ဓမ္မရာဇဝင်တတိယစောင် 8
8
ရှောလမုန်မင်းကြီး ဗိမာန်တော်ကိုဆက်ကပ်ခြင်း
1ထို့နောက်တွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ်မြို့ခေါ်ဇိအုန်မြို့သို့ ယူဆောင်လာရန် ရှောလမုန်မင်းကြီးသည် အစ္စရေးသက်ကြီးဝါကြီးများ၊ အစ္စရေးအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်များဖြစ်သော အမျိုးအနွယ်တို့၏အကြီးအမှူးအပေါင်းတို့အား ရှောလမုန်မင်းကြီးရှိရာ ဂျေရုဆလင်မြို့သို့ လာရောက်စုရုံးစေ၏။ 2ထို့ကြောင့် ဧသနိမ်လ ဟုခေါ်သော သတ္တမလပွဲတော်ကျင်းပချိန်တွင် အစ္စရေးအမျိုးသားအပေါင်းတို့သည် ရှောလမုန်မင်းကြီးထံ စုရုံးရောက်ရှိလာကြ၏။
3အစ္စရေးသက်ကြီးဝါကြီးအားလုံး ရောက်လာသောအခါ ယဇ်ပုရောဟိတ်တို့သည် သေတ္တာတော်ကို ပင့်ဆောင်ကြ၏။ 4သူတို့သည် ထာဝရဘုရား၏သေတ္တာတော်၊ တွေ့ဆုံစည်းဝေးရာတဲတော်နှင့် တဲတော်အတွင်းရှိ သန့်ရှင်းသောအသုံးအဆောင်အားလုံးကို သယ်ဆောင်လာကြ၏။ ဤအရာတို့ကို ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားများသည် သယ်ဆောင်လာကြ၏။ 5ရှောလမုန်မင်းကြီးနှင့် သူ့ထံသို့စုဝေးရောက်ရှိလာသောအစ္စရေးလူထုအပေါင်းတို့သည် သေတ္တာတော်ရှေ့တွင် မရေမတွက်နိုင်အောင်များပြားလှသော သိုးနွားတို့ကို ပူဇော်ကြ၏။ 6ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်လာပြီး အိမ်တော်အတွင်းခန်း အသန့်ရှင်းဆုံးဌာနတော်ရှိ ခေရုဗိမ်#8:6 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။တို့၏အတောင်တော်အောက်တွင် နေရာချထား၏။ 7ခေရုဗိမ်#8:7 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။တို့၏အတောင်များသည် သေတ္တာတော်နေရာအထက်တွင် ဖြန့်ထားလျက်ရှိသဖြင့် ထိုခေရုဗိမ်တို့၏အတောင်များသည် သေတ္တာတော်နှင့် ထမ်းပိုးတော်တို့အပေါ် အုပ်မိုးထား၏။ 8ထမ်းပိုးတော်တို့သည် ရှည်လွန်းသဖြင့် ထမ်းပိုးအစွန်းပိုင်းကို အပြင်မှမမြင်ရသော်လည်း အတွင်းခန်းရှိသန့်ရှင်းရာဌာနမှ လှမ်းမြင်ရ၏။ ယနေ့ထိတိုင် ထမ်းပိုးများ ထိုနေရာတွင် ရှိနေ၏။ 9သေတ္တာတော်ထဲတွင် ကျောက်ပြားနှစ်ချပ်မှလွဲ၍ မည်သည့်အရာမျှမရှိ။ ထိုကျောက်ပြားတို့သည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီး ဟောရပ်အရပ်၌ ထာဝရဘုရားနှင့်ပဋိညာဉ်ဖွဲ့ခဲ့ကြစဉ် မောရှေထည့်သွင်းထားသောကျောက်ပြားများ ဖြစ်ကြ၏။
10ယဇ်ပုရောဟိတ်များ သန့်ရှင်းရာဌာနထဲမှထွက်လာသောအခါ ထာဝရဘုရား၏အိမ်တော်ကို မိုးတိမ်များ ဖုံးလွှမ်းသွားလေ၏။ 11ထိုမိုးတိမ်များကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ဆောင်၍ပင် မရကြတော့ပေ။ ဤသို့ဖြင့် ထာဝရဘုရား၏ဘုန်းတော်သည် ထာဝရဘုရား၏အိမ်တော်ကို ဖုံးလွှမ်းလျက်ရှိလေ၏။ 12ထိုအခါ ရှောလမုန်မင်းကြီးမြွက်ဆိုသည်မှာ “တိမ်ထုကြီးထဲတွင် စံမြန်းတော်မူမည်ဟု ထာဝရဘုရားမိန့်ဆိုပြီ။ 13ကိုယ်တော်အဖို့ မြင့်မြတ်သောအိမ်တော်၊ ကိုယ်တော် အစဉ်အမြဲကိန်းဝပ်တော်မူရာနေရာကို အကျွန်ုပ်တည်ဆောက်ပါပြီ”ဟု မြွက်ဆို၏။ 14ထို့နောက် ရှင်ဘုရင်သည် ရပ်လျက်နေကြသောအစ္စရေးလူထုအပေါင်းတို့ဘက်သို့လှည့်၍ အစ္စရေးလူထုတစ်ရပ်လုံးကို ကောင်းချီးပေးပြီးလျှင် 15“အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား နှုတ်ကတိထားတော်မူခဲ့သည်ကို လက်တွေ့ ပြည့်စုံစေတော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းထောမနာပြုပါ၏။ 16ကိုယ်တော်က ‘ငါ့လူမျိုးတော်အစ္စရေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ငါ့နာမတည်ရာအိမ်တော်ကိုတည်ဆောက်ရန် အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့တစ်မြို့မြို့ကို ငါမရွေးချယ်ခဲ့။ သို့သော် ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကို ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။ 17အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကိုတည်ဆောက်ရန် ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး စိတ်ဆန္ဒရှိခဲ့၏။ 18သို့သော် ထာဝရဘုရားက ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့နာမအဖို့ အိမ်တော်ကိုတည်ဆောက်ရန် သင် စိတ်ဆန္ဒရှိလေပြီ။ ထိုစိတ်ဆန္ဒရှိခြင်းသည် ကောင်းသောအမှုဖြစ်၏။ 19သို့သော် အိမ်တော်ကို သင်မတည်ဆောက်ရ။ သင့်ရင်သွေး၊ သင့်သားသာလျှင် ငါ့နာမအဖို့ အိမ်တော်ကို တည်ဆောက်ရလိမ့်မည်’ဟု မိန့်ဆိုခဲ့၏။ 20ယခုမှာ ထာဝရဘုရားသည် မိမိပြုထားသောကတိတော်ကို တည်စေပြီ။ ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ငါသည် ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကို ဆက်ခံပြီး အစ္စရေးရာဇပလ္လင်ပေါ်တွင် စံမြန်းနေရပြီ။ အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကိုလည်း တည်ဆောက်ခဲ့ပြီ။ 21ငါတို့ဘိုးဘေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့စဉ်က သူတို့နှင့်ဖွဲ့ခဲ့သောထာဝရဘုရား၏ပဋိညာဉ်ပါသေတ္တာတော်ထားမည့်နေရာကို ငါပြင်ဆင်ထားပြီ”ဟု မြွက်ဆိုလေ၏။
ရှောလမုန်မင်းကြီး၏ဆုတောင်းချက်
22ထို့နောက် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏ယဇ်ပလ္လင်တော်ရှေ့၊ အစ္စရေးလူထုအပေါင်းတို့ရှေ့တွင်ရပ်လျက် ကောင်းကင်သို့လက်ကိုဖြန့်ပြီးလျှင် 23“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ အထက်ကောင်းကင်၊ အောက်မြေကြီးပေါ်တွင် ကိုယ်တော်နှင့်တူသောဘုရားမရှိပါ။ ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့လိုက်လျှောက်သော ကိုယ်တော်၏အစေအပါးတို့အား ကရုဏာတော်ကို ပြတော်မူပြီ။ ပဋိညာဉ်ကို တည်စေတော်မူပြီ။ 24ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီး၌ ထားခဲ့သောကတိတော်များကို တည်စေတော်မူပြီ။ နှုတ်တော်ဖြင့် ကတိထားတော်မူခဲ့သည်ကို ယနေ့တွင် လက်တွေ့ ပြည့်စုံစေပါပြီ။ 25အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့ရှေ့မှောက်၌ သင်အသက်ရှင်လျှောက်လှမ်းခဲ့သည့်နည်းတူ သင့်သားမြေးတို့သည်လည်း ငါ့ရှေ့မှောက်၌ တည်ကြည်စွာအသက်ရှင်လျှောက်လှမ်းလျှင် သင့်မျိုးရိုးသည် ငါ့ရှေ့မှောက် အစ္စရေးရာဇပလ္လင်တွင် မပြတ်စံမြန်းရလိမ့်မည်’ဟု မိန့်ဆိုခဲ့သည့်စကားကို တည်စေတော်မူပါ။ 26အို အစ္စရေးလူမျိုး၏ဘုရားသခင်၊ ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား မိန့်ဆိုခဲ့သည့်ကတိတော်ကို ယခု အမှန်ဖြစ်လာစေတော်မူပါ။ 27အကယ်စင်စစ် ဘုရားသခင်သည် ဤမြေကြီးပေါ်တွင် ကိန်းဝပ်တော်မူမည်လော။ ကြည့်ရှုလော့။ ကောင်းကင်သာမက အမြင့်ဆုံးသောကောင်းကင်ကြီးပင် ကိုယ်တော်နှင့်မဆံ့နိုင်ပါ။ သို့ဖြစ်၍ အကျွန်ုပ်ဆောက်ထားသောဤအိမ်တော်ကား အဘယ်ဆိုဖွယ်ရာရှိပါလိမ့်မည်နည်း။ 28အို အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော့်အစေအပါးဆုတောင်းအသနားခံသည်ကို ဂရုစိုက်လှည့်ပါ။ ယနေ့ ကိုယ်တော့်ရှေ့တော်တွင် ကိုယ်တော့်အစေအပါး တောင်းလျှောက်သောဆုတောင်းသံ၊ အော်ဟစ်သံကို နားညောင်းတော်မူပါ။ 29‘ဤနေရာ၌ ငါ့နာမတည်မည်’ဟု ကိုယ်တော်မိန့်မှာထားသည့်အတိုင်း ဤနေရာ၊ ဤအိမ်တော်ကို နေ့ညမပြတ်စောင့်ကြည့်တော်မူပါ။ ဤနေရာသို့မျက်နှာမူပြီးဆုတောင်းသော ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ 30ကိုယ်တော်၏အစေအပါးနှင့် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့သည် ဤနေရာသို့မျက်နှာမူပြီး ဆုတောင်းအသနားခံကြသောအခါ ကိုယ်တော်နားညောင်းတော်မူပါ။ ကိုယ်တော်ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူပါ။ နားညောင်းတော်မူ၍ ခွင့်လွှတ်တော်မူပါ။ 31တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းကို ပြစ်မှားမိသဖြင့် ကျိန်ဆိုစရာအကြောင်းရှိ၍ ဤအိမ်တော်ရှိ ကိုယ်တော်၏ယဇ်ပလ္လင်ရှေ့တွင် လာရောက်ကျိန်ဆိုလျှင် 32ကိုယ်တော်သည် ကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ကိုယ်တော်၏အစေအပါးတို့အား အရေးယူစီရင်တော်မူပါ။ အပြစ်ရှိသူကို သူပြုခဲ့သည့်အပြစ်အတိုင်း ပြန်ခံရစေရန် စီရင်တော်မူပါ။ ဖြောင့်မတ်မှန်ကန်သူကိုမူ သူဖြောင့်မတ်သည့်အတိုင်း အကျိုးကိုခံစားရစေရန် စီရင်တော်မူပါ။ 33ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့သည် ကိုယ်တော့်ကိုပြစ်မှားမိသဖြင့် ရန်သူကို ရှုံးနိမ့်သွားပြီးမှ သူတို့သည် ကိုယ်တော့်ထံပြန်လာ၍ နာမတော်ကိုဝန်ခံလျက် ဤအိမ်တော်၌ ကိုယ်တော့်ထံ ဆုတောင်းအသနားခံလျှင် 34ကိုယ်တော်သည် ကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ သူတို့ဘိုးဘေးတို့အား ကိုယ်တော်ပေးသနားတော်မူသောပြည်သို့ သူတို့ကို ပြန်လည်ပို့ဆောင်တော်မူပါ။ 35ကိုယ်တော့်ကိုပြစ်မှားမိ၍ ကိုယ်တော်သည် သူတို့ကို ဆုံးမသောအားဖြင့် ကောင်းကင်တံခါးကိုပိတ်လျက် မိုးခေါင်စေသောအခါ သူတို့သည် အပြစ်လမ်းမှပြန်လှည့်၍ ကိုယ်တော်၏နာမတော်ကိုဝန်ခံလျက် ဤနေရာသို့မျက်နှာမူပြီး ဆုတောင်းအသနားခံလျှင် 36ကိုယ်တော်သည် ကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ကိုယ်တော်၏အစေအပါးတို့နှင့် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့၏အပြစ်များကို ခွင့်လွှတ်တော်မူပါ။ မှန်ကန်သောလမ်းကို လိုက်လျှောက်နိုင်ရန် သွန်သင်တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်အား အမွေပေးတော်မူသော ကိုယ်တော်၏မြေပေါ်တွင် မိုးကိုရွာစေတော်မူပါ။ 37ပြည်တော်တွင် ငတ်မွတ်ခြင်းဘေး၊ ကပ်ရောဂါဘေး ကျရောက်သောအခါ၊ လောင်မီးပိုး၊ မှိုရောဂါ၊ ကျိုင်းကောင်၊ နှံကောင်တို့ကျသောအခါ၊ ပြည်တော်၏မြို့တံခါးတို့တွင် ရန်သူတို့ဝိုင်းလာသောအခါ၊ ဘေးဒဏ်တစ်စုံတစ်ရာ၊ အနာရောဂါတစ်စုံတစ်ရာ ဖြစ်သောအခါ 38တစ်စုံတစ်ယောက်ဖြစ်စေ၊ ကိုယ်တော်၏လူမျိုးတော်အစ္စရေးအပေါင်းတို့ဖြစ်စေ ကိုယ့်ဝေဒနာကိုယ်သိမှတ်လျက် ဤအိမ်တော်သို့မျက်နှာမူပြီး လက်ကိုဆန့်လျက် ဆုတောင်းအသနားခံလျှင် 39ကိုယ်တော်သည် ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ခွင့်လွှတ်တော်မူပါ။ ကိုယ်တော်သည် လူသားအားလုံးတို့၏စိတ်နှလုံးအကြံအစည်ကို သိတော်မူပါ၏။ သူတို့၏စိတ်နှလုံးအကြံအစည်ကို သိတော်မူသည်နှင့်အညီ သူတို့ကို စီရင်တော်မူပါ။ သူတို့၏အကျင့်အတိုင်း သူတို့ကို ပြန်ပေးဆပ်စေတော်မူပါ။ 40သို့မှသာ အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ကိုယ်တော်ပေးသနားတော်မူသောပြည်တွင် သူတို့အသက်ရှင်သမျှကာလပတ်လုံး ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြပါလိမ့်မည်။ 41ကိုယ်တော်၏လူမျိုးတော်အစ္စရေးမဟုတ်သော တစ်ပါးအမျိုးသားတို့သည်လည်း ကိုယ်တော်၏နာမတော်ကြောင့် ဝေးသောအရပ်မှလာ၍ 42ဤအိမ်တော်သို့မျက်နှာမူပြီး ဆုတောင်းကြလျှင် (အကြောင်းမူကား သူတို့သည် ကိုယ်တော်၏ကြီးမြတ်သောနာမတော်၊ အားကြီးသောလက်တော်၊ တန်ခိုးကြီးသောလက်ရုံးတော်အကြောင်းကို ကြားကြလိမ့်မည်။) 43ကိုယ်တော်သည် ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူပါ၊ ထိုတစ်ပါးအမျိုးသားတို့ တောင်းလျှောက်သမျှကို ပြုပေးတော်မူပါ။ သို့မှ မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ကဲ့သို့ ကိုယ်တော်၏နာမတော်ကို သိကျွမ်း၍ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြပါလိမ့်မည်။ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကိုလည်း ကိုယ်တော်၏နာမတော်တည်ရာအိမ်တော်ဟု ခေါ်ဝေါ်ကြောင်း သိကြပါလိမ့်မည်။ 44ကိုယ်တော်၏လူမျိုးတော်တို့သည် ကိုယ်တော်စေရာလမ်းအတိုင်း ရန်သူတို့အား စစ်ထွက်တိုက်ရသောအခါ သူတို့သည် ကိုယ်တော်ရွေးချယ်တော်မူသောဤမြို့၊ ကိုယ်တော်၏နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သောအိမ်တော်ဘက်သို့ မျက်နှာမူပြီး ထာဝရဘုရားထံ ဆုတောင်းကြလျှင် 45ကောင်းကင်ဘုံမှနေ၍ သူတို့၏ဆုတောင်းအသနားခံသံကို နားညောင်းတော်မူပြီး သူတို့၏စစ်မှုကို စီရင်ပေးတော်မူပါ။ 46မပြစ်မှားဘဲနေနိုင်သူ တစ်ယောက်မျှမရှိသည်ဖြစ်၍ သူတို့သည် ကိုယ်တော့်ကို ပြစ်မှားမိလျှင် ကိုယ်တော်သည် သူတို့ကို အမျက်ထွက်၍ ရန်သူလက်သို့ အပ်လိုက်သဖြင့် ရပ်နီးရပ်ဝေးရှိရန်သူတို့၏ပြည်သို့ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး 47ဖမ်းခေါ်သွားခြင်းခံရသောပြည်၌ သူတို့ စိတ်နှလုံးပြောင်းလဲ၍ ‘အကျွန်ုပ်တို့ ပြစ်မှားမိပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ မကောင်းမှုများကို ပြုမိပါပြီ’ဟု ဆိုလျက် နောင်တရကာ ဖမ်းခေါ်သွားခြင်းခံရသည့်အရပ်၌ပင် ကိုယ်တော့်ထံ ဆုတောင်းအသနားခံလျှင်၊ 48သူတို့သည် ဖမ်းခေါ်သွားခြင်းခံရသော ရန်သူ့ပြည်၌ပင် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် ကိုယ်တော့်ထံပြန်လာ၍ သူတို့၏ဘိုးဘေးတို့အား ကိုယ်တော်ပေးသနားတော်မူသောပြည်၊ ကိုယ်တော်ရွေးချယ်တော်မူရာမြို့၊ နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သောအိမ်တော်ဘက်သို့ မျက်နှာမူပြီး ကိုယ်တော့်ထံ ဆုတောင်းကြလျှင် 49ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှနေ၍ သူတို့ဆုတောင်းအသနားခံသံကို နားညောင်းတော်မူပြီး သူတို့၏အမှုကို စီရင်ပေးတော်မူပါ။ 50ကိုယ်တော်ကိုပြစ်မှားမိသော ကိုယ်တော့်လူမျိုးတော်တို့၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ ကိုယ်တော်ကို သူတို့ဆန့်ကျင်ကျူးလွန်မိသောအပြစ်အလုံးစုံတို့ကို ခွင့်လွှတ်တော်မူပါ။ သူတို့ကို ဖမ်းခေါ်သွားသောသူတို့အား သနားတတ်သောစိတ်ကိုပေးတော်မူပါ။ သို့မှ သူတို့ကို သနားပါလိမ့်မည်။ 51သူတို့သည် သံမီးပြင်းဖိုအီဂျစ်ပြည်ထဲမှ ကိုယ်တော်ခေါ်ထုတ်တော်မူခဲ့သော ကိုယ်တော်၏အမွေခံလူမျိုးတော်ဖြစ်ပါသည်။ 52ကိုယ်တော်၏အစေအပါး၊ ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ ဆုတောင်းအသနားခံသည်ကို မြင်တော်မူလှည့်ပါ။ ကိုယ်တော့်ထံ တောင်းလျှောက်သမျှကို နားညောင်းတော်မူပါ။ 53အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်တို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့စဉ်က ကိုယ်တော့်အစေအပါးမောရှေအား မိန့်မှာတော်မူခဲ့သည့်အတိုင်း သူတို့ကို ကိုယ်တော်၏အမွေခံလူမျိုးတော်အဖြစ် မြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့ထဲမှ ရွေးကောက်တော်မူခဲ့ပါပြီ”ဟု မြွက်ဆို၏။
ရှောလမုန်မင်းကြီးပေးသောကောင်းချီးမင်္ဂလာ
54ထိုသို့ ရှောလမုန်မင်းကြီးသည် ဤဆုတောင်းအသနားခံချက်အလုံးစုံတို့ကို ထာဝရဘုရားထံတောင်းလျှောက်ပြီးသောအခါ ထာဝရဘုရား၏ယဇ်ပလ္လင်ရှေ့တွင် ဒူးထောက်ပြီး ကောင်းကင်သို့ လက်ကိုဆန့်ရာမှ ထ၍ 55မတ်တတ်ရပ်လျက် အစ္စရေးလူထုအပေါင်းတို့အား အသံကျယ်လောင်စွာဖြင့် ကောင်းချီးပေးပြီးမှ မြွက်ဆိုသည်မှာ 56“ကတိတော်အလုံးစုံနှင့်အညီ မိမိလူမျိုးတော်အစ္စရေးတို့အား အေးချမ်းသာယာမှုကို ပေးသနားတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ ကိုယ်တော်၏အစေအပါးမောရှေအား မိန့်မှာထားခဲ့သည့် ကောင်းမြတ်သောကတိတော်များ တစ်စုံတစ်ခုမျှမပျက်ယွင်းပါ။ 57အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘိုးဘေးတို့နှင့်အတူ တည်ရှိခဲ့သည့်နည်းတူ အကျွန်ုပ်တို့နှင့်လည်း အတူတည်ရှိတော်မူပါစေသော။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။ အကျွန်ုပ်တို့ကို စွန့်ခွာသွားတော်မမူပါနှင့်။ 58ဘိုးဘေးတို့အား မိန့်မှာထားခဲ့သည့် ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို လိုက်နာစောင့်ထိန်း၍ ကိုယ်တော်၏လမ်းရှိသမျှအတိုင်း လိုက်လျှောက်နိုင်မည့်အကြောင်း အကျွန်ုပ်တို့၏စိတ်နှလုံးကို ကိုယ်တော့်ထံသို့ တိမ်းညွတ်စေတော်မူပါ။ 59ထာဝရဘုရားထံ အကျွန်ုပ်တောင်းလျှောက်သော ဤဆုတောင်းချက်များသည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံ နေ့ညမပြတ်ရောက်ရှိပါစေသော။ နေ့စဉ်နှင့်အမျှ ကြုံနေရသော ကိုယ်တော့်အစေအပါး၏အမှုကိစ္စများနှင့် ကိုယ်တော့်လူမျိုးတော်အစ္စရေးတို့၏အမှုကိစ္စများကိုလည်း စီရင်ပေးသနားတော်မူပါစေသော။ 60သို့မှ ထာဝရဘုရားတစ်ပါးတည်းသာ ဘုရားဖြစ်တော်မူပြီး အခြားဘုရားမရှိကြောင်းကို မြေကြီးသားအပေါင်းတို့ သိရကြလိမ့်မည်။ 61ဤနေ့ကဲ့သို့ပင် ကိုယ်တော်၏ပြဋ္ဌာန်းချက်အတိုင်း လိုက်လျှောက်ရန်နှင့် ကိုယ်တော်၏ပညတ်တော်များကိုစောင့်ထိန်းရန် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားကို သင်တို့စိတ်နှလုံးအကြွင်းမဲ့ဝန်ခံကြပါစေသော”ဟူ၍ ဖြစ်၏။
62ထို့နောက် ရှင်ဘုရင်နှင့်တကွ အထံတော်ရှိ အစ္စရေးလူမျိုးအပေါင်းတို့သည် ထာဝရဘုရားထံ ယဇ်ပူဇော်ကြလေ၏။ 63ရှောလမုန်မင်းကြီးသည် နွားကောင်ရေနှစ်သောင်းနှစ်ထောင်၊ သိုးကောင်ရေတစ်သိန်းနှစ်သောင်းတို့ကို ထာဝရဘုရားထံ မိတ်သဟာယယဇ်အဖြစ် ပူဇော်၏။ ဤသို့ဖြင့် ရှင်ဘုရင်နှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏အိမ်တော်ကို ဆက်ကပ်ကြလေ၏။ 64ထာဝရဘုရားရှေ့တော်ရှိ ကြေးနီယဇ်ပလ္လင်သည် သေးငယ်၍ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်ရန် နေရာမဆံ့ပေ။ ထို့ကြောင့် ထိုနေ့တွင်ပင် ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်ရှေ့ရှိ ဝင်းအတွင်းကိုလည်း သန့်ရှင်းခြင်းဝတ်ကိုပြု၍ ထိုနေရာတွင်ပင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်လေ၏။
65ထိုအချိန်တွင်ပင် ရှောလမုန်မင်းကြီးသည် လီဘိုဟာမတ်အရပ်မှ အီဂျစ်မြစ်တိုင်အောင် အရပ်ရပ်မှရောက်လာသော အစ္စရေးလူအုပ်ကြီးနှင့်အတူ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပြီး နောက်ထပ်ခုနစ်ရက် စုစုပေါင်းတစ်ဆယ့်လေးရက်တိုင် ပွဲတော်ကျင်းပလေ၏။ 66ရှစ်ရက်မြောက်သောနေ့တွင် လူတို့ကို ပြန်လွှတ်လိုက်ရာ သူတို့သည်လည်း ရှင်ဘုရင်ကိုကောင်းချီးပေးပြီး ထာဝရဘုရားက မိမိအစေအပါးဒါဝိဒ်နှင့် မိမိလူမျိုးတော်အစ္စရေးတို့အဖို့ ပြုတော်မူသောကောင်းကျိုးချမ်းသာအလုံးစုံကြောင့် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် မိမိတို့နေရပ်သို့ပြန်သွားကြ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်တတိယစောင် 8: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative