YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 5

5
ဖိလိတ္တိလူမျိုးတို့လက်သို့ ပဋိညာဉ်သေတ္တာတော်ရောက်သွားခြင်း
1ဖိလိတ္တိ​လူမျိုး​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို သိမ်းယူ​၍ ဧဗနေဇာ​မြို့​မှ အာဇုတ်​မြို့​သို့​သယ်ဆောင်​သွား​ကြ​၏​။ 2ထိုသို့ ဖိလိတ္တိ​လူမျိုး​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို သယ်ဆောင်​သွား​ပြီး ဒါဂုန်​ဝတ်ကျောင်း​သို့ ယူသွား​၍ ဒါဂုန်​ဘုရား​ဘေး​၌ ထား​ကြ​၏​။ 3နောက်တစ်နေ့​တွင် အာဇုတ်​မြို့သား​တို့​သည် နံနက်​စောစောထ​ကြ​သောအခါ ဒါဂုန်​ဘုရား​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​တွင် မြေ​ပေါ်​မှောက်​လျက်​လဲ​နေ​သည်​ကို တွေ့​သဖြင့် သူ​တို့​သည် ဒါဂုန်​ဘုရား​ကို​ယူ​၍ သူ့​နေရာ​၌ ပြန်ထား​ကြ​၏​။ 4နောက်တစ်နေ့​နံနက်​စောစောထ​ကြ​သောအခါ​တွင်​လည်း ဒါဂုန်​ဘုရား​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​တွင် မြေ​ပေါ်​မှောက်​လျက်​လဲကျ​နေ​၏​။ ဒါဂုန်​ဘုရား​၏​ဦးခေါင်း​နှင့်​လက်ဖဝါး​နှစ်​ဖက်​မှာ တံခါးခုံ​ပေါ်တွင် ပြတ်ကျ​နေ​ပြီး ဒါဂုန်​ဘုရား​သည် ကိုယ်ထည်ကြီး​သာ ကျန်ရှိ​နေ​သည်​ကို တွေ့ရှိ​ကြ​လေ​၏​။ 5ထိုအကြောင်းကြောင့် အာဇုတ်​မြို့​တွင် ယနေ့​တိုင်အောင် ဒါဂုန်​၏​ယဇ်ပုရောဟိတ်​များ​နှင့် ဒါဂုန်​ဝတ်ကျောင်း​ထဲသို့ ဝင်​သော​သူ​တိုင်း ဒါဂုန်​တံခါးခုံ​ကို မ​နင်း​ဘဲ ကျော်သွား​ကြ​၏​။
6ထာဝရဘုရား​၏​လက်​တော်​သည် အာဇုတ်​မြို့သား​တို့​ကို ပြင်းထန်​စွာ​ဒဏ်ခတ်​တော်မူ​၏​။ အာဇုတ်​မြို့​နှင့် ဝန်းကျင်​တစ်​ဝိုက်​ကို ပလိပ်ရောဂါ​ဖြင့် ဖျက်ဆီးသတ်ဖြတ်​တော်မူ​၏​။ 7ထို​အခြင်းအရာ​ကို​မြင်​လျှင် အာဇုတ်​မြို့သား​တို့​က “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​လက်​တော်​သည် ငါ​တို့​နှင့် ငါ​တို့​၏​ဘုရား​ဒါဂုန်​ကို ပြင်းထန်​စွာ​ဒဏ်ခတ်​တော်မူ​ပြီ​။ ထို​ဘုရား​၏​သေတ္တာ​တော်​ကို ငါ​တို့​နှင့်အတူ မ​ထား​သင့်​”​ဟု ဆို​ကြ​၏​။ 8ထို့ကြောင့် သူ​တို့​သည် လူ​လွှတ်​၍ ဖိလိတ္တိ​မင်း​အပေါင်း​တို့​ကို ခေါ်ယူ​စုဝေး​စေ​ပြီးလျှင် “​အကျွန်ုပ်​တို့​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို မည်သို့​ပြု​ရ​ပါ​မည်နည်း​”​ဟု မေး​ကြ​၏​။
ထိုအခါ သူ​တို့​က “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို ဂါသ​မြို့​သို့ ပို့လိုက်​ပါ​”​ဟု ဆို​ကြ​၏​။ ထို့ကြောင့် သူ​တို့​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို ပို့လိုက်​ကြ​၏​။ 9သေတ္တာ​တော်​ကို သယ်ဆောင်​သွား​ကြ​ရာ ထို​မြို့​ကို​လည်း ထာဝရဘုရား​၏​လက်​တော်​သည် ဒဏ်ခတ်​တော်မူ​သဖြင့် အလွန်​တုန်လှုပ်ချောက်ချား​ကြ​ကုန်​၏​။ ထို​မြို့​ရှိ​မြို့သား​တို့​ကို​လည်း အငယ်ဆုံး​မှ အကြီးဆုံး​တိုင်အောင် ပလိပ်ရောဂါ​ဖြင့် ဒဏ်ခတ်​တော်မူ​၏​။
10ထို့ကြောင့် ဘုရားသခင်​၏​သေတ္တာ​တော်​ကို ဧကြုန်​မြို့​သို့​ပို့လိုက်​ပြန်​၏​။ ထိုသို့ ဘုရားသခင်​၏​သေတ္တာ​တော်​သည် ဧကြုန်​မြို့​သို့ ရောက်လာ​သောအခါ ဧကြုန်​မြို့သား​တို့​က “​ငါ​တို့​နှင့် ငါ​တို့​လူမျိုး​ကို​သတ်ဖြတ်​ရန် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို ငါ​တို့​ထံ ပို့လိုက်​လေ​ပြီ​တကား​”​ဟု အော်ဟစ်​ကြ​၏​။ 11ထို့ကြောင့် သူ​တို့​သည် လူ​လွှတ်​၍ ဖိလိတ္တိ​မင်း​အပေါင်း​တို့​ကို ခေါ်ယူ​စုဝေး​စေ​ပြီးလျှင် “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို အဝေး​သို့​ပို့​လိုက်​ပါ​လော့​။ သူ့​နေရာ သူ​ပြန်ရောက်​ပါစေ​။ သို့မဟုတ်လျှင် ငါ​တို့​နှင့် ငါ​တို့​လူမျိုး​ကို​သတ်ဖြတ်​လိမ့်မည်​”​ဟု ဆို​ကြ​၏​။ အကြောင်းမူကား ဘုရားသခင်​လက်​တော်​သည် ထို​မြို့​ကို ပြင်းထန်​စွာ​ဒဏ်ခတ်​သဖြင့် တစ်မြို့လုံး​သည် သေ​ရ​မည်​ကို ကြောက်လန့်​နေ​ကြ​၏​။ 12အသက်​မ​သေ​ဘဲ ကျန်ရစ်​သူ​တို့​မှာ ပလိပ်ရောဂါ​ဖြင့် ဒဏ်ခတ်​ခံရ​သောကြောင့် တစ်မြို့လုံး​၏​အော်ဟစ်သံ​သည် မိုးကောင်းကင်​အထိ ရောက်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ပထမစောင် 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ