘုရားသခင်​၌ ဂုဏ်သရေ​နှင့်​ထာဝရ​တန်ခိုး​အရှိန်အဝါ​ရှိ​တော်မူ​ပါစေသော။ အာမင်။ ဤ​လောက​၌ ချမ်းသာ​သော​သူ​တို့​သည် စိတ်နေမြင့်​ခြင်း၊ မ​မြဲ​သော​စည်းစိမ်​များ​အပေါ်၌ မျှော်လင့်​အားထား​ခြင်း​မ​ရှိ​ဘဲ ပျော်ရွှင်​မှု​အတွက် အလုံးစုံ​တို့​ကို ငါ​တို့​အား ကြွယ်ဝ​စွာ​ပေး​သနား​တော်မူ​သော ဘုရားသခင်​အပေါ်၌ မျှော်လင့်​အားထား​ကြ​ရန်​လည်းကောင်း၊ ကောင်း​သော​အမှု​ကို​ပြု​လျက် ကောင်း​သော​အကျင့်​များ​ဖြင့်​ကြွယ်ဝ​ကာ ရက်ရော​စွာ​ဝေမျှ​ပေးကမ်း​တတ်​သော​သူ​များ​ဖြစ်​ကြ​၍ စစ်မှန်​သော​အသက်​ကို​ရယူ​ပိုင်ဆိုင်​နိုင်​ဖို့​ရန် နောင်​ဘဝ​အတွက် ကောင်း​သော​အုတ်မြစ်​ကို မိမိ​တို့​အတွက်​ချထား​ကြ​ရန်​လည်းကောင်း ညွှန်ကြား​လော့။ အို တိမောသေ၊ သင်​၌​အပ်​ထား​သည့်​အရာ​ကို စောင့်ရှောက်​လော့။ ဘုရား​တရား​နှင့်​မ​ဆိုင်​သည့် အကျိုးမဲ့​သော​စကား​များ​နှင့် အသိပညာ​ဟု လွဲမှား​စွာ​ခေါ်ဝေါ်​ကြ​သည့် ကွဲလွဲ​ဆန့်ကျင်​သော​အရာ​များ​ကို ရှောင်ရှား​လော့။ လူ​အချို့​တို့​သည် ထို​အရာ​တို့​နောက်သို့​လိုက်​၍ ယုံကြည်​ခြင်း​လမ်း​မှ​လွဲချော်​သွား​ကြ​ပြီ။ ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။