YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 15

15
ရှောလုမင်းကြီးကို ရှင်ဘုရင်အဖြစ်မှငြင်းပယ်ခြင်း
1ထို့နောက်မှ ရှမွေလ​က ရှောလု​မင်းကြီး​အား “​ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​အစ္စရေး​တို့​၏​ဘုရင်​အဖြစ် သင့်​ကို ဘိသိက်ပေး​ရန် ငါ့​အား စေလွှတ်​တော်မူ​ခဲ့​၏​။ ယခု ထာဝရဘုရား​၏​အမိန့်စကား​ကို နားထောင်​လော့​။ 2ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​စဉ် လမ်းခရီး​တွင် သူ​တို့​အား အာမလက်​လူမျိုး​တို့ ဆီးတား​ခဲ့​သည့်​အမှု​ကို ငါ​မှတ်​ထား​၏​။ 3ယခု သွား​၍ အာမလက်​လူမျိုး​တို့​ကို တိုက်ခိုက်​လော့​။ သူ​တို့​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို ဖျက်ဆီး​ပစ်​လော့​။ မ​နှမြော​နှင့်​။ ယောက်ျား​၊ မိန်းမ​၊ ကလေး​မှစ၍ နို့စို့​ကလေးသူငယ်​များ​အပါအဝင် နွား​၊ သိုး​၊ ကုလားအုတ်​၊ မြည်း​တို့​ကို သတ်ဖြတ်​လော့​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆို​၏​။
4ထို့ကြောင့် ရှောလု​မင်းကြီး​သည် လူ​တို့​ကို​ခေါ်ယူစုစည်း​၍ တေလိမ်​မြို့​တွင် ရေတွက်​ကြည့်​ရာ ခြေလျင်တပ်သား အယောက်​နှစ်သိန်း​၊ ယုဒ​အမျိုးသား တစ်သောင်း​ရှိ​၏​။ 5ဤသို့ဖြင့် ရှောလု​မင်းကြီး​သည် အာမလက်​မြို့​သို့​ချီတက်​၍ ချိုင့်ဝှမ်း​တွင် ကင်းပုန်းချ​ထား​၏​။ 6ရှောလု​မင်းကြီး​က ကေနိ​လူမျိုး​တို့​အား “​အာမလက်​လူမျိုး​တို့​ထံ​မှ ဝေး​စွာ​ထွက်သွား​လော့​။ သို့မဟုတ်လျှင် သင်​တို့​ကို သူ​တို့​နှင့်အတူ ဖျက်ဆီး​မိ​လိမ့်မည်​။ အစ္စရေး​အမျိုးသား​အပေါင်း​တို့ အီဂျစ်​ပြည်​မှ ထွက်လာ​စဉ်က သင်​တို့​သည် သူ​တို့​အား​မေတ္တာကရုဏာ​ကို ပြသ​ခဲ့​ပြီ​”​ဟု ဆို​သဖြင့် ကေနိ​လူမျိုး​တို့​သည် အာမလက်​လူမျိုး​တို့​ထံ​မှ ထွက်သွား​ကြ​၏​။
7ထိုအခါ ရှောလု​မင်းကြီး​သည် ဟဝိလ​အရပ်​မှ အီဂျစ်​ပြည်​အရှေ့ဘက်​ရှိ ရှုရ​အရပ်​တိုင်အောင် အာမလက်​လူမျိုး​တို့​ကို တိုက်ခိုက်နှိမ်နင်း​လေ​၏​။ 8အာမလက်​ဘုရင်​အာဂတ်​မင်းကြီး​ကို အရှင်​ဖမ်း​ပြီး သူ​၏​လူ​အပေါင်း​တို့​ကို ဓား​ဖြင့် သတ်ဖြတ်​ပစ်​လေ​၏​။ 9သို့သော် ရှောလု​မင်းကြီး​နှင့် တပ်သား​တို့​သည် အာဂတ်​မင်းကြီး​ကို ချမ်းသာ​ပေး​၏​။ အကောင်းဆုံး​သော​သိုး​နွား​များ​၊ ဆူဖြိုး​သော​နွားသငယ်​များ​၊ သိုးသငယ်​များ​နှင့် တန်ဖိုး​ရှိ​သော​အရာ​အားလုံး​ကို​မူ နှမြော​၍ မ​ဖျက်ဆီး​လို​ကြ​။ တန်ဖိုး​မ​ရှိ​၊ အသုံးမဝင်​သော​အရာ​တို့​ကို​ကား အကုန်​ဖျက်ဆီး​ပစ်​လေ​၏​။
10ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ရှမွေလ​ထံသို့​ရောက်လာ​၍ 11“​ရှောလု​ကို ဘုရင်​တင်မြှောက်​မိ​၍ ငါ​ဝမ်းနည်း​၏​။ သူ​သည် ငါ့​စကား​ကို မ​နာခံ​၊ ငါ့​ထံ​မှ​လမ်းလွဲ​သွား​ပြီ​”​ဟု မိန့်​တော်မူ​၏​။ ထိုအခါ ရှမွေလ​သည် စိတ်မချမ်းမသာ​ဖြစ်​၍ ထာဝရဘုရား​ထံ တစ်ညလုံး​အော်ဟစ်​ဆုတောင်း​လေ​၏​။
12ရှမွေလ​သည် နံနက်​စောစောထ​၍ ရှောလု​မင်းကြီး​ကို သွား​တွေ့​၏​။ သို့သော် တစ်စုံတစ်ယောက်​က ရှမွေလ​အား “ရှောလု​မင်းကြီး​သည် ကရမေလ​မြို့​သို့​သွား​၍ မိမိ​အဖို့ ဂုဏ်ပြု​ကျောက်တိုင်​ကို​စိုက်ထူ​ပြီး လှည့်လည်​သွားလာ​ကာ ဂိလဂါလ​မြို့​ဘက်​သို့ ဆင်းသွား​ပြီ”​ဟု ကြားပြော​လေ​၏​။ 13ရှမွေလ​သည် ရှောလု​မင်းကြီး​ထံ​ရောက်​သောအခါ ရှောလု​မင်းကြီး​က “​ထာဝရဘုရား​သည် အရှင့်​ကို ကောင်းချီးပေး​တော်မူ​ပါစေသော​။ ထာဝရဘုရား​၏​စကား​တော်​အတိုင်း အကျွန်ုပ်​ဆောင်ရွက်​ခဲ့​ပါ​ပြီ​”​ဟု ဆို​၏​။
14ထိုအခါ ရှမွေလ​က “​သို့ဖြစ်လျှင် ယခု ငါ​ကြား​နေ​ရ​သော သိုး​အော်သံ​၊ နွား​အော်သံ​များ​ကား အဘယ်နည်း​”​ဟု ပြန်မေး​၏​။
15ရှောလု​မင်းကြီး​က “​တပ်သား​တို့​သည် အကောင်းဆုံး​သော သိုး​၊ နွား​တို့​ကို နှမြော​၍ အရှင်​၏​ဘုရားသခင်​ထာဝရဘုရား​အား​ယဇ်ပူဇော်​ရန် ထို​အကောင်​တို့​ကို အာမလက်​လူမျိုး​တို့​ထံမှ ယူဆောင်​လာ​ခဲ့​ပါ​၏​။ ကျန်​သော​အရာ​များ​ကို​မူ အကုန်​ဖျက်ဆီး​ပစ်​လိုက်​ပါ​သည်​”​ဟု ပြန်ဖြေ​၏​။
16ထိုအခါ ရှမွေလ​က ရှောလု​မင်းကြီး​အား “​နေပါဦး​။ မနေ့​ည​က ထာဝရဘုရား ငါ့​အား မိန့်​တော်မူ​သော​စကား​ကို သင့်​အား ငါ​ပြောပြ​မည်​”​ဟု ဆို​လျှင် ရှောလု​မင်းကြီး​က​လည်း “​ပြော​ပါ​လော့​”​ဟု ဆို​၏​။
17ရှမွေလ​က “​သင်​သည် သင့်ကိုယ်သင် သေးသိမ်​သော​သူ​ဟု ထင်မှတ်​သော်လည်း အစ္စရေး​အမျိုးအနွယ်​တို့​၏​အကြီးအမှူး ဖြစ်လာ​သည်​မ​ဟုတ်​လော​။ ထာဝရဘုရား​သည် သင့်​ကို အစ္စရေး​လူမျိုး​၏​ရှင်ဘုရင်​အဖြစ် ဘိသိက်ပေး​တော်မူ​၏​။ 18ထာဝရဘုရား​သည် မိမိ​အမှု​တော်​ကို​ထမ်းဆောင်​ရန် သင့်​ကို စေလွှတ်​ခဲ့​၏​။ သင့်​အား ‘​အပြစ်သား​အာမလက်​လူမျိုး​တို့​ကို သွားရောက်​ချေမှုန်း​လော့​။ တစ်ယောက်မကျန်​အကုန်​ချေမှုန်း​လော့​’​ဟု မိန့်​တော်မူ​ခဲ့​၏​။ 19သို့ဖြစ်လျက် သင်​သည် အဘယ်ကြောင့် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​သနည်း​။ တိုက်ရာပါပစ္စည်း​တို့​ကို အသည်းအသန်​လုယူ​ခြင်း​ဖြင့် အဘယ်ကြောင့် ထာဝရဘုရား​ရှေ့မှောက်​၌ မကောင်းမှု​ကို ပြု​ရ​သနည်း​”​ဟု ဆို​၏​။
20ရှောလု​မင်းကြီး​က​လည်း ရှမွေလ​အား “​ထာဝရဘုရား​၏​စကား​တော်​ကို အကျွန်ုပ်​နာခံ​ပါ​၏​။ ထာဝရဘုရား​စေခိုင်း​သည့်​အတိုင်း​သွား​၍ အမှု​တော်​ကို​ထမ်းဆောင်​ပါ​၏​။ အာမလက်​ဘုရင်​အာဂတ်​မင်းကြီး​ကို ဖမ်းခေါ်​ခဲ့​ပြီး အာမလက်​လူမျိုး​တို့​ကို အကုန်​ချေမှုန်း​ခဲ့​ပါ​၏​။ 21တပ်သား​တို့​သည် ဂိလဂါလ​မြို့​တွင် အရှင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ယဇ်ပူဇော်​ရန် ကျိန်​ခြင်း​ခံရ​သော​အရာ​ဖြစ်​သည့် တိုက်ရာပါပစ္စည်း​တို့​ထဲမှ အကောင်းဆုံး​သိုး​နွား​တို့​ကို ယူ​ခဲ့​ပါ​၏​”​ဟု ပြန်ပြော​၏​။ 22ရှမွေလ​က​လည်း “​ထာဝရဘုရား​၏​စကား​တော်​ကို နာခံ​ခြင်း​ထက် မီးရှို့​ရာ​ယဇ်ပူဇော်​ခြင်း​ကို ထာဝရဘုရား ပို၍​နှစ်သက်​တော်မူ​မည်​လော​။ ကြည့်ရှု​လော့​။ နာခံ​ခြင်း​သည် ယဇ်ပူဇော်​ခြင်း​ထက် ပို၍​ကောင်း​၏​။ အာရုံစိုက်​နားထောင်​ခြင်း​သည် သိုးထီး​အဆီ​ထက် ပို၍​ကောင်း​၏​။ 23ပုန်ကန်​ခြင်း​အပြစ်​သည် ဂမ္ဘီရပညာ​သုံး​ခြင်း​အပြစ်​နှင့် အတူတူပင်​ဖြစ်​၏​။ ခေါင်းမာ​ခြင်း​သည် မကောင်းမှု​ပြု​ခြင်း​၊ ရုပ်တုကိုးကွယ်​ခြင်း​ပင်​ဖြစ်​၏​။ သင်​သည် ထာဝရဘုရား​၏​စကား​ကို​ပယ်​သောကြောင့် ထာဝရဘုရား​သည်​လည်း သင့်​ကို ဘုရင်​အဖြစ်​မှ​ပယ်​တော်မူ​ပြီ​”​ဟု သူ့​အား ဆို​၏​။
24ထိုအခါ ရှောလု​မင်းကြီး​က ရှမွေလ​အား “​အကျွန်ုပ် အပြစ်ပြု​မိ​ပါ​ပြီ​။ အကျွန်ုပ်​သည် လူ​တို့​ကို​ကြောက်​၍ သူ​တို့​စကား​ကို နားထောင်​မိ​သောကြောင့် ထာဝရဘုရား​၏​စကား​တော်​နှင့် အရှင်​၏​စကား​ကို လွန်ဆန်​မိ​ပါ​ပြီ​။ 25ယခုမှာ အကျွန်ုပ်​၏​အပြစ်​ကို ခွင့်လွှတ်​ပါ​။ ထာဝရဘုရား​ကို အကျွန်ုပ်​ရှိခိုးကိုးကွယ်​ရ​ပါ​မည့်​အကြောင်း အကျွန်ုပ်​နှင့်အတူ ပြန်​လိုက်လာ​ပါ​”​ဟု ဆို​၏​။
26သို့သော် ရှမွေလ​က ရှောလု​မင်းကြီး​အား “​သင်​နှင့်အတူ ငါ​ပြန်​မ​လိုက်​ပါ​။ သင်​သည် ထာဝရဘုရား​၏​စကား​တော်​ကို ပယ်​သောကြောင့် ထာဝရဘုရား​သည်​လည်း သင့်​ကို အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ်​မှ ပယ်​တော်မူ​ပြီ​”​ဟု ဆို​၏​။ 27ထို့နောက် ရှမွေလ လှည့်ထွက်​သွား​မည်​အပြု​တွင် ရှောလု​မင်းကြီး​သည် သူ​၏​ဝတ်ရုံ​စွန်း​ကို လှမ်းဆွဲ​လိုက်​ရာ ဝတ်ရုံ​စုတ်ပြဲ​သွား​လေ​၏​။ 28ထိုအခါ ရှမွေလ​က “​ယနေ့ ထာဝရဘုရား​သည် သင့်​လက်​ထဲရှိ အစ္စရေး​နိုင်ငံ​တော်​ကို ရုပ်သိမ်း​ပြီး သင့်​ထက်​ကောင်း​သော​သင့်​အိမ်နီးချင်း​အား ပေးအပ်​တော်မူ​ပြီ​။ 29အစ္စရေး​လူမျိုး​တို့​၏​ဘုန်းပိုင်ရှင်​သည် မုသား​မ​မြွက်ဆို​၊ စိတ်​တော်​လည်း ပြောင်းလဲ​မည်​မ​ဟုတ်​။ စိတ်​တော်​ပြောင်းလဲ​ရ​အောင် လူ​ဖြစ်​သည်​မ​ဟုတ်​”​ဟု သူ့​အား ဆို​၏​။
30သို့သော် သူ​က “​အကျွန်ုပ်​ပြစ်မှား​မိ​ပါ​ပြီ​။ သို့သော် ယခု အကျွန်ုပ်​၏​လူမျိုး သက်ကြီးဝါကြီး​တို့​ရှေ့​၊ အစ္စရေး​လူမျိုး​တို့​ရှေ့​တွင် အသရေ​မ​ပျက်​ရ​ပါစေ​နှင့်​။ အကျွန်ုပ်​သည် အရှင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ရ​ပါ​မည့်​အကြောင်း အကျွန်ုပ်​နှင့်အတူ ပြန်လိုက်​ခဲ့​ပါ​”​ဟု ဆို​ပြန်​၏​။ 31ထို့ကြောင့် ရှမွေလ​သည် ရှောလု​မင်းကြီး​နှင့်အတူ ပြန်လိုက်​ခဲ့​၏​။ ရှောလု​မင်းကြီး​သည်​လည်း ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​လေ​၏​။
32ရှမွေလ​က “​အာမလက်​ဘုရင်​အာဂတ်​မင်းကြီး​ကို ငါ့​ထံ​ခေါ်​ခဲ့​လော့​”​ဟု ဆို​လျှင် အာဂတ်​သည် “​ခါးသီး​သော​သေ​ခြင်း​ဘေး​မှ လွတ်​ပြီ​”​ဟု တွေး​လျက် ဝမ်းသာအားရ​နှင့် ရှမွေလ​ထံသို့ လာ​ခဲ့​၏​။ 33သို့သော် ရှမွေလ​က သူ့​အား “​သင့်​ဓား​သည် မိခင်​တို့​ကို သားသမီး​ဆုံးပါး​စေ​သကဲ့သို့ သင့်​မိခင်​သည်​လည်း မိန်းမ​တို့​တွင် သားသမီး​ဆုံးပါး​သူ ဖြစ်​ရ​မည်​”​ဟု ဆို​ပြီး ရှမွေလ​သည် အာဂတ်​ကို ဂိလဂါလ​မြို့​တွင် ထာဝရဘုရား​ရှေ့​တော်​၌ အပိုင်းပိုင်း​ခုတ်ဖြတ်​လိုက်​လေ​၏​။
34ထို့နောက် ရှမွေလ​သည် ရာမ​မြို့​သို့​ပြန်သွား​၍ ရှောလု​မင်းကြီး​မူကား ဂိဗာ​မြို့​ရှိ မိမိ​နန်းတော်​သို့ တက်သွား​၏​။ 35ထို​အချိန်​မှစ၍ ရှမွေလ အနိစ္စ​ရောက်​သည်​အထိ ရှောလု​မင်းကြီး​နှင့် သွားရောက်တွေ့ဆုံ​ခြင်း​မ​ရှိ​တော့​ပေ​။ သို့သော် ရှမွေလ​သည် ရှောလု​မင်းကြီး​အတွက် ငိုကြွေးမြည်တမ်း​ရ​လေ​၏​။ ထာဝရဘုရား​သည်​လည်း ရှောလု​ကို အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ် ခန့်ထား​သည့်​အဖြစ်​ကြောင့် ဝမ်းနည်း​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ပထမစောင် 15: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ