YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 1:8-18

ဓမ္မရာဇဝင်ပထမစောင် 1:8-18 MSBU

သူ​၏​ခင်ပွန်း​ဧလကာန​က​လည်း “​ဟန္န​၊ အဘယ်ကြောင့် ငိုကြွေး​နေ​သနည်း​။ အဘယ်ကြောင့် မ​စား​မ​သောက်​ဘဲ​နေ​သနည်း​။ အဘယ်ကြောင့် စိတ်ဆင်းရဲ​နေ​သနည်း​။ ငါ​သည် သင့်​အပေါ် သား​ဆယ်​ယောက်​ထက် ပို၍​ကောင်း​သည်​မ​ဟုတ်​လော​”​ဟု သူ့​အား ဆို​၏​။ သူ​တို့​သည် ရှိလော​မြို့​တွင် စား​သောက်​ကြ​ပြီးနောက် ဟန္န​သည် ထသွား​လေ​၏​။ ထိုစဉ် ယဇ်ပုရောဟိတ်​ဧလိ​သည် ထာဝရဘုရား​၏​ဗိမာန်တော်​တံခါးတိုင်​အနီး​ရှိ ထိုင်ခုံ​ပေါ်တွင် ထိုင်​နေ​၏​။ ဟန္န​သည် စိတ်နှလုံး​ကြေကွဲ​စွာ​ဖြင့် ထာဝရဘုရား​ထံ ငိုယို​လျက် “​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ ကိုယ်တော့်​ကျွန်မ ခံရ​သော​ဆင်းရဲဒုက္ခ​ကို အကယ်စင်စစ် ကြည့်​တော်မူ​ပါ​။ ကိုယ်တော့်​ကျွန်မ​ကို မ​မေ့လျော့​ဘဲ အောက်မေ့​တော်မူ​ပါ​။ ကိုယ်တော့်​ကျွန်မ​အား သား​ယောက်ျား​ကို​ပေးသနား​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​သည် သူ့​ဘဝ​တစ်ခုလုံး​ကို ထာဝရဘုရား​ထံ ဆက်ကပ်​အပ်နှံ​ပါ​မည်​။ သူ့​ဆံပင်​ကို​လည်း မ​ရိတ်​ပါ​”​ဟု ကတိသစ္စာ​ပြု​ဆုတောင်း​လေ​၏​။ ထိုသို့ ထာဝရဘုရား​ထံ အဆက်မပြတ်​ဆုတောင်း​နေ​စဉ် ဧလိ​သည် သူ့​နှုတ်​ကို ကြည့်​လျက်​နေ​၏​။ ဟန္န​သည် စိတ်​ထဲ၌​ဆုတောင်း​နေ​သောကြောင့် နှုတ်ခမ်း​သာ​လှုပ်​ပြီး အသံ​မ​ထွက်​။ ထို့ကြောင့် ဧလိ​က ဟန္န ယစ်မူး​နေ​သည်​ဟု ထင်​၍ ဧလိ​က သူ့​အား “​သင်​သည် မည်မျှ​ကြာ​အောင်​ယစ်မူး​နေ​မည်နည်း​။ စပျစ်ဝိုင်​ကို ရှောင်​ပါ​လော့​”​ဟု ဆို​၏​။ ဟန္န​က​လည်း “​သခင်​၊ ထိုသို့​မ​ဟုတ်​ပါ​။ အကျွန်ုပ်​သည် စိတ်သောက​ရောက်​နေ​သော​မိန်းမ ဖြစ်​ပါ​၏​။ စပျစ်ဝိုင် မ​သောက်​ပါ​။ သေရည်သေရက်​ကို​လည်း မ​သောက်​ပါ​။ ထာဝရဘုရား​ရှေ့​တော်​၌ မိမိ​စိတ်ခံစားချက်​ကို ဖွင့်ပြ​နေ​ခြင်း​သာ​ဖြစ်​ပါ​၏​။ သခင့်​ကျွန်မ​ကို ဆိုးညစ်​သော​မိန်းမ​ဟု မ​ထင်​ပါ​နှင့်​။ အကျွန်ုပ်​၌ ပူဆွေး​ဝမ်းနည်းမှု များလွန်း​သဖြင့် အဆက်မပြတ်​ဆုတောင်း​နေ​ခြင်း​သာ ဖြစ်​ပါ​၏​”​ဟု ပြန်ပြော​သော် ဧလိ​က “​ငြိမ်ဝပ်​စွာ​သွား​လော့​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​သည် သင်​တောင်းလျှောက်​သော​ဆု​ကို ပေးသနား​တော်မူ​ပါစေသော​”​ဟု ဆို​၏​။ ထိုအခါ ဟန္န​က “​သခင့်​ကျွန်မ​သည် သခင့်​ရှေ့​၌​မျက်နှာရ​ပါစေသော​”​ဟု ဆို​ပြီး သူ​သည် ထွက်သွား​၍ စားသောက်​လေ​၏​။ သူ​၏​မျက်နှာ​သည်​လည်း ယခင်က​ကဲ့သို့ မ​ညှိုး​တော့​ပေ​။

​ဓမ္မရာဇဝင်ပထမစောင် 1:8-18 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။