YouVersion လိုဂို
ရှာရန် အိုင်ကွန်

သက်သာလောနိတ်ဩဝါဒစာပထမစောင် 2

2
ပေါလု၏စီမံဆောင်ရွက်မှု
1ညီအစ်ကို​တို့၊ သင်​တို့​ထံသို့ ငါ​တို့​ရောက်ရှိ​လာ​ခြင်း​သည် အချည်းနှီး​မ​ဖြစ်​ကြောင်း သင်​တို့​ကိုယ်တိုင်​သိ​ကြ​၏။ 2သင်​တို့​သိ​ကြ​သည့်​အတိုင်း ငါ​တို့​သည် ဦးစွာ ဖိလိပ္ပိ​မြို့​၌ ဒုက္ခ​ဝေဒနာ​ခံစား​ရ​လျက် နှိပ်စက်​ခြင်း​ကို​ခံရ​သော်လည်း ကြီးစွာ​သော​ဆန့်ကျင်​တိုက်ခိုက်​မှု​ထဲတွင် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို ငါ​တို့​၏​ဘုရားသခင်​အားဖြင့် သင်​တို့​အား ရဲရင့်​စွာ​ဟောပြော​ကြ​၏။ 3အကြောင်းမူကား ငါ​တို့​သည် မှားယွင်း​ခြင်း၊ ညစ်ညူး​ခြင်း​နှင့် ပရိယာယ်​တို့​အားဖြင့် သင်​တို့​ကို​တိုက်တွန်း​ဟောပြော​ကြ​သည်​မ​ဟုတ်။ 4ဘုရားသခင်​သည် ငါ​တို့​ကို​အသိအမှတ်ပြု​လျက် ကောင်းမြတ်​သော​သတင်း​ကို ငါ​တို့​၌​ယုံကြည်​အပ်နှံ​ထား​သည့်​အလျောက် ငါ​တို့​သည် လူ​တို့​ကို​နှစ်သက်​စေရန်​မ​ဟုတ်​ဘဲ ငါ​တို့​၏​စိတ်နှလုံး​ကို​စစ်ဆေး​တော်မူ​သော​ဘုရားသခင်​ကို နှစ်သက်​စေရန် ဟောပြော​ကြ​၏။ 5အကြောင်းမူကား သင်​တို့​သိ​ကြ​သည့်​အတိုင်း ငါ​တို့​သည် မြှောက်ပင့်​သော​စကား​ကို တစ်ကြိမ်​တစ်ခါ​မျှ​မ​သုံး၊ လောဘ​စိတ်​ဖြင့်​ဟန်ဆောင်​ခြင်း​လည်း​မ​ရှိ​ခဲ့​ပေ။ ဤ​အကြောင်းအရာ​နှင့်​ပတ်သက်၍ ဘုရားသခင်​သည် ငါ​တို့​၏​သက်သေ​ဖြစ်​တော်မူ​၏။ 6ငါ​တို့​သည် ခရစ်တော်​၏​တမန်တော်​များ​အနေဖြင့် ဩဇာအာဏာ​ကို​အသုံးပြု​နိုင်​သော်လည်း သင်​တို့​ထံမှ​ဖြစ်စေ၊ အခြား​သော​သူ​တို့​ထံမှ​ဖြစ်စေ လူ​တို့​ပေး​သော​ဂုဏ်ပြု​ချီးမွမ်း​ခြင်း​ကို​မ​ရှာ​ဘဲ 7နို့တိုက်​မိခင်​သည် မိမိ​၏​သားသမီး​များ​ကို ယုယ​ကြင်နာ​သကဲ့သို့ သင်​တို့​အလယ်​၌ နူးညံ့​သိမ်မွေ့​သော​သူ​များ​ဖြစ်​ကြ​၏။ 8ထိုနည်းတူ သင်​တို့​သည် ငါ​တို့​ချစ်​သော​သူ​များ​ဖြစ်လာ​ကြ​သောကြောင့် ငါ​တို့​သည် သင်​တို့​ကို​ချစ်ခင်​တွယ်တာ​လျက် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို​သာမက ငါ​တို့​၏​အသက်​ကို​ပင် ဝေမျှ​ပေး​ရန် စေတနာ​စိတ်​ရှိ​ကြ​၏။ 9ညီအစ်ကို​တို့၊ ငါ​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​နှင့်​ပင်ပန်း​ခက်ခဲ​မှု​တို့​ကို သင်​တို့​မှတ်မိ​ကြ​၏။ ငါ​တို့​သည် သင်​တို့​ထဲမှ မည်သူ့​အပေါ်​၌​မျှ ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​စေရန် နေ့​ရော​ည​ပါ​အလုပ်​လုပ်​လျက် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား ဟောပြော​ကြ​၏။
10ငါ​တို့​သည် ယုံကြည်​သူ​ဖြစ်​သော​သင်​တို့​တွင် မည်သို့ သန့်ရှင်း​ဖြူစင်​စွာ​နှင့် ဖြောင့်မတ်​စွာ​ပြုမူ​လျက် အပြစ်တင်​စရာ​မ​ရှိ​ရ​လေ​အောင် နေထိုင်​ခဲ့​သည်​ကို သင်​တို့​နှင့်​ဘုရားသခင်​သည် ငါ​တို့​၏​သက်သေ​များ​ဖြစ်​ကြ​၏။ 11သင်​တို့​သိ​ကြ​သည့်​အတိုင်း ဖခင်​သည် မိမိ​သားသမီး​များ​အပေါ်​ပြု​သကဲ့သို့ ငါ​တို့​သည် သင်​တို့​အပေါ်​ပြုမူ​လျက် 12မိမိ​နိုင်ငံ​တော်​နှင့်​ဘုန်း​အသရေ​တော်​သို့ သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​ဘုရားသခင်​နှင့် ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် သင်​တို့​တစ်​ဦး​စီ​ကို တိုက်တွန်း​နှိုးဆော်​၍ နှစ်သိမ့်​အားပေး​ကာ သတိပေး​ခဲ့​ကြ​၏။
နှုတ်ကပတ်တရားကို လက်ခံခြင်းနှင့်ဆန့်ကျင်ခြင်း
13သင်​တို့​သည် ငါ​တို့​ထံမှ​ကြားနာ​သော ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို လက်ခံ​ကြ​သောအခါ လူ​တို့​၏​စကား​အဖြစ်​မ​ဟုတ်​ဘဲ ၎င်း​၏​စစ်မှန်​သည့်​အဖြစ်​အတိုင်း တစ်နည်း​ဆိုသော် ယုံကြည်​သော​သင်​တို့​အထဲ​၌ သက်ဝင်​လှုပ်ရှား​နေ​သော ဘုရားသခင်​၏​နှုတ်ကပတ်​တရား​အဖြစ် လက်ခံ​ကြ​သောကြောင့် ငါ​တို့​သည် ဘုရားသခင်​ကို အမြဲမပြတ်​ကျေးဇူးတင်​ကြ​၏။ 14ညီအစ်ကို​တို့၊ သင်​တို့​သည် ခရစ်တော်​ယေရှု​၌​တည်​သော ယုဒ​ပြည်​ရှိ ဘုရားသခင်​၏​အသင်းတော်​များ​ကို အတုယူ​သူ​များ​ဖြစ်​ကြ​ပြီ။ အကြောင်းမူကား သူ​တို့​သည် ဂျူး​လူမျိုး​တို့​လက်​တွင် ဒုက္ခ​ဝေဒနာ​ခံစား​ကြ​ရ​သကဲ့သို့ သင်​တို့​သည်​လည်း မိမိ​တို့​၏​အမျိုးသား​ချင်း​များ​လက်​တွင် အလားတူ​ခံစား​ကြ​ရ​၏။ 15ဂျူး​လူမျိုး​တို့​သည် သခင်​ယေရှု​နှင့်​ပရောဖက်​များ​ကို​သတ်​၍ ငါ​တို့​ကို​လည်း လိုက်လံ​ညှဉ်းဆဲ​ကြ​၏။ သူ​တို့​သည် ဘုရားသခင်​ကို​မ​နှစ်သက်​စေ​ဘဲ လူ​အပေါင်း​တို့​ကို ဆန့်ကျင်​လျက် 16လူမျိုးခြား​တို့​ကယ်တင်​ခြင်း​ရရှိ​ရန် ငါ​တို့​ဟောပြော​သည်​ကို တားမြစ်​ကာ မိမိ​တို့​အပြစ်​များ​ကို အစဉ်အမြဲ​ဖြည့်ဆည်း​ကြ​၏။ သို့ဖြစ်၍ အမျက်​တော်​သည် သူ​တို့​အပေါ်သို့ အဆုံးစွန်​သက်ရောက်​လေ​၏။
ယုံကြည်သူများနှင့်တွေ့လိုသော ပေါလု၏ဆန္ဒ
17ညီအစ်ကို​တို့၊ ငါ​တို့​သည် စိတ်နှလုံး​အားဖြင့်​မ​ဟုတ်​ဘဲ လူ​ချင်း သင်​တို့​နှင့် ခေတ္တ​ခဏ​ခွဲခွာ​နေ​ရ​သော်လည်း သင်​တို့​၏​မျက်နှာ​ကို​ပြန်​တွေ့​နိုင်​ရန် အလွန်​တောင့်တ​၍ အထူး​ကြိုးစား​ကြ​၏။ 18ထို့ကြောင့် ငါ​တို့​သည် သင်​တို့​ထံသို့​လာ​ရန် အလိုရှိ​ကြ​၏။ ငါ​ပေါလု​သည် တစ်ကြိမ်​မက နှစ်​ကြိမ်​တိုင်အောင် အမှန်ပင်​ကြိုးစား​သော်လည်း စာတန်​သည် ငါ​တို့​ကို တားဆီး​ခဲ့​၏။ 19ငါ​တို့​သခင်​ယေရှု​ကြွလာ​တော်မူ​သောအခါ ကိုယ်တော်​၏​ရှေ့​တော်​၌ ငါ​တို့​၏​မျှော်လင့်​စရာ​အကြောင်း၊ ဝမ်းမြောက်​စရာ​အကြောင်း​နှင့် ဝါကြွား​စရာ​သရဖူ​ဖြစ်​မည့်​သူ​မှာ မည်သူ​နည်း။ သင်​တို့​ပင်​မ​ဟုတ်​လော။ 20အကြောင်းမူကား သင်​တို့​သည် ငါ​တို့​၏​ဘုန်း​အသရေ​နှင့် ဝမ်းမြောက်​ခြင်း​ဖြစ်​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

သက်သာလောနိတ်ဩဝါဒစာပထမစောင် 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ