YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 16:14-23

ဓမ္မရာဇဝင်ပထမစောင် 16:14-23 MSBU

ယခုမှာ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ရှောလု​မင်းကြီး​ထံ​မှ ထွက်ခွာ​ပြီး ထာဝရဘုရား​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် သူ့​ကို နှောင့်ယှက်​လေ​၏​။ ရှောလု​မင်းကြီး​၏​အမှုထမ်း​တို့​က​လည်း “​ကြည့်ရှု​လော့​။ ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် အရှင့်​ကို​နှောင့်ယှက်​ပါ​ပြီ​တကား​။ ထို့ကြောင့် အရှင့်​ထံ​ခစား​သော​အမှုထမ်း​တို့​အား စောင်း​တီး​ကျွမ်းကျင်​သူ​တစ်​ဦး​ကို ရှာဖွေ​စေ​ပါ​။ ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​နှောင့်ယှက်​သောအခါ​တိုင်း ထို​သူ​စောင်းတီး​ပေး​လျှင် အရှင် ပြန်ကောင်း​သွား​ပါ​လိမ့်မည်​”​ဟု လျှောက်တင်​ကြ​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​က မိမိ​၏​အမှုထမ်း​တို့​အား “ယခုပင် စောင်းတီး​ကျွမ်းကျင်​သူ​တစ်​ဦး​ကို ရှာ​၍ ငါ့​ထံသို့​ခေါ်လာ​လော့​”​ဟု အမိန့်ပေး​၏​။ ထိုအခါ အမှုထမ်း​တို့​ထဲမှ တစ်​ယောက်​က “​ဗက်လင်​မြို့သား​ယေရှဲ​၏​သား​သည် စောင်းတီး​ကျွမ်းကျင်​ကြောင်း သိ​ရ​ပါ​၏​။ သူ​သည် ရဲစွမ်းသတ္တိ​ရှိ​သူ​၊ တိုက်ရည်ခိုက်ရည်​ရှိ​သူ​၊ အပြောအဆိုလိမ္မာ​သူ​၊ ရုပ်ရည်​သန့်ပြန့်​သူ​ဖြစ်​၏​။ ထာဝရဘုရား​သည် သူ​နှင့်အတူ ရှိ​တော်မူ​၏​”​ဟု လျှောက်တင်​လျှင် ရှောလု​မင်းကြီး​သည် ယေရှဲ​ထံ တမန်​တို့​ကို စေလွှတ်​၍ “​သိုးကျောင်း​နေ​သော သင်​၏​သား​ဒါဝိဒ်​ကို ငါ့​ထံ စေလွှတ်​လော့​”​ဟု မှာလိုက်​လေ​၏​။ ထိုအခါ ယေရှဲ​သည် စားစရာ​များ​နှင့်​စပျစ်ဝိုင်​တစ်​ဘူး​ကို ယူ​၍ မြည်း​ပေါ်တွင်​တင်​ပြီး ဆိတ်သငယ်​တစ်​ကောင်​နှင့်အတူ မိမိ​သား​ဒါဝိဒ်​ကို ရှောလု​မင်းကြီး​ထံ လွှတ်​လိုက်​လေ​၏​။ ဒါဝိဒ်​သည် ရှောလု​မင်းကြီး​ထံသို့​ရောက်​၍ ရှေ့​တော်​၌​အခစား​ဝင်​သောအခါ ရှောလု​မင်းကြီး​သည် သူ့​ကို အလွန်​သဘောကျ​သဖြင့် မိမိ​၏​လက်နက်ကိုင်​အဖြစ် ခန့်အပ်​လေ​၏​။ ထို့နောက် ရှောလု​မင်းကြီး​သည် ယေရှဲ​ထံ လူ​လွှတ်​ပြီး “​ဒါဝိဒ်​ကို ငါ​နှစ်သက်​သည်​ဖြစ်၍ ငါ့​ထံ၌ ခစား​စေ​ပါ​လော့”​ဟု မှာလိုက်​၏​။ ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် ရှောလု​မင်းကြီး​ကို နှောင့်ယှက်​သည့်​အခါ ဒါဝိဒ်​သည် စောင်း​ကို​ယူ​၍ တီး​ပေး​၏​။ ထိုအခါ ရှောလု​မင်းကြီး​ထံမှ ဝိညာဉ်ဆိုး​ထွက်သွား​သဖြင့် သူ​သည် သက်သာ​ပြီး နေကောင်း​သွား​လေ​၏​။