ဓမ္မရာဇဝင်ပထမစောင် 3
3
ရှမွေလကို ခေါ်တော်မူခြင်း
1သူငယ်ရှမွေလသည် ဧလိထံပါး၌နေ၍ ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်လျက်နေ၏။ ထိုနေ့ရက်များတွင် ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာခဲ၏။ ဗျာဒိတ်နိမိတ်လည်း နည်းပါးလှ၏။
2ဧလိသည်လည်း မျက်စိအားနည်း၍ မမြင်နိုင်တော့ပေ။ တစ်နေ့တွင် သူသည် အိပ်ခန်းထဲ၌အိပ်နေ၏။ 3ဘုရားသခင်ရှေ့တော်မှမီးခွက်သည် မငြိမ်းသေး။ ရှမွေလသည် ဘုရားသခင်၏သေတ္တာတော်ရှိရာ ထာဝရဘုရား၏ဗိမာန်တော်၌ အိပ်လျက်နေ၏။
4ထိုအခါ ထာဝရဘုရားသည် ရှမွေလကိုခေါ်တော်မူလျှင် ရှမွေလက “အကျွန်ုပ်ရှိပါ၏”ဟု ထူးလျက် 5ဧလိထံသို့ပြေးလာပြီး “အရှင်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်”ဟု ဆို၏။ ဧလိက “ငါမခေါ်ပါ၊ ပြန်အိပ်ပါလော့”ဟု သူ့အားဆိုသဖြင့် သူပြန်သွား၍အိပ်လေ၏။
6ထာဝရဘုရားသည် ရှမွေလကိုထပ်၍ခေါ်ပြန်၏။ ရှမွေလသည်လည်း ထ၍ဧလိထံသို့သွားပြီး “အရှင်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်”ဟုဆိုလျှင် ဧလိက “ငါ့သား၊ ငါမခေါ်ပါ၊ ပြန်အိပ်ပါလော့”ဟု ဆို၏။
7ထိုစဉ်က ရှမွေလသည် ထာဝရဘုရားနှင့်သိကျွမ်းခြင်းမရှိသေး။ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုလည်း မရရှိဖူးသေး။ 8ထာဝရဘုရားသည် ရှမွေလကို တတိယအကြိမ်ခေါ်တော်မူပြန်၏။ ရှမွေလသည်လည်း ထ၍ ဧလိထံသို့သွားပြီးလျှင် “အရှင်ခေါ်သောကြောင့် အကျွန်ုပ်လာပါ၏”ဟု ဆိုပြန်၏။
ထိုအခါ သူငယ်ကို ထာဝရဘုရားခေါ်တော်မူကြောင်း ဧလိသိသွားလေ၏။ 9ထို့ကြောင့် ဧလိက ရှမွေလအား “ပြန်အိပ်ပါလော့။ သင့်ကို နောက်တစ်ဖန်ခေါ်လျှင် ‘ထာဝရဘုရား၊ အမိန့်ရှိတော်မူပါ။ ကိုယ်တော့်အစေအပါး နာခံလျက်ရှိပါ၏’ဟု ပြန်လျှောက်လော့”ဟု မှာလိုက်၏။ ရှမွေလပြန်သွား၍ မိမိအိပ်ရာ၌ အိပ်လေ၏။
10ထာဝရဘုရားသည် ကြွလာ၍ရပ်တော်မူလျက် “ရှမွေလ၊ ရှမွေလ”ဟု ယခင်ကကဲ့သို့ ခေါ်တော်မူလျှင် ရှမွေလက “အမိန့်ရှိတော်မူပါ။ ကိုယ်တော်၏အစေအပါး နာခံလျက်ရှိပါ၏”ဟု ပြန်လျှောက်လေ၏။
11ထိုအခါ ထာဝရဘုရားက ရှမွေလအား “ကြည့်ရှုလော့။ ကြားရသူတိုင်း နားခါးစေမည့်အဖြစ်ကို အစ္စရေးလူမျိုးတွင် ငါပြုမည်။ 12ထိုနေ့ရက်တွင် ဧလိမှအစ သူ့အိမ်သူအိမ်သားတို့နှင့်ပတ်သက်၍ ငါမိန့်ဆိုထားသည့်အတိုင်း အစအဆုံးဖြစ်စေမည်။ 13သူ့သားတို့သည် ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲစရာဖြစ်သည့်တိုင်အောင် အပြစ်ပြုသည်ကို သူသိသော်လည်း သူသည် သားတို့ကိုမဆုံးမသောကြောင့် ထိုဒုစရိုက်အပြစ်အတွက် ငါသည် သူ့အိမ်သူအိမ်သားတို့ကို အစဉ်ဒဏ်ခတ်မည်ဖြစ်ကြောင်း သူ့ကိုငါပြောထားပြီးဖြစ်၏။ 14ထို့ကြောင့် ဧလိ၏အိမ်သူအိမ်သားတို့ကို ငါကျိန်ထားခဲ့ပြီ။ ဧလိအိမ်သူအိမ်သားတို့၏ဒုစရိုက်အပြစ်သည် ယဇ်ပူဇော်ခြင်း၊ ဘောဇဉ်ပူဇော်သက္ကာပူဇော်ခြင်းအားဖြင့် မည်သည့်အခါမျှအပြစ်လွတ်မည်မဟုတ်”ဟု မိန့်တော်မူ၏။
15ရှမွေလသည် နံနက်တိုင်အောင် အိပ်ပြီးမှ ထာဝရဘုရား၏အိမ်တော်တံခါးများကို ဖွင့်၏။ သူမြင်ရသော နိမိတ်အာရုံအကြောင်း ဧလိအား ဖွင့်ပြောရမည်ကို ရှမွေလကြောက်ရွံ့နေမိ၏။ 16ဧလိက ရှမွေလအား “ငါ့သား၊ ရှမွေလ”ဟု ခေါ်လျှင် ရှမွေလက “အကျွန်ုပ်ရှိပါ၏”ဟု ထူးလေ၏။
17ဧလိကလည်း “သင့်အား မည်သည့်သတင်းစကားကို မိန့်ကြားတော်မူသနည်း။ ငါ့အား ထိမ်ဝှက်မထားပါနှင့်။ မိန့်တော်မူသမျှထဲမှသတင်းစကားတစ်စုံတစ်ခုကို ငါ့အား သင်ထိမ်ဝှက်ထားလျှင် ဘုရားသခင်သည် သင့်ကို ထိုထက်မက စီရင်တော်မူပါစေသော”ဟု ဆို၏။ 18ထို့ကြောင့် ရှမွေလသည် မိန့်တော်မူသောအရာအားလုံးကို မထိမ်ဝှက်ဘဲ သူ့အား ပြောပြလေ၏။ ထိုအခါ ဧလိက “ဤသည်ကား ထာဝရဘုရားမိန့်တော်မူသောအမှုဖြစ်၏။ ကိုယ်တော်အလိုရှိသည့်အတိုင်း ပြုတော်မူပါစေသော”ဟု ဆို၏။
19ရှမွေလသည် ကြီးပြင်းလာ၍ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူသဖြင့် သူ၏စကားတစ်ခွန်းကိုမျှ အချည်းနှီးဖြစ်စေတော်မမူ#3:19 တိုက်ရိုက်ပြန်ဆိုလျှင် “မြေပေါ်သို့ကျစေတော်မမူ”။။ 20ရှမွေလသည် ထာဝရဘုရား၏ပရောဖက်ဖြစ်ကြောင်းကို ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင် အစ္စရေးလူမျိုးအပေါင်းတို့ သိမှတ်ကြ၏။ 21ထာဝရဘုရားသည် ရှိလောမြို့တွင် အကြိမ်ကြိမ် ထင်ရှားပြတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် ရှိလောမြို့ရှိ ရှမွေလထံ ထာဝရဘုရား၏နှုတ်တော်ထွက်စကားအားဖြင့် ကိုယ်ထင်ရှားပြလေ့ရှိ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်ပထမစောင် 3: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative