YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်တတိယစောင် 8:22-43

ဓမ္မရာဇဝင်တတိယစောင် 8:22-43 MSBU

ထို့နောက် ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​ယဇ်ပလ္လင်​တော်​ရှေ့​၊ အစ္စရေး​လူထု​အပေါင်း​တို့​ရှေ့​တွင်​ရပ်​လျက် ကောင်းကင်​သို့​လက်​ကို​ဖြန့်​ပြီးလျှင် “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ အထက်​ကောင်းကင်​၊ အောက်​မြေကြီး​ပေါ်တွင် ကိုယ်တော်​နှင့်​တူ​သော​ဘုရား​မ​ရှိ​ပါ​။ ရှေ့​တော်​၌ စိတ်နှလုံး​အကြွင်းမဲ့​လိုက်လျှောက်​သော ကိုယ်တော်​၏​အစေအပါး​တို့​အား ကရုဏာ​တော်​ကို ပြ​တော်မူ​ပြီ​။ ပဋိညာဉ်​ကို တည်​စေ​တော်မူ​ပြီ​။ ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၌ ထား​ခဲ့​သော​ကတိ​တော်​များ​ကို တည်​စေ​တော်မူ​ပြီ​။ နှုတ်​တော်​ဖြင့် ကတိထား​တော်မူ​ခဲ့​သည်​ကို ယနေ့​တွင် လက်တွေ့ ပြည့်စုံ​စေ​ပါ​ပြီ​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ‘​ငါ့​ရှေ့မှောက်​၌ သင်​အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည့်​နည်းတူ သင့်​သားမြေး​တို့​သည်​လည်း ငါ့​ရှေ့မှောက်​၌ တည်ကြည်​စွာ​အသက်ရှင်​လျှောက်လှမ်း​လျှင် သင့်​မျိုးရိုး​သည် ငါ့​ရှေ့မှောက် အစ္စရေး​ရာဇပလ္လင်​တွင် မပြတ်​စံမြန်း​ရ​လိမ့်မည်​’​ဟု မိန့်ဆို​ခဲ့​သည့်​စကား​ကို တည်​စေ​တော်မူ​ပါ​။ အို အစ္စရေး​လူမျိုး​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား မိန့်ဆို​ခဲ့​သည့်​ကတိ​တော်​ကို ယခု အမှန်​ဖြစ်လာ​စေ​တော်မူ​ပါ​။ အကယ်စင်စစ် ဘုရားသခင်​သည် ဤ​မြေကြီး​ပေါ်တွင် ကိန်းဝပ်​တော်မူ​မည်လော​။ ကြည့်ရှု​လော့​။ ကောင်းကင်​သာမက အမြင့်ဆုံးသောကောင်းကင်ကြီး​ပင် ကိုယ်တော်​နှင့်​မ​ဆံ့​နိုင်​ပါ​။ သို့ဖြစ်၍ အကျွန်ုပ်​ဆောက်ထား​သော​ဤ​အိမ်​တော်​ကား အဘယ်ဆိုဖွယ်​ရာ​ရှိ​ပါ​လိမ့်​မည်နည်း​။ အို အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော့်​အစေအပါး​ဆုတောင်း​အသနားခံ​သည်​ကို ဂရုစိုက်​လှည့်​ပါ​။ ယနေ့ ကိုယ်တော့်​ရှေ့​တော်​တွင် ကိုယ်တော့်​အစေအပါး တောင်းလျှောက်​သော​ဆုတောင်းသံ​၊ အော်ဟစ်သံ​ကို နားညောင်း​တော်မူ​ပါ​။ ‘​ဤ​နေရာ​၌ ငါ့​နာမ​တည်​မည်​’​ဟု ကိုယ်တော်​မိန့်မှာ​ထား​သည့်​အတိုင်း ဤ​နေရာ​၊ ဤ​အိမ်​တော်​ကို နေ့​ည​မပြတ်​စောင့်ကြည့်​တော်မူ​ပါ​။ ဤ​နေရာ​သို့​မျက်နှာမူ​ပြီး​ဆုတောင်း​သော ကိုယ်တော့်​အစေအပါး​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ ကိုယ်တော်​၏​အစေအပါး​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​သည် ဤ​နေရာ​သို့​မျက်နှာမူ​ပြီး ဆုတောင်း​အသနားခံ​ကြ​သောအခါ ကိုယ်တော်​နားညောင်း​တော်မူ​ပါ​။ ကိုယ်တော်​ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​ပါ​။ နားညောင်း​တော်မူ​၍ ခွင့်လွှတ်​တော်မူ​ပါ​။ တစ်စုံတစ်ဦး​သည် မိမိ​အိမ်နီးချင်း​ကို ပြစ်မှား​မိ​သဖြင့် ကျိန်ဆိုစရာ​အကြောင်း​ရှိ​၍ ဤ​အိမ်​တော်​ရှိ ကိုယ်တော်​၏​ယဇ်ပလ္လင်​ရှေ့​တွင် လာရောက်​ကျိန်ဆို​လျှင် ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​တို့​အား အရေးယူ​စီရင်​တော်မူ​ပါ​။ အပြစ်ရှိ​သူ​ကို သူ​ပြု​ခဲ့​သည့်​အပြစ်​အတိုင်း ပြန်ခံရ​စေရန် စီရင်​တော်မူ​ပါ​။ ဖြောင့်မတ်​မှန်ကန်​သူ​ကို​မူ သူ​ဖြောင့်မတ်​သည့်​အတိုင်း အကျိုး​ကို​ခံစား​ရ​စေရန် စီရင်​တော်မူ​ပါ​။ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​သည် ကိုယ်တော့်​ကို​ပြစ်မှား​မိ​သဖြင့် ရန်သူ​ကို ရှုံးနိမ့်​သွား​ပြီးမှ သူ​တို့​သည် ကိုယ်တော့်​ထံ​ပြန်လာ​၍ နာမ​တော်​ကို​ဝန်ခံ​လျက် ဤ​အိမ်​တော်​၌ ကိုယ်တော့်​ထံ ဆုတောင်း​အသနားခံ​လျှင် ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​အပြစ်​ကို ခွင့်လွှတ်​တော်မူ​ပါ​။ သူ​တို့​ဘိုးဘေး​တို့​အား ကိုယ်တော်​ပေးသနား​တော်မူ​သော​ပြည်​သို့ သူ​တို့​ကို ပြန်လည်​ပို့ဆောင်​တော်မူ​ပါ​။ ကိုယ်တော့်​ကို​ပြစ်မှား​မိ​၍ ကိုယ်တော်​သည် သူ​တို့​ကို ဆုံးမ​သော​အားဖြင့် ကောင်းကင်​တံခါး​ကို​ပိတ်​လျက် မိုးခေါင်​စေ​သောအခါ သူ​တို့​သည် အပြစ်လမ်း​မှ​ပြန်လှည့်​၍ ကိုယ်တော်​၏​နာမ​တော်​ကို​ဝန်ခံ​လျက် ဤ​နေရာ​သို့​မျက်နှာမူ​ပြီး ဆုတောင်း​အသနားခံ​လျှင် ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​တို့​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​ပါ​။ မှန်ကန်​သော​လမ်း​ကို လိုက်လျှောက်​နိုင်​ရန် သွန်သင်​တော်မူ​ပါ​။ ကိုယ်တော်​၏​လူမျိုး​တော်​အား အမွေ​ပေး​တော်မူ​သော ကိုယ်တော်​၏​မြေ​ပေါ်တွင် မိုး​ကို​ရွာ​စေ​တော်မူ​ပါ​။ ပြည်​တော်​တွင် ငတ်မွတ်​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး ကျရောက်​သောအခါ​၊ လောင်မီးပိုး​၊ မှိုရောဂါ​၊ ကျိုင်းကောင်​၊ နှံကောင်​တို့​ကျ​သောအခါ​၊ ပြည်​တော်​၏​မြို့​တံခါး​တို့​တွင် ရန်သူ​တို့​ဝိုင်းလာ​သောအခါ​၊ ဘေးဒဏ်​တစ်စုံတစ်ရာ​၊ အနာရောဂါ​တစ်စုံတစ်ရာ ဖြစ်​သောအခါ တစ်စုံတစ်ယောက်​ဖြစ်စေ​၊ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​အပေါင်း​တို့​ဖြစ်စေ ကိုယ့်​ဝေဒနာ​ကိုယ်​သိမှတ်​လျက် ဤ​အိမ်​တော်​သို့​မျက်နှာမူ​ပြီး လက်​ကို​ဆန့်​လျက် ဆုတောင်း​အသနားခံ​လျှင် ကိုယ်တော်​သည် ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ခွင့်လွှတ်​တော်မူ​ပါ​။ ကိုယ်တော်​သည် လူသား​အားလုံး​တို့​၏​စိတ်နှလုံး​အကြံအစည်​ကို သိ​တော်မူ​ပါ​၏​။ သူ​တို့​၏​စိတ်နှလုံး​အကြံအစည်​ကို သိ​တော်မူ​သည်​နှင့်အညီ သူ​တို့​ကို စီရင်​တော်မူ​ပါ​။ သူ​တို့​၏​အကျင့်​အတိုင်း သူ​တို့​ကို ပြန်ပေးဆပ်​စေ​တော်မူ​ပါ​။ သို့မှသာ အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​အား ကိုယ်တော်​ပေးသနား​တော်မူ​သော​ပြည်​တွင် သူ​တို့​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကိုယ်တော့်​ကို ကြောက်ရွံ့ရိုသေ​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​မ​ဟုတ်​သော တစ်ပါးအမျိုးသား​တို့​သည်​လည်း ကိုယ်တော်​၏​နာမ​တော်​ကြောင့် ဝေး​သော​အရပ်​မှ​လာ​၍ ဤ​အိမ်​တော်​သို့​မျက်နှာမူ​ပြီး ဆုတောင်း​ကြ​လျှင် (အကြောင်းမူကား သူ​တို့​သည် ကိုယ်တော်​၏​ကြီးမြတ်​သော​နာမ​တော်​၊ အားကြီး​သော​လက်​တော်​၊ တန်ခိုးကြီး​သော​လက်ရုံး​တော်​အကြောင်း​ကို ကြား​ကြ​လိမ့်မည်​။) ကိုယ်တော်​သည် ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​ပါ​၊ ထို​တစ်ပါးအမျိုးသား​တို့ တောင်းလျှောက်​သမျှ​ကို ပြု​ပေး​တော်မူ​ပါ​။ သို့မှ မြေကြီးသား​အပေါင်း​တို့​သည် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​ကဲ့သို့ ကိုယ်တော်​၏​နာမ​တော်​ကို သိကျွမ်း​၍ ကိုယ်တော့်​ကို ကြောက်ရွံ့ရိုသေ​ကြ​ပါ​လိမ့်မည်​။ အကျွန်ုပ်​တည်ဆောက်​သော ဤ​အိမ်​တော်​ကို​လည်း ကိုယ်တော်​၏​နာမ​တော်​တည်​ရာ​အိမ်​တော်​ဟု ခေါ်ဝေါ်​ကြောင်း သိ​ကြ​ပါ​လိမ့်မည်​။