YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 31

31
ရှောလုမင်းကြီးနှင့်သူ့သားများသေဆုံးခြင်း
1တစ်ချိန်တွင် ဖိလိတ္တိ​လူမျိုး​တို့​နှင့် အစ္စရေး​လူမျိုး​တို့ တိုက်ခိုက်​ကြ​ရာ အစ္စရေး​လူမျိုး​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ထံ​မှ ထွက်ပြေး​ကြ​ရ​ပြီး ဂိလဗော​တောင်​ပေါ်တွင် လဲကျ​သေဆုံး​ကြ​ရ​၏​။ 2ဖိလိတ္တိ​လူမျိုး​တို့​သည် ရှောလု​မင်းကြီး​နှင့် သူ့​သား​တို့​နောက်သို့ ထက်ကြပ်မကွာ​လိုက်​၍ ရှောလု​မင်းကြီး​၏​သား​များ​ဖြစ်​သော ယောနသန်​၊ အဘိနဒပ်​နှင့် မေလခိရွှ​တို့​ကို ကွပ်မျက်​လိုက်​လေ​၏​။ 3ရှောလု​မင်းကြီး​သည်​လည်း အပြင်းအထန်​တိုက်ခိုက်​ခံရ​ပြီး လေးသည်တော်​တို့​နှင့်​တိုးမိ​၍ လေးသည်တော်​တို့​လက်ချက်​ဖြင့် ဒဏ်ရာ​အပြင်းအထန်​ရ​သွား​၏​။ 4ထိုအခါ ရှောလု​မင်းကြီး​က သူ​၏​လက်နက်ကိုင်​လုလင်​အား “​သင့်​ဓား​ကို ထုတ်​ပြီး ငါ့​ကို ထိုးသတ်​လိုက်​ပါ​။ သို့မဟုတ်လျှင် အရေဖျားလှီး​ခြင်း​ကို​မ​ခံ​သော​ထို​သူ​တို့​သည် လာ​၍ ငါ့​ကို ထိုးသတ်​ပြီး ညှဉ်းဆဲ​ကြ​လိမ့်မည်​”​ဟု ဆို​၏​။ သို့သော် လက်နက်ကိုင်​လုလင်​က အလွန်​ကြောက်ရွံ့​၍ မ​ထိုးရဲ​ဘဲ​နေ​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဓား​ကို​ယူ​ပြီးလျှင် ထို​ဓား​ပေါ်တွင် လှဲချ​လိုက်​လေ​၏​။ 5ရှောလု​မင်းကြီး အနိစ္စ​ရောက်သွား​သည်​ကို​မြင်​လျှင် သူ​၏​လက်နက်ကိုင်​လုလင်​လည်း သူ့​ဓား​ပေါ်​လှဲချ​ပြီး ရှောလု​နှင့်အတူ သေ​လေ​၏​။ 6ဤသို့ဖြင့် ရှောလု​မင်းကြီး​နှင့် သူ့​သား​သုံး​ယောက်​၊ လက်နက်ကိုင်​လုလင်​နှင့် သူ့​နောက်လိုက်​အပေါင်း​တို့​သည် ထို​နေ့​တစ်နေ့ချင်း​တွင် အတူ​သေ​ကြ​ရ​လေ​၏​။
7အစ္စရေး​အမျိုးသား​များ ထွက်ပြေး​ကြ​ရ​ကြောင်း​၊ ရှောလု​မင်းကြီး​နှင့်​သား​တော်​များ​လည်း ကျဆုံး​ပြီ​ဖြစ်ကြောင်း​ကို ချိုင့်ဝှမ်းလွင်ပြင်​တစ်ဖက်ခြမ်း​နှင့် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​တို့​၌​နေ​သော အစ္စရေး​အမျိုးသား​တို့ သိမြင်​လျှင် သူ​တို့​သည်​လည်း မြို့ရွာ​များ​ကို စွန့်​၍​ထွက်ပြေး​ကြ​၏​။ ထိုအခါ ဖိလိတ္တိ​လူမျိုး​တို့​သည် ထို​မြို့ရွာ​တို့​တွင် ဝင်ရောက်​နေထိုင်​ကြ​လေ​၏​။
8နောက်တစ်နေ့​တွင် ဖိလိတ္တိ​လူမျိုး​တို့​သည် သေဆုံး​သွား​သော​သူ​တို့​၏​ကိုယ်​မှ ပစ္စည်း​များ​ကို ချွတ်ယူ​ရန် လာ​ကြ​သောအခါ ဂိလဗော​တောင်​ပေါ်တွင် ရှောလု​မင်းကြီး​နှင့် သူ့​သား​သုံး​ယောက်​တို့ လဲကျ​သေဆုံး​နေ​ကြ​သည်​ကို တွေ့​ရ​၏​။ 9သူ​တို့​သည် ရှောလု​မင်းကြီး​၏​ဦးခေါင်း​ကို​ဖြတ်​၍ စစ်ဝတ်တန်ဆာ​များ​ကို​လည်း ချွတ်ယူ​ကြ​၏​။ ထို့နောက် ဖိလိတ္တိ​ပြည်​တစ်ပြည်လုံး​သို့ လူ​လွှတ်​၍ သူ​တို့​၏​ရုပ်တု​များ​နှင့် ပြည်သူပြည်သား​များ​ထံ၌ ထို​သတင်းကောင်း​ကို​ကြေညာ​စေ​၏​။ 10ရှောလု​မင်းကြီး​၏​စစ်ဝတ်တန်ဆာ​များ​ကို အာရှတရက်​ဝတ်ကျောင်း​တွင်​ထား​ပြီး အလောင်း​ကို​မူ ဗက်ရှန်​မြို့ရိုး​တွင် ချိတ်ဆွဲ​ထား​ကြ​၏​။
11ဖိလိတ္တိ​လူမျိုး​တို့​သည် ရှောလု​မင်းကြီး​အပေါ် မည်သို့​ပြု​ကြ​သည်​ကို ယာဗက်ဂိလဒ်​မြို့သား​တို့ ကြားသိ​သောအခါ 12စစ်သူရဲ​တစ်ယောက်မကျန်​ထ​၍ ညတွင်းချင်း​အရောက်​ချီသွား​ကြ​ပြီး ဗက်ရှန်​မြို့ရိုး​၌​ချိတ်​ထား​သော ရှောလု​မင်းကြီး​အလောင်း​နှင့်​သူ့​သား​တို့​၏​အလောင်း​များ​ကို ဖြုတ်ယူ​ပြီးလျှင် ယာဗက်​မြို့​သို့​ယူဆောင်​လာ​ကာ ထို​မြို့​တွင် မီးသင်္ဂြိုဟ်​လိုက်​ကြ​၏​။ 13ထို့နောက် အရိုး​ကို​ယူ​၍ ယာဗက်​မြို့​ရှိ မန်ကျည်းပင်​အောက်​တွင် သင်္ဂြိုဟ်​ပြီး ခုနစ်​ရက်​တိုင်တိုင် အစာရှောင်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ပထမစောင် 31: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ