ဟန္နသည် တစ်နှစ်ပြီးတစ်နှစ် ထာဝရဘုရား၏အိမ်တော်သို့ သွားသည့်အခါတိုင်း ပြိုင်ဖက်သည် သူ့ကို ဒေါသထွက်အောင် ဆွလေ၏။ ထို့ကြောင့် သူသည် အစာမစားဘဲ ငို၍သာနေရ၏။ သူ၏ခင်ပွန်းဧလကာနကလည်း “ဟန္န၊ အဘယ်ကြောင့် ငိုကြွေးနေသနည်း။ အဘယ်ကြောင့် မစားမသောက်ဘဲနေသနည်း။ အဘယ်ကြောင့် စိတ်ဆင်းရဲနေသနည်း။ ငါသည် သင့်အပေါ် သားဆယ်ယောက်ထက် ပို၍ကောင်းသည်မဟုတ်လော”ဟု သူ့အား ဆို၏။ သူတို့သည် ရှိလောမြို့တွင် စားသောက်ကြပြီးနောက် ဟန္နသည် ထသွားလေ၏။ ထိုစဉ် ယဇ်ပုရောဟိတ်ဧလိသည် ထာဝရဘုရား၏ဗိမာန်တော်တံခါးတိုင်အနီးရှိ ထိုင်ခုံပေါ်တွင် ထိုင်နေ၏။ ဟန္နသည် စိတ်နှလုံးကြေကွဲစွာဖြင့် ထာဝရဘုရားထံ ငိုယိုလျက် “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်ကျွန်မ ခံရသောဆင်းရဲဒုက္ခကို အကယ်စင်စစ် ကြည့်တော်မူပါ။ ကိုယ်တော့်ကျွန်မကို မမေ့လျော့ဘဲ အောက်မေ့တော်မူပါ။ ကိုယ်တော့်ကျွန်မအား သားယောက်ျားကိုပေးသနားတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် သူ့ဘဝတစ်ခုလုံးကို ထာဝရဘုရားထံ ဆက်ကပ်အပ်နှံပါမည်။ သူ့ဆံပင်ကိုလည်း မရိတ်ပါ”ဟု ကတိသစ္စာပြုဆုတောင်းလေ၏။ ထိုသို့ ထာဝရဘုရားထံ အဆက်မပြတ်ဆုတောင်းနေစဉ် ဧလိသည် သူ့နှုတ်ကို ကြည့်လျက်နေ၏။ ဟန္နသည် စိတ်ထဲ၌ဆုတောင်းနေသောကြောင့် နှုတ်ခမ်းသာလှုပ်ပြီး အသံမထွက်။ ထို့ကြောင့် ဧလိက ဟန္န ယစ်မူးနေသည်ဟု ထင်၍ ဧလိက သူ့အား “သင်သည် မည်မျှကြာအောင်ယစ်မူးနေမည်နည်း။ စပျစ်ဝိုင်ကို ရှောင်ပါလော့”ဟု ဆို၏။ ဟန္နကလည်း “သခင်၊ ထိုသို့မဟုတ်ပါ။ အကျွန်ုပ်သည် စိတ်သောကရောက်နေသောမိန်းမ ဖြစ်ပါ၏။ စပျစ်ဝိုင် မသောက်ပါ။ သေရည်သေရက်ကိုလည်း မသောက်ပါ။ ထာဝရဘုရားရှေ့တော်၌ မိမိစိတ်ခံစားချက်ကို ဖွင့်ပြနေခြင်းသာဖြစ်ပါ၏။ သခင့်ကျွန်မကို ဆိုးညစ်သောမိန်းမဟု မထင်ပါနှင့်။ အကျွန်ုပ်၌ ပူဆွေးဝမ်းနည်းမှု များလွန်းသဖြင့် အဆက်မပြတ်ဆုတောင်းနေခြင်းသာ ဖြစ်ပါ၏”ဟု ပြန်ပြောသော် ဧလိက “ငြိမ်ဝပ်စွာသွားလော့။ အစ္စရေးလူမျိုး၏ဘုရားသခင်သည် သင်တောင်းလျှောက်သောဆုကို ပေးသနားတော်မူပါစေသော”ဟု ဆို၏။ ထိုအခါ ဟန္နက “သခင့်ကျွန်မသည် သခင့်ရှေ့၌မျက်နှာရပါစေသော”ဟု ဆိုပြီး သူသည် ထွက်သွား၍ စားသောက်လေ၏။ သူ၏မျက်နှာသည်လည်း ယခင်ကကဲ့သို့ မညှိုးတော့ပေ။ သူတို့သည် နံနက်စောစောထ၍ ထာဝရဘုရားအား ရှိခိုးကိုးကွယ်ပြီးလျှင် မိမိတို့အိမ်ရှိရာ ရာမမြို့သို့ ပြန်လာကြ၏။ ထို့နောက်တွင် ဧလကာနသည် မိမိ၏မယားဟန္နနှင့်ဆက်ဆံ၏။ ထာဝရဘုရားသည်လည်း ဟန္နကို အောက်မေ့တော်မူသဖြင့် အချိန်တန်သောအခါ ဟန္နသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလေ၏။ ဟန္နကလည်း “ဤသားသည် ထာဝရဘုရားထံ ဆုတောင်း၍ ရသောသားဖြစ်၏”ဟု ဆိုပြီး သူ၏အမည်ကို ရှမွေလ ဟုမှည့်ခေါ်လေ၏။
ဓမ္မရာဇဝင်ပထမစောင် 1 ကိုဖတ်ပါ။
နားထောင်ပါ။ ဓမ္မရာဇဝင်ပထမစောင် 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဓမ္မရာဇဝင်ပထမစောင် 1:7-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို