တိမောသေဩဝါဒစာပထမစောင် 5
5
1အသက်ကြီးသောယောက်ျားတို့ကို ပြစ်တင်မောင်းမဲခြင်းမပြုဘဲ ဖခင်ကဲ့သို့လည်းကောင်း၊ ငယ်ရွယ်သောယောက်ျားတို့ကို ညီအစ်ကိုကဲ့သို့လည်းကောင်း၊ 2အသက်ကြီးသောအမျိုးသမီးတို့ကို မိခင်ကဲ့သို့လည်းကောင်း၊ ငယ်ရွယ်သောအမျိုးသမီးတို့ကို ဖြူစင်သန့်ရှင်းသောစိတ်အပြည့်အဝဖြင့် နှမကဲ့သို့လည်းကောင်း မှတ်၍ တိုက်တွန်းနှိုးဆော်လော့။
မုဆိုးမများအတွက် ကူညီမစမှု
3မုဆိုးမတို့တွင် အမှန်တကယ်မုဆိုးမဖြစ်သူတို့ကို ရိုသေကြလော့။ 4တစ်စုံတစ်ယောက်သောမုဆိုးမတွင် သားသမီး၊ သို့မဟုတ် မြေးများရှိလျှင် ထိုသားမြေးတို့သည် ဘာသာရေးဝတ္တရားတည်းဟူသော မိမိတို့အိမ်သူအိမ်သားကိုပြုစုခြင်းနှင့် မိဘဘိုးဘွားတို့အား ကျေးဇူးပြန်ဆပ်ခြင်းတို့ကို ဦးစွာသင်ယူကြစေ။ အကြောင်းမူကား ဤသို့ပြုခြင်းသည် ဘုရားသခင်ရှေ့တော်၌ နှစ်သက်လက်ခံဖွယ်ဖြစ်၏။ 5အမှန်တကယ်မုဆိုးမဖြစ်ပြီး တစ်ဦးတည်းကျန်ရစ်သောအမျိုးသမီးသည် ဘုရားသခင်ကိုမျှော်လင့်အားထားလျက် နေ့ရောညပါ အသနားခံခြင်းနှင့်ဆုတောင်းခြင်းတို့ကို စွဲမြဲစွာပြုတတ်၏။ 6အပျော်အပါးလိုက်စားသောမုဆိုးမမူကား အသက်ရှင်လျက်ပင် သေဆုံးလေပြီ။ 7ထို့ကြောင့် မည်သူ၌မျှ အပြစ်တင်စရာမရှိစေရန် လူတို့အား ဤအရာများကိုညွှန်ကြားလော့။ 8မည်သူမဆို မိမိဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိအိမ်သူအိမ်သားတို့ကို ဂရုမစိုက်ဘဲနေလျှင် ထိုသူသည် ယုံကြည်ခြင်းကိုငြင်းပယ်ပြီဖြစ်၍ မယုံကြည်သူထက် ဆိုးရွား၏။
9မုဆိုးမအဖြစ်စာရင်းသွင်းရမည့်သူသည် အသက်ခြောက်ဆယ်ထက်မနည်းရ။ သူသည် ယောက်ျားတစ်ဦးတည်းရှိခဲ့သည့် အမျိုးသမီးဖြစ်ပြီး 10သားသမီးများကိုပြုစုစောင့်ရှောက်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲဒုက္ခခံရသူများကိုကူညီစောင့်ရှောက်ခြင်း၊ ကောင်းသောအမှုရှိသမျှတို့ကိုပါဝင်လုပ်ဆောင်ခြင်း စသည့်ကောင်းသောအမှုများကြောင့် ချီးကျူးခံရသူဖြစ်ရမည်။
11ငယ်ရွယ်သောမုဆိုးမတို့ကိုမူ စာရင်းမသွင်းနှင့်။ အကြောင်းမူကား သူတို့သည် ခရစ်တော်ကို ဥပေက္ခာပြုလျက် ကာမဂုဏ်လိုက်စားလိုသောအခါ အိမ်ထောင်ပြုလိုသောဆန္ဒရှိလာသဖြင့် 12ပထမပြုထားသောကတိသစ္စာကို ချိုးဖောက်သောကြောင့် ပြစ်ဒဏ်စီရင်ခြင်းကိုခံရလိမ့်မည်။ 13ထို့ပြင် သူတို့သည် တစ်အိမ်ပြီးတစ်အိမ်လှည့်လည်၍ ပျင်းရိသောအကျင့်ရှိလာတတ်ကြ၏။ ထိုသို့ပျင်းရိသည်သာမက အတင်းအဖျင်းပြောဆိုလျက် သူတစ်ပါးကိစ္စ၌ ဝင်ရောက်စွက်ဖက်ကာ မပြောသင့်သည့်အရာတို့ကို ပြောဆိုတတ်ကြ၏။ 14ထို့ကြောင့် ငယ်ရွယ်သောမုဆိုးမတို့သည် အိမ်ထောင်ပြုလျက် သားသမီးများမွေးဖွားကာ အိမ်မှုကိစ္စကိုစီမံကွပ်ကဲ၍ ရန်သူအား ကဲ့ရဲ့ပြစ်တင်ခြင်းအခွင့်ကိုမပေးရန် ငါအလိုရှိ၏။ 15အကြောင်းမူကား အချို့သောမုဆိုးမတို့သည် လမ်းလွဲ၍ စာတန်နောက်သို့လိုက်သွားကြပြီ။
16ယုံကြည်သူအမျိုးသမီးတစ်စုံတစ်ဦး၌ ဆွေမျိုးတော်စပ်သည့်မုဆိုးမများရှိလျှင် အသင်းတော်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ထိုမုဆိုးမတို့ကို သူကိုယ်တိုင်ကူညီစောင့်ရှောက်ပါစေ။ သို့ပြုလျှင် အသင်းတော်သည် အမှန်တကယ်အကူအညီလိုအပ်သည့်မုဆိုးမများကို ကူညီစောင့်ရှောက်နိုင်လိမ့်မည်။
အသင်းတော်လူကြီးများကို ဂုဏ်ပြုခြင်း
17ကောင်းစွာစီမံအုပ်ချုပ်နေသောအသင်းတော်အကြီးအကဲများ အထူးသဖြင့် နှုတ်ကပတ်တော်ဝေငှခြင်းနှင့် သွန်သင်ခြင်းတို့အတွက် အားထုတ်လုပ်ဆောင်နေသောအကြီးအကဲများသည် နှစ်ဆသောဂုဏ်ပြုခြင်းကို ခံထိုက်သည်ဟု မှတ်ယူလော့။ 18အကြောင်းမူကား ကျမ်းစာက “စပါးနယ်နေသည့်နွားကို ပါးချုပ်မတပ်ရ”#၁ကော 9:9၊ တရား 25:4။ဟူ၍လည်းကောင်း၊“အလုပ်လုပ်သောသူသည် လုပ်အားခကို ရထိုက်၏”ဟူ၍လည်းကောင်း ဆိုထား၏။ 19သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးမရှိလျှင် အသင်းတော်အကြီးအကဲအပေါ်စွပ်စွဲချက်ကို လက်မခံနှင့်။ 20ကျန်သောသူတို့သည်လည်း ကြောက်ရွံ့ခြင်းရှိကြစေရန် အပြစ်ပြုသောသူတို့ကို အားလုံးရှေ့၌ ဆိုဆုံးမလော့။
21သင်သည် ဤအရာတို့ကို ခွဲခြားခြင်းမရှိဘဲ စောင့်ရှောက်၍ မည်သည့်အရာကိုမျှ ဘက်လိုက်ခြင်းမရှိဘဲပြုမူရန် ဘုရားသခင်နှင့် ခရစ်တော်ယေရှုမှစ၍ ရွေးကောက်ခံရသောကောင်းကင်တမန်တို့ရှေ့၌ ငါအလေးအနက်တိုက်တွန်း၏။
22မည်သူ့အပေါ်၌မျှ လက်တင်ခြင်းအမှုကို အလျင်စလိုမပြုနှင့်။ အခြားသူတို့၏အပြစ်၌လည်း ပါဝင်ခြင်းမရှိနှင့်။ သင့်ကိုယ်သင် ဖြူစင်သန့်ရှင်းအောင်စောင့်ထိန်းလော့။
23သင်၏အစာအိမ်နှင့် သင်၌မကြာခဏဖြစ်သော နာမကျန်းဖြစ်ခြင်းတို့အတွက် ရေကိုသာမသောက်တော့ဘဲ အနည်းငယ်သောစပျစ်ဝိုင်ကိုလည်း သုံးဆောင်လော့။
24လူအချို့တို့၏အပြစ်များသည် တရားစီရင်ခြင်းသို့မရောက်မီကပင် သိသာထင်ရှား၏။ အချို့တို့၏အပြစ်များမူကား နောက်မှထင်ရှားတတ်၏။ 25ထိုနည်းတူ ကောင်းသောအမှုများသည်လည်း သိသာထင်ရှားတတ်၏။ ထိုသို့မထင်ရှားခဲ့လျှင်ပင် ဖုံးကွယ်ထား၍မရနိုင်ပေ။
လက်ရှိရွေးချယ်ထားမှု
တိမောသေဩဝါဒစာပထမစောင် 5: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative