ရှမွေလသည် အသက်ကြီးလာသောအခါ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရန် မိမိ၏သားတို့ကို ခန့်အပ်ထား၏။ သူ၏သားဦးအမည်မှာ ယောလဖြစ်ပြီး ဒုတိယသားအမည်မှာ အဘိယဖြစ်၏။ သူတို့သည် ဗေရရှေဘမြို့၌ စီရင်အုပ်ချုပ်ရ၏။ သို့သော် သူ့သားတို့သည် သူလျှောက်သောလမ်းအတိုင်း မလိုက်ကြ။ မတရားအကျိုးစီးပွားကိုရှာကြ၏။ တံစိုးလက်ဆောင်ကို ခံယူကြ၏။ တရားမျှတမှုကို လွှဲရှောင်ကြ၏။ ထို့ကြောင့် အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည် စုဝေးပြီး ရာမမြို့၌နေထိုင်သော ရှမွေလထံသို့လာ၍ ရှမွေလအား “ကြည့်ရှုလော့။ ယခု အရှင် အသက်ကြီးပြီ။ အရှင့်သားတို့သည်လည်း အရှင်လျှောက်ခဲ့သည့်လမ်းအတိုင်း မလိုက်လျှောက်ကြပါ။ ထို့ကြောင့် လူမျိုးခြားအပေါင်းတို့နည်းတူ အကျွန်ုပ်တို့ကို စီရင်အုပ်ချုပ်ရန် ရှင်ဘုရင်တစ်ပါးကို အကျွန်ုပ်တို့အတွက် တင်မြှောက်ပေးပါလော့”ဟု ဆိုကြ၏။ ဤသို့ “အကျွန်ုပ်တို့ကို စီရင်အုပ်ချုပ်ရန် ရှင်ဘုရင်တစ်ပါးကို တင်မြှောက်ပေးပါလော့”ဟု တောင်းဆိုကြသည်ကို ရှမွေလ ဘဝင်မကျပေ။ သို့ဖြစ်၍ ရှမွေလသည် ထာဝရဘုရားထံဆုတောင်းလေ၏။ ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူတို့ပြောသမျှကို နားထောင်လော့။ သူတို့သည် သင့်ကိုသာစွန့်ပယ်သည်မဟုတ်။ ငါ့ကိုလည်း သူတို့၏ရှင်ဘုရင်အဖြစ်မှ စွန့်ပယ်ကြပြီ။ သူတို့ကို အီဂျစ်ပြည်မှ ငါထုတ်ဆောင်ခဲ့သည့်နေ့မှစ၍ ယနေ့ချိန်ထိ ငါ့ကိုစွန့်ပယ်ပြီး အခြားဘုရားများကို ဝတ်ပြုကြ၏။ ထိုသို့ ငါ့ကို ပြုသမျှအတိုင်း သင့်ကိုလည်း ပြုလေပြီ။ ယခု သူတို့စကားကို နားထောင်လော့။ သို့သော် သူတို့ကို အုပ်စိုးမည့်ရှင်ဘုရင်သည် သူတို့အပေါ် မည်သို့စီရင်အုပ်ချုပ်မည်ကို သူတို့အား ကြပ်ကြပ်သတိပေးပြောပြလော့”ဟု မိန့်တော်မူ၏။ ရှမွေလကလည်း မိမိထံ ရှင်ဘုရင်တောင်းဆိုသောထိုသူတို့အား ထာဝရဘုရားမိန့်တော်မူသမျှကို ပြောပြလေ၏။ “သင်တို့ကို အုပ်စိုးမည့်ရှင်ဘုရင်၏ထုံးနည်းကား ဤသို့ဖြစ်၏။ သူသည် သင်တို့၏သားများကိုခေါ်၍ သူ၏ရထားမောင်းနှင်သူများ၊ မြင်းစီးသူရဲများအဖြစ် ခန့်ထားလိမ့်မည်။ သူတို့ကို သူ့ရထားရှေ့တွင် ပြေးစေလိမ့်မည်။ သူ့အဖို့ လူတစ်ထောင်အုပ်၊ လူငါးဆယ်အုပ်များအဖြစ် ခန့်ထားမည်။ လယ်ယာကို ထွန်ယက်စေမည်။ ကောက်ရိတ်စေမည်။ စစ်လက်နက်များ၊ ရထားတန်ဆာပလာများကို ပြုလုပ်စေမည်။ သင်တို့၏သမီးပျိုများကိုလည်း ခေါ်ယူ၍ အမွှေးနံ့သာဖော်စပ်သူ၊ ချက်ပြုတ်သူ၊ မုန့်ဖုတ်သူ စသည်ဖြင့် ခိုင်းစေလိမ့်မည်။ သင်တို့၏လယ်ယာများ၊ စပျစ်ခြံများ၊ သံလွင်ခြံများထဲမှ အကောင်းဆုံးသီးနှံများကို သိမ်းယူပြီး သူ၏အမှုထမ်းတို့အား ပေးလိမ့်မည်။ သင်တို့၏ကောက်ပဲသီးနှံများ၊ စပျစ်သီးများထဲမှ ဆယ်ဖို့တစ်ဖို့ကိုသိမ်းယူ၍ သူ၏မှူးမတ်များ၊ အစေအပါးများကို ပေးလိမ့်မည်။ သင်တို့၏ကျွန်ယောက်ျားကျွန်မိန်းမများ၊ သန်မာထွားကျိုင်းသောလုလင်ပျိုများအပါအဝင် မြည်းများကိုပါ သိမ်းယူ၍ သူ့လုပ်ငန်းတွင် ခိုင်းစေလိမ့်မည်။ သင်တို့၏သိုးအုပ်ထဲမှ သိုးဆယ်ပုံတစ်ပုံကို ယူလိမ့်မည်။ သင်တို့သည်လည်း သူ၏အစေအပါး ဖြစ်ရလိမ့်မည်။ သင်တို့ရွေးချယ်လိုက်သောရှင်ဘုရင်ကြောင့် ထိုနေ့၌ သင်တို့အော်ဟစ်ရလိမ့်မည်။ သို့သော် ထိုနေ့၌ ထာဝရဘုရားသည် သင်တို့ကို လှည့်ကြည့်တော်မူမည်မဟုတ်”ဟု ဆိုလေ၏။ သို့သော် သူတို့သည် ရှမွေလစကားကို နားမထောင်ဘဲ “ထိုသို့မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ အကျွန်ုပ်တို့ကိုအုပ်စိုးသောရှင်ဘုရင် ရှိရမည်။
ဓမ္မရာဇဝင်ပထမစောင် 8 ကိုဖတ်ပါ။
နားထောင်ပါ။ ဓမ္မရာဇဝင်ပထမစောင် 8
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဓမ္မရာဇဝင်ပထမစောင် 8:1-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို