YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပေတရုဩဝါဒစာပထမစောင် 2:11-22

ရှင်ပေတရုဩဝါဒစာပထမစောင် 2:11-22 MSBU

ချစ်​ရ​သော​သူ​တို့၊ သင်​တို့​သည် ဧည့်သည်​အာဂန္တု​များ​ဖြစ်​ကြ​သဖြင့် စိတ်​ဝိညာဉ်​ကို​ဆန့်ကျင်​တိုက်ခိုက်​သော ကိုယ်ကာယ​တပ်မက်​ခြင်း​များ​ကို ရှောင်ကြဉ်​ကြ​ရန် ငါ​တိုက်တွန်း​နှိုးဆော်​ပါ​၏။ လူမျိုးခြား​တို့​အလယ်​တွင် ကောင်း​စွာ​အသက်ရှင်​နေထိုင်​ကြ​လော့။ သို့ပြုလျှင် သူ​တို့​သည် သင်​တို့​ကို ဒုစရိုက်​ပြု​သူ​များ​အဖြစ် ပုတ်ခတ်​ပြောဆို​ကြ​သော်လည်း သင်​တို့​၏​ကောင်း​သော​အမှု​တို့​ကို​မြင်​၍ အကြည့်အရှု​ကြွလာ​တော်မူ​သော​နေ့ရက်​၌ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်။ လူ​တို့​စီရင်​ခန့်ထား​သော​အုပ်ချုပ်​မှု​စနစ်​အားလုံး​ကို သခင်​ဘုရား​၏​မျက်နှာ​တော်​ကို​ထောက်၍ နာခံ​ကြ​လော့။ အထွတ်အမြတ်​ဖြစ်​သော​ရှင်ဘုရင်​ကို​ဖြစ်စေ၊ ဒုစရိုက်​ပြု​သူ​များ​ကို ပြစ်ဒဏ်​ပေး​၍ လူ​ကောင်း​တို့​ကို ဂုဏ်ပြု​ချီးမွမ်း​ရန် ရှင်ဘုရင်​စေလွှတ်​သော​ဘုရင်ခံ​များ​ကို​ဖြစ်စေ နာခံ​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ကောင်း​သော​အမှု​ကို​ပြု​ခြင်း​အားဖြင့် မိုက်မဲ​သော​သူ​တို့​၏​အသိဉာဏ်​ကင်းမဲ့​မှု​ကို တိတ်ဆိတ်​စေ​ခြင်း​သည် ဘုရားသခင်​၏​အလို​တော်​ဖြစ်​၏။ လွတ်လပ်​သော​သူ​များ​အဖြစ် အသက်ရှင်​နေထိုင်​ကြ​လော့။ သို့သော် ထို​လွတ်လပ်​ခြင်း​ကို မကောင်းမှု​ပြု​ရန် ဆင်ခြေဆင်လက်​အဖြစ် အသုံး​မ​ပြု​ဘဲ ဘုရားသခင်​၏​အစေအပါး​အဖြစ် အသုံးပြု​ကြ​လော့။ လူ​အပေါင်း​တို့​ကို ရိုသေ​ကြ​လော့။ ညီအစ်ကို​အချင်းချင်း​ချစ်​ကြ​လော့။ ဘုရားသခင်​ကို ကြောက်ရွံ့​ကြ​လော့။ ရှင်ဘုရင်​ကို ရိုသေ​ကြ​လော့။ အစေခံ​တို့၊ ကြောက်ရွံ့​ရိုသေ​သော​စိတ်​အပြည့်အဝ​ဖြင့် သင်​တို့​၏​သခင်​များ​ကို​နာခံ​ကြ​လော့။ စိတ်သဘော​ကောင်း​၍ ညင်သာ​သော​သခင်​များ​ကို​သာ​မ​ဟုတ်​ဘဲ ကြမ်းတမ်း​ခက်ထန်​သော​သခင်​များ​ကို​လည်း နာခံ​ကြ​လော့။ အကြောင်းမူကား မည်သူမဆို မတရား​သဖြင့် ဒုက္ခ​ဝေဒနာ​ကို​ခံစား​ရ​သောအခါ ဘုရားသခင်​နှင့်ဆိုင်သော​အသိစိတ်​ကို​ထောက်​၍ ဝမ်းနည်း​ခြင်း​ကို​သည်းခံ​လျှင် ဂုဏ်ယူ​ဖွယ်​ဖြစ်​၏။ သင်​တို့​သည် အပြစ်​ပြု​၍ ရိုက်နှက်​ခြင်း​ခံရ​သည်​ကို​သည်းခံ​လျှင် မည်သည့်​ချီးမွမ်း​စရာ​ရှိ​မည်နည်း။ သို့သော် ကောင်း​သော​အမှု​ကို​ပြု​၍ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သည်​ကို​သည်းခံ​လျှင် ဘုရားသခင်​ရှေ့​တော်​၌ ဂုဏ်ယူ​ဖွယ်​ဖြစ်​၏။ အမှန်စင်စစ် သင်​တို့​သည် ဤ​အတွက် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​၏။ အကြောင်းမူကား ခရစ်တော်​သည်​လည်း သင်​တို့​ကို မိမိ​ခြေရာ​တော်​အတိုင်း​လိုက်လျှောက်​စေရန် သင်​တို့​ကိုယ်စား ဒုက္ခ​ဝေဒနာ​ခံစားရ​လျက် သင်​တို့​အတွက် စံနမူနာ​ကို​ထား​ပေး​တော်မူ​၏။ ကိုယ်တော်​သည် အပြစ်​ကို​မ​ပြု။ ကိုယ်တော်​၏​နှုတ်​တော်​၌ မုသား​ကို​မ​တွေ့​ရ။

​ရှင်ပေတရုဩဝါဒစာပထမစောင် 2:11-22 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။