YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 20:1-42

ဓမ္မရာဇဝင်ပထမစောင် 20:1-42 MSBU

ထို့နောက် ဒါဝိဒ်​သည် ရာမ​မြို့​၊ နာယုတ်​အရပ်​မှ ထွက်ပြေး​၍ ယောနသန်​ထံသို့​ရောက်လာ​ကာ “​အကျွန်ုပ်​မည်သို့ ပြု​မိ​ပါ​သနည်း​။ မည်သည့်​အပြစ်​ကို ပြု​မိ​ပါ​သနည်း​။ အကျွန်ုပ်​အသက်​ကို လိုက်​ရန်ရှာ​ရ​လေ​အောင် သင့်​ခမည်းတော်​ကို အကျွန်ုပ်​မည်သည့် အမှားပြု​မိ​ပါ​သနည်း​”​ဟု မေး​၏​။ ယောနသန်​က​လည်း “​ထိုသို့ ဖြစ်​မည်​မ​ဟုတ်​။ သင်​မ​သေ​ရ​။ ငါ့​ခမည်းတော်​သည် အမှု​ကြီးကြီး​ငယ်ငယ် ငါ​နှင့်​မ​တိုင်ပင်​ဘဲ​မ​ပြု​။ ငါ့​ခမည်းတော်​သည် ဤ​အမှု​ကို ငါ့​အား မ​ပြော​ဘဲ အဘယ်ကြောင့်​ဖုံးကွယ်​ထား​မည်နည်း​။ ဤ​အမှု မ​ဖြစ်​ရ​”​ဟု ပြန်ပြော​လေ​၏​။ ထို့ပြင် ဒါဝိဒ်​က “​သင်​နှင့်​ကျွန်ုပ် အလွန်​ခင်မင်​ကြ​သည်​ကို သင့်​ခမည်းတော် သိ​သည်​ဖြစ်၍ ‘​ဤ​အမှု​ကို ယောနသန် မ​သိ​စေ​ရ​။ သို့မဟုတ်လျှင် သူ​စိတ်ထိခိုက်​လိမ့်မည်​’​ဟု ဆို​ပါ​၏​။ အကယ်စင်စစ် ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ သင်​လည်း အသက်ရှင်​သည်​နှင့်အညီ အကျွန်ုပ်​နှင့်​သေ​ခြင်း​သည် ခြေတစ်လှမ်း​သာ ကွာ​တော့​သည်​”​ဟု ကျိန်​၍ ပြောဆို​လေ​၏​။ ထိုအခါ ယောနသန်​က ဒါဝိဒ်​အား “​သင့်​စိတ်​အလိုရှိ​သည့်​အတိုင်း ငါ​ပြု​ပေး​မည်​”​ဟု ဆို​၏​။ ဒါဝိဒ်​က ယောနသန်​အား “​မနက်ဖြန်​သည် လဆန်းနေ့​ဖြစ်​၏​။ အကျွန်ုပ်​သည် ရှင်ဘုရင်​နှင့်အတူ စားသောက်ပွဲ​တွင် ထိုင်စား​ရ​မည်​ဖြစ်​သော်လည်း သုံး​ရက်​မြောက်​နေ့ နေဝင်ချိန်​အထိ တော​ထဲ​၌ သွား​ပုန်း​ခွင့်​ပြု​ပါ​။ အကျွန်ုပ်​ပျက်ကွက်​ကြောင်း သင့်​ခမည်းတော် သိသွား​ခဲ့​လျှင် ‘​မျိုးနွယ်စု​တစ်စုလုံး နှစ်စဉ်​ပူဇော်ပွဲ​ရှိ​သည်​ဖြစ်၍ ဒါဝိဒ်​က ဗက်လင်​မြို့​သို့ ပြန်သွားခွင့်​ပြု​ပါ​မည့်​အကြောင်း အကျွန်ုပ်​ထံ တစာစာ​ခွင့်တောင်း​သဖြင့် အကျွန်ုပ်​ခွင့်ပြု​လိုက်​ပါ​သည်’​ဟု လျှောက်တင်​ပေး​ပါ​။ မင်းကြီး​က ‘​ကောင်း​ပြီ​’​ဟု ဆို​လျှင် အရှင်​၏​အစေအပါး​သည် အသက်ချမ်းသာ​ရာ​ရ​ပြီ​။ ထိုသို့မဟုတ်ဘဲ အမျက်​ပြင်း​စွာ​ထွက်​လျှင် အကျွန်ုပ်​ကို မကောင်းကြံ​ပြီး​ဖြစ်ကြောင်း သိ​ပါ​လော့​။ သို့ဖြစ်၍ အရှင်​နှင့်​အကျွန်ုပ်​သည် ထာဝရဘုရား​ရှေ့​တွင် ပဋိညာဉ်​ပြု​ထား​ကြ​ပြီ​ဖြစ်၍ အရှင်​၏​အစေအပါး​ကို သနား​ပါ​လော့​။ အကျွန်ုပ်​အပြစ်ပြု​မိ​ခဲ့​လျှင် အရှင်​ကိုယ်တိုင် အကျွန်ုပ်​ကို​သတ်​ပါ​။ အဘယ်ကြောင့် အကျွန်ုပ်​ကို အရှင့်​ခမည်းတော်​လက်​သို့​အပ်​မည်နည်း​”​ဟု ဆို​၏​။ ထိုအခါ ယောနသန်​က “​သင်​၌ ထိုသို့ မ​ဖြစ်​ရ​။ ငါ့​ခမည်းတော်​သည် သင့်​အား မကောင်းကြံ​သည်​ကို ငါ​သိ​ခဲ့​လျှင် သင့်​ကို ငါ​မ​ပြော​ဘဲ နေ​မည်လော​”​ဟု ပြန်ပြော​၏​။ ဒါဝိဒ်​က​လည်း ယောနသန်​အား “​အကယ်၍ သင့်​ခမည်းတော်​က သင့်​ကို ကြမ်းကြမ်းတမ်းတမ်း စကား​ပြန်ပြော​လျှင် ကျွန်ုပ်​ကို မည်သူ​ပြောပြ​မည်နည်း​”​ဟု ဆို​၏​။ ယောနသန်​က​လည်း ဒါဝိဒ်​အား “​လာ​ပါ​။ ငါ​တို့ တော​ထဲသို့ သွား​ရ​အောင်​”​ဟု ဆို​ပြီး နှစ်​ယောက်​သား တော​သို့ ထွက်သွား​ကြ​၏​။ ထို့နောက် ယောနသန်​က ဒါဝိဒ်​အား “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို တိုင်တည်​၍ မနက်ဖြန်​၊ သန်ဘက်ခါ ဤ​အချိန်​တွင် ငါ့​ခမည်းတော်​ကို ငါ​စောင့်ကြည့်​မည်​။ သင်​ဒါဝိဒ်​အပေါ် ငါ့​ခမည်းတော်​ကောင်း​မည်​ဆို​လျှင် ငါ​သည် သင့်​ထံသို့​လူ​လွှတ်​၍ ဆက်ဆက်​ပြောကြား​ပေး​မည်​။ ငါ့​ခမည်းတော်​က သင့်​ကို​မကောင်းကြံ​လျှင်​လည်း သင်​သည် ဘေးကင်း​စွာ ထွက်သွား​နိုင်​ရန် သင့်​ကို ပြောကြား​ပေး​မည်​။ ထိုသို့​ငါ​မ​ပြု​လျှင် ထာဝရဘုရား​သည် ငါ​ယောနသန်​ကို ထိုထက်မက​ပြု​တော်မူ​ပါစေသော​။ ထာဝရဘုရား​သည် ငါ့​ခမည်းတော်​နှင့်အတူ​ရှိ​တော်မူ​သကဲ့သို့ သင်​နှင့်​လည်း အတူ​ရှိ​တော်မူ​ပါစေသော​။ ငါ​မ​သေ​ရ​မည့်​အကြောင်း ငါ​အသက်ရှင်​လျက်​နေစဉ်​တွင် ငါ့​အား ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကို မ​ပြ​ဘဲ​မ​နေ​ပါ​နှင့်​။ ထာဝရဘုရား​သည် ဒါဝိဒ်​၏​ရန်သူ​အပေါင်း​တို့​ကို မြေ​မျက်နှာပြင်​မှ သုတ်သင်ပယ်ရှင်း​တော်မူ​သည့်​အခါ ငါ​၏​အိမ်သူအိမ်သား​တို့​အား သင်​၏​မေတ္တာကရုဏာ​ကို မ​ဖြတ်​ဘဲ ဆက်၍​ပြသ​ပေး​ပါ​”​ဟု ဆို​၏​။ ထို့နောက် ယောနသန်​က “​ထာဝရဘုရား​သည် ဒါဝိဒ်​၏​ရန်သူ​တို့​ကို သုတ်သင်​တော်မူ​ပါစေသော”​ဟု ဆို​၍ ဒါဝိဒ်​၏​အိမ်သူအိမ်သား​တို့​နှင့် ကတိသစ္စာပြု​လေ​၏​။ ယောနသန်​သည် ဒါဝိဒ်​ကို မိမိ​ကိုယ်နှင့်အမျှ​ချစ်​သောကြောင့် ဒါဝိဒ်​ကို ချစ်​သော​စိတ်​ဖြင့် ထပ်မံ​ကျိန်ဆို​၏​။ ယောနသန်​က ဒါဝိဒ်​အား “​မနက်ဖြန်​သည် လဆန်းနေ့​ဖြစ်​၏​။ သင့်​ထိုင်ခုံ​လွတ်​နေ​လျှင် သင်​မ​ရှိ​သည်​မှာ သိသာ​လိမ့်မည်​။ သုံး​ရက်​မြောက်​နေ့​တွင် အခင်း​ဖြစ်​သော​နေ့​၌ သင်​ပုန်း​နေ​ခဲ့​သော​နေရာ​သို့ အမြန်​လာ​ခဲ့​ပြီး ဧဇေလ​ကျောက်​နား​တွင် စောင့်​နေ​ပါ​။ ငါ​သည် ပစ်မှတ်​ကို ပစ်​သကဲ့သို့ ထို​ကျောက်​ဘေးနား​သို့ မြား​သုံး​စင်း ပစ်လွှတ်​မည်​။ လူငယ်​တစ်​ဦး​အား ‘​မြား​တို့​ကို လိုက်ရှာ​လော့’​ဟု စေခိုင်း​မည်​။ အကယ်၍ ငါ​က ထို​လူငယ်​အား ‘ကြည့်​လော့​။ မြား​တို့​သည် သင့်​ဘေး​၌​ရှိ​၏​။ ကောက်ယူ​လာ​ခဲ့​လော့​’​ဟု ဆို​လျှင် သင်​ထွက်လာ​လော့​။ ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင်​၌ အန္တရာယ်​မ​ရှိ​။ ဘေးကင်း​လေ​ပြီ​။ အကယ်၍ ငါ​က ထို​လူငယ်​အား ‘​မြား​တို့​သည် သင့်​ကို​လွန်သွား​ပြီ​’​ဟု ဆို​လျှင် သင်​ထွက်သွား​ပါ​။ ထာဝရဘုရား​သည် သင့်​ကို ထွက်ပြေး​စေ​ပြီ​။ ယခု သင်​နှင့် ငါ​ကတိသစ္စာ​ထား​ခဲ့​သော​အရာ​များ​နှင့်​ပတ်သက်၍ ထာဝရဘုရား​သည် သင်​နှင့် ငါ​၏​ကြားမှာ​သက်သေ​အစဉ် ဖြစ်​ပါစေ​”​ဟု ဆို​၏​။ ထို့နောက် ဒါဝိဒ်​သည် တော​၌ ပုန်းအောင်း​နေ​၏​။ လဆန်းပွဲနေ့​ရောက်​သောအခါ ရှင်ဘုရင်​သည် စားတော်ခေါ်​ရန် နေရာယူ​လေ​၏​။ ရှင်ဘုရင်​သည် ယခင်က​ကဲ့သို့ပင် သူ့​နေရာ​ဖြစ်​သော​နံရံ​နား​တွင် နေရာယူ​၏​။ ယောနသန်​သည် ရပ်​နေ​၍ အာဗနာ​သည် ရှောလု​မင်းကြီး​၏​ဘေး​၌ ထိုင်​၏​။ ဒါဝိဒ်​၏​နေရာ​မူကား လွတ်​နေ​၏​။ ထို​နေ့​တွင် ရှောလု​မင်းကြီး​က “​ဒါဝိဒ်​သည် တစ်စုံတစ်ရာ​ကြောင့် မ​စင်​မ​ကြယ်​ဖြစ်၍​ဖြစ်​မည်​။ စင်စစ် သူ​မ​စင်​မ​ကြယ်​ဖြစ်၍ မ​လာ​ခြင်း​ဖြစ်​မည်​”​ဟု တွေး​၍ မည်သို့​မျှ​မ​ပြော​ပေ​။ နောက်တစ်နေ့ လဆန်းပွဲ ဒုတိယ​မြောက်​နေ့​တွင်​လည်း ဒါဝိဒ်​၏​နေရာ​သည် လွတ်​နေ​ပြန်​၏​။ ထိုအခါ ရှောလု​မင်းကြီး​က သား​တော်​ယောနသန်​အား “​ယေရှဲ​၏​သား​သည် မနေ့က​ရော ယနေ့​ပါ စားသောက်ပွဲ​သို့ အဘယ်ကြောင့် မ​လာ​ဘဲ​နေ​သနည်း​”​ဟု မေး​၏​။ ယောနသန်​က “​ဒါဝိဒ်​သည် ဗက်လင်​မြို့​သို့ ပြန်​သွား​ခွင့်​ပြု​ပါ​မည့်​အကြောင်း အကျွန်ုပ်​ထံ တစာစာ​ခွင့်တောင်း​ပါ​၏​။ သူ​က ‘​ထို​မြို့​၌ အကျွန်ုပ်​တို့​မျိုးနွယ်စု​၏​ယဇ်ပူဇော်ပွဲ​ရှိ​သည်​ဖြစ်​၏​။ အကျွန်ုပ်​၏​အစ်ကို​လည်း အကျွန်ုပ်​ကို မှာလိုက်​ပါ​ပြီ​။ ထို့ကြောင့် အရှင်​အလိုရှိ​လျှင် အကျွန်ုပ်​၏​အစ်ကို​တို့​နှင့် ပြန်လည်​တွေ့ဆုံ​ခွင့်​ပြု​ပါ​’​ဟု ဆို​ပါ​၏​။ ထို့ကြောင့် ယခု အရှင်မင်းကြီး​၏​စားသောက်ပွဲ​သို့ သူ​မ​လာ​နိုင်​ပါ​”​ဟု ပြန်လျှောက်​၏​။ ထိုအခါ ရှောလု​မင်းကြီး​သည် ယောနသန်​အား အမျက်​ပြင်းစွာ​ထွက်​လျက် “​ပုန်ကန်​ဖောက်ပြား​သော​မိန်းမ​၏​သား​၊ သင်​အရှက်​ရ​အောင်​၊ သင့်​မိခင် အဝတ်အချည်းစည်း​ဖြစ်​ပြီး အရှက်ကွဲ​အောင် သင်​သည် ယေရှဲ​၏​သား​ဘက်​၌ ရပ်တည်​နေ​သည်​ကို ငါ​မ​သိ​ဘဲ​နေ​မည်လော​။ ယေရှဲ​၏​သား​သည် မြေကြီး​ပေါ်တွင် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင်​နှင့် သင့်​နိုင်ငံ တည်မြဲ​မည်​မ​ဟုတ်​။ ယခု​ချက်ချင်း သူ့​ကို လူ​လွှတ်​ခေါ်​စေ​။ သူ​သည် သေ​သင့်​သော​သူ​ဖြစ်​၏​”​ဟု ဆို​၏​။ ယောနသန်​က​လည်း ခမည်းတော်​ရှောလု​မင်းကြီး​အား “​အဘယ်ကြောင့် သူ​သေ​ရ​မည်နည်း​။ မည်သည့်​အမှု​ကို သူ​ပြု​မိ​သနည်း​”​ဟု မေးလျှောက်​လျှင် ရှောလု​မင်းကြီး​သည် ယောနသန်​ကို သတ်​ရန် လှံ​နှင့်​ထိုး​လိုက်​၏​။ ယောနသန်​လည်း သူ့​ခမည်းတော်​သည် ဒါဝိဒ်​ကို သတ်​ရန် စိတ်ပိုင်းဖြတ်​ထား​ပြီး​ဖြစ်ကြောင်း ရိပ်မိ​လေ​၏​။ ထို့ကြောင့် ယောနသန်​သည် အမျက်​ပြင်းစွာ​ထွက်​၍ စားပွဲ​မှ​ထ​လေ​၏​။ မိမိ​ခမည်းတော်​သည် ဒါဝိဒ်​ကို နှိမ်​သောကြောင့် စိတ်ထိခိုက်​သဖြင့် လဆန်းပွဲ​ဒုတိယ​နေ့​တွင် အစာ​ကို မ​စား​ဘဲ​နေ​၏​။ နံနက်​ရောက်​သောအခါ ယောနသန်​သည် လူငယ်လေး​တစ်​ဦး​နှင့်အတူ ဒါဝိဒ်​နှင့်​ချိန်းချက်​ထား​သော​တော​သို့ သွား​၍ လူငယ်လေး​အား “​ယခု ပြေး​ပြီး ငါ​ပစ်လွှတ်​သော​မြား​ကို ရှာ​ပါ​”​ဟု ဆို​၏​။ ထို​လူငယ်လေး​ပြေး​သောအခါ သူ့​ကို ကျော်သွား​အောင် ယောနသန်​သည် မြား​ကို ပစ်လွှတ်​လိုက်​၏​။ ယောနသန်​ပစ်လိုက်​သော​မြား​ကျ​သည့်​နေရာ​သို့ လူငယ်လေး​ရောက်သွား​သောအခါ “​မြား​က သင့်​ရှေ့​ကို​ကျော်သွား​ပြီ​မ​ဟုတ်​လော​”​ဟု ယောနသန်​သည် လူငယ်လေး​နောက်မှ အော်​ပြော​၏​။ ထို့ပြင် ယောနသန်​က “​အလျင်အမြန် ပြေး​ပါ​တော့​။ ရပ်​မ​နေ​ဘဲ အမြန်သာ​ပြေး​ပါ​တော့”​ဟု လူငယ်လေး​နောက်​မှ အော်ဟစ်​၏​။ လူငယ်လေး​သည်​လည်း ယောနသန်​ပစ်​လိုက်​သော​မြား​ကို ကောက်​ပြီး သခင့်​ထံ​ပြန်လာ​၏​။ လူငယ်လေး​သည် ဤ​ကိစ္စ​ကို ဘာမျှ​နား​မ​လည်​။ ယောနသန်​နှင့် ဒါဝိဒ်​သာ သိ​သော​ကိစ္စ ဖြစ်​၏​။ ယောနသန်​သည် သူ​နှင့်အတူ​ပါလာ​သော​လူငယ်လေး​အား သူ့​လက်နက်​များ​ကို ပေး​၍ “​မြို့​ထဲသို့ ပြန်ယူ​သွား​ပါ​တော့​”​ဟု ဆို​၏​။ ထို​သူငယ်​ထွက်သွား​သောအခါ ဒါဝိဒ်​သည် တောင်ဘက်​ပုန်းအောင်း​ရာ​မှ ထွက်လာ​ပြီး မြေ​ပေါ်မှာ ပျပ်ဝပ်​လျက် သုံး​ကြိမ်​ဦးချ​လေ​၏​။ ပြီးလျှင် တစ်ဦး​ကို​တစ်ဦး ဖက်နမ်း​လျက် ငိုကြွေး​ကြ​၏​။ ဒါဝိဒ်​သည် ယောနသန်​ထက် ပို၍​ငိုကြွေး​လေ​၏​။ ထို့နောက် ယောနသန်​က ဒါဝိဒ်​အား “​အေးအေးဆေးဆေး​သွား​ပါ​တော့​။ ‘ထာဝရဘုရား​သည် ငါ​နှင့်​သင့်​ကြား​၊ ငါ့​သားစဉ်မြေးဆက်​နှင့် သင့်​သားစဉ်မြေးဆက်​တို့​ကြားတွင် သက်သေ​အစဉ်​ဖြစ်​ပါစေ’​ဟူ၍ ထို​ထာဝရဘုရား​၏​နာမ​တော်​၌ ငါ​တို့​နှစ်​ယောက် ကျိန်ဆို​ထား​ပြီ​”​ဟု ဆို​၏​။ ထို့နောက် ဒါဝိဒ်​ထွက်သွား​၍ ယောနသန်​လည်း မြို့​ထဲသို့ ပြန်သွား​လေ​၏​။

​ဓမ္မရာဇဝင်ပထမစောင် 20:1-42 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။