YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်တတိယစောင် 21:1-29

ဓမ္မရာဇဝင်တတိယစောင် 21:1-29 MSBU

ယေဇရေလ​မြို့​ရှိ ရှမာရိ​ဘုရင်​အာဟပ်​မင်းကြီး​၏​နန်းတော်​အနီး​တွင် ယေဇရေလ​မြို့သား​နာဗုတ်​ပိုင်​စပျစ်ခြံ​ရှိ​၏​။ အာဟပ်​မင်းကြီး​က နာဗုတ်​အား “​သင့်​စပျစ်ခြံ​သည် ငါ့​နန်းတော်​နှင့်​နီး​သောကြောင့် ဟင်းသီးဟင်းရွက်​ခြံ​ပြုလုပ်​လို​သဖြင့် ငါ့​ကို ပေး​ပါ​လော့​။ ထို​ခြံ​အစား ပိုကောင်း​သော​စပျစ်ခြံ​ကို ပေး​မည်​။ သို့မဟုတ် တန်ဖိုး​ငွေ​ကို သင်​အလိုရှိ​လျှင် ငါ​ပေး​မည်​”​ဟု မိန့်ဆို​လျှင် နာဗုတ်​က အာဟပ်​မင်းကြီး​အား “​ဤ​မြေ​သည် ဘိုးဘေး​တို့​ထံမှ​ရ​ထား​သော​အမွေမြေ​ဖြစ်​၏​။ ထာဝရဘုရား​တားမြစ်​ထား​သည်​ဖြစ်၍ အရှင်မင်းကြီး​အား ပေး​၍​မ​ရ​ပါ​”​ဟု ပြန်လျှောက်​၏​။ ထိုသို့ “​ဘိုးဘေး​တို့​၏​အမွေမြေ​ကို အရှင်မင်းကြီး​အား မ​ပေး​နိုင်​ပါ​”​ဟု ယေဇရေလ​မြို့သား​နာဗုတ်​ဆို​သော​စကား​ကြောင့် အာဟပ်​မင်းကြီး​သည် စိတ်မကျေမနပ်​ဖြစ်​၍ မျက်နှာသုန်မှုန်​လျက် နန်းတော်​သို့​ပြန်သွား​ကာ အစာ​လည်း​မ​စား သလွန်တော်​ပေါ်တွင် တစ်ဖက်​သို့​လှည့်​၍ လှဲ​နေ​လေ​၏​။ ထိုအခါ မိဖုရား​ယေဇဗေလ​သည် သူ့​ထံသို့​ဝင်လာ​ပြီး “​အရှင်​သည် အစားအစာ​မ​စား​ဘဲ စိတ်မကျေမနပ်​ဖြစ်​နေ​သည်​မှာ အဘယ်ကြောင့်​နည်း​”​ဟု မေး​လျှင် မင်းကြီး​က “​ငါ​သည် ယေဇရေလ​မြို့သား​နာဗုတ်​အား ‘​သင့်​စပျစ်ခြံ​ကို ငါ့​အား ငွေ​နှင့်​ရောင်း​ပါ​။ သို့မဟုတ် သင်​အလိုရှိ​လျှင် ထို​ခြံ​အစား စပျစ်ခြံ​တစ်​ခု​ကို​ပေး​ပါ​မည်​’​ဟု ဆို​သည်​ကို သူ​က ‘​အကျွန်ုပ်​စပျစ်ခြံ​ကို အရှင်မင်းကြီး​အား မ​ပေး​နိုင်​ပါ​’​ဟု ဆို​သည်​”​ဟု ပြန်ဖြေ​၏​။ ထိုအခါ မိဖုရား​ယေဇဗေလ​က “​မင်းကြီး​သည် ယခု အစ္စရေး​ဘုရင်​ဖြစ်​သည်​မ​ဟုတ်​လော​။ ထ​၍ အစာ​ကို​စား​တော်မူ​ပါ​။ စိတ်​ကို​ရွှင်လန်း​အောင် ထား​ပါ​။ ယေဇရေလ​မြို့သား​နာဗုတ်​၏​စပျစ်ခြံ​ကို မင်းကြီး​အား အကျွန်ုပ်ကိုယ်တိုင် ဆက်သ​ပါ​မည်​”​ဟု လျှောက်ဆို​လေ​၏​။ ထို့နောက် သူ​သည် အာဟပ်​မင်းကြီး​အမည်​ဖြင့် စာရေး​ပြီး ရှင်ဘုရင်​တံဆိပ်​တော်​ခတ်နှိပ်​ကာ နာဗုတ်​နေထိုင်​ရာ​မြို့​ရှိ သက်ကြီးဝါကြီး​များ​၊ မှူးမတ်​များ​ထံသို့ ထို​စာ​ကို ပေးပို့​လိုက်​၏​။ ထို​စာ​ထဲတွင် “​အစာရှောင်​ရာ​နေ့​ကို ကြေညာ​၍ ထို​နေ့​တွင် နာဗုတ်​ကို လူ​တို့​ရှေ့​တွင် ထိုင်​စေ​လော့​။ သူ​နှင့်​မျက်နှာချင်းဆိုင်​တွင် လူမိုက်​နှစ်​ယောက်​ကို​ထိုင်​စေ​၍ ‘သင်​သည် ဘုရားသခင်​နှင့်​ရှင်ဘုရင်​ကို ကျိန်ဆဲ​လေ​ပြီ’​ဟု သက်သေခံ​စေ​ပြီးလျှင် သူ့​ကို​ဆွဲထုတ်​၍ ကျောက်ခဲ​နှင့်​ပေါက်သတ်​စေ​”​ဟု ရေးထား​၏​။ ထို​မြို့​တွင်​နေထိုင်​သော မြို့သား​သက်ကြီးဝါကြီး​များ​နှင့် မှူးမတ်​များ​လည်း သူ​တို့​ထံသို့​ပေးပို့​သော​စာ​၌​ရေးသား​ထား​သည့် ယေဇဗေလ​ညွှန်ကြားချက်​အတိုင်း ပြု​ကြ​၏​။ သူ​တို့​သည် အစာရှောင်​ရာ​နေ့​ကို​ကြေညာ​၍ နာဗုတ်​ကို လူ​တို့​ရှေ့​တွင် ထိုင်​စေ​ကြ​၏​။ ထိုအခါ လူမိုက်​နှစ်​ဦး​က သူ​နှင့်​မျက်နှာချင်းဆိုင်​တွင် လာထိုင်​၍ “​နာဗုတ်​သည် ဘုရားသခင်​နှင့်​ရှင်ဘုရင်​ကို ကျိန်ဆဲ​ပါ​ပြီ​”​ဟု လူ​တို့​ရှေ့​တွင် သက်သေခံ​ကြ​၏​။ ထို့နောက် သူ့​ကို မြို့ပြင်​သို့​ဆွဲထုတ်​ပြီး ကျောက်ခဲ​နှင့်​ပေါက်​ကြ​သဖြင့် သူ​သေ​လေ​၏​။ ထို့နောက် ယေဇဗေလ​ထံသို့ လူ​လွှတ်​၍ “​နာဗုတ်​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်​၍ သူ​သေ​ပါ​ပြီ​”​ဟု သတင်းပို့​၏​။ ထိုသို့ နာဗုတ်​သည် ကျောက်ခဲ​နှင့်​ပေါက်သတ်​ခံရ​၍ သေ​ပြီ​ဖြစ်ကြောင်း​ကို ယေဇဗေလ​ကြားသိ​လျှင် အာဟပ်​မင်းကြီး​အား “​နာဗုတ်​အသက်​မ​ရှင်​တော့​ပါ​။ သူ​သေ​ပြီ​ဖြစ်၍ သင် ငွေ​ဖြင့်​ဝယ်​မည်​ကို ရောင်းပေး​ရန်​ငြင်းဆန်​ခဲ့​သော ယေဇရေလ​မြို့သား​နာဗုတ်​၏​စပျစ်ခြံ​ကို ထ​၍​သိမ်းယူ​တော်မူ​ပါ​”​ဟု လျှောက်တင်​၏​။ နာဗုတ်​သေ​ပြီ​ဟု အာဟပ်​မင်းကြီး​ကြား​လျှင် ယေဇရေလ​မြို့သား​နာဗုတ်​၏​စပျစ်ခြံ​ကို သိမ်းယူ​ရန် ထ​သွား​လေ​၏​။ ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် တိရှဘိ​မြို့သား​ဧလိယ​ထံသို့ ရောက်လာ​၍ “​ထ​လော့​။ ရှမာရိ​မြို့​ရှိ အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​ကို သွား​တွေ့​လော့​။ သူ​သည် နာဗုတ်​၏​စပျစ်ခြံ​ကို သိမ်းယူ​ရန် သွား​လေ​ပြီ​။ သူ့​အား ထာဝရဘုရား​က ‘​သင်​သည် လူ​ကို​သတ်​သည်​သာမက သူ့​ဥစ္စာ​ကို​ပါ သိမ်းယူ​ပါ​ပြီ​တကား​’​ဟူ၍ မိန့်​တော်မူ​ပြီ​ဟု ဆင့်ဆို​လော့​။ ထို့ပြင် သူ့​အား ထာဝရဘုရား​က ‘​နာဗုတ်​၏​သွေး​ကို ခွေး​တို့​လျက်​သော​နေရာ​တွင် သင့်​သွေး​ကို​လည်း လျက်​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​ဟု ဆင့်ဆို​လော့​”​ဟု မိန့်ဆို​၏​။ ထိုအခါ အာဟပ်​မင်းကြီး​က ဧလိယ​အား “​အို ငါ့​ရန်သူ​၊ သင်​သည် ငါ့​ကို​တွေ့​ပြီ​လော​”​ဟု ဆို​လျှင် ဧလိယ​က “​သင်​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ပြု​ရန် သင့်ကိုယ်သင်​ရောင်းစား​သောကြောင့် သင့်​ကို​ငါ​တွေ့​ပြီ​။ ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ ယခု ငါ​သည် သင့်​အပေါ် ဘေးဆိုး​ကျရောက်​စေ​မည်​။ သင့်​ကို ငါ​သုတ်သင်ပယ်ရှင်း​မည်​။ အစ္စရေး​ပြည်​ရှိ အာဟပ်​မင်းကြီး​အမျိုး​ထဲမှ ကျွန်ပြု​ခံရ​သူ​နှင့် ကျွန်ပြု​မ​ခံရ​သူ​ပါမကျန် ယောက်ျား​အားလုံး​ကို ငါ​ပယ်ရှင်း​မည်​။ သင်​သည် ငါ့​ကို အမျက်ထွက်​စေ​သည်​သာမက အစ္စရေး​လူမျိုး​တို့​ကို​ပါ အပြစ်ပြု​စေ​သောကြောင့် သင့်​အမျိုးအနွယ်​ကို နေဗတ်​၏​သား​ယေရောဗောင်​၏​အမျိုးအနွယ်​နှင့် အဟိယ​၏​သား​ဗာရှာ​၏​အမျိုးအနွယ်​ကဲ့သို့ ဖြစ်စေ​မည်’​ဟု မိန့်​တော်မူ​ပြီ​။ ယေဇဗေလ​နှင့်​ပတ်သက်၍​လည်း ထာဝရဘုရား​က ‘​ယေဇရေလ​မြို့ရိုး​နားတွင် ခွေး​တို့​သည် ယေဇဗေလ​ကို စား​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​ပြီ​။ အာဟပ်​မင်းကြီး​၏​အမျိုး​တို့​သည် မြို့​ထဲ၌​သေ​လျှင် ခွေး​တို့​စား​ကြ​လိမ့်မည်​။ မြို့ပြင်​၌​သေ​လျှင် မိုးကောင်းကင်​ငှက်​တို့ စား​ကြ​လိမ့်မည်​”​ဟု ဆို​၏​။ အကယ်စင်စစ် အာဟပ်​မင်းကြီး​ကဲ့သို့​မိဖုရား​ယေဇဗေလ​၏​သွေးဆောင်မှု​နောက်​သို့​လိုက်ပါ​သွား​ပြီး ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​ခြင်း​ဖြင့် မိမိကိုယ်ကို​ရောင်းစား​သော​သူ တစ်ယောက်မျှ​မ​ရှိ​။ သူ​သည် အစ္စရေး​အမျိုးသား​တို့​ထံမှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​ခဲ့​သော အာမောရိ​လူမျိုး​တို့​ပြု​ခဲ့​သည့်​အတိုင်း ရုပ်တု​များ​နောက်သို့​လိုက်​၍ စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကို ပြု​လေ​၏​။ အာဟပ်​မင်းကြီး​သည် ဧလိယ​စကား​ကို ကြား​သောအခါ မင်းဝတ်တန်ဆာ​များ​ကို​ဆုတ်ဖြဲ​ပစ်​၍ လျှော်တေအဝတ်​ကို​ဝတ်​ကာ အစာရှောင်​လေ​၏​။ လျှော်တေအဝတ်​နှင့်ပင်​အိပ်​၏​။ လမ်းလျှောက်​လျှင်​လည်း မျက်နှာမဖော်​ဝံ့​။ တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် တိရှဘိ​မြို့သား ဧလိယ​ထံသို့​ရောက်လာ​၍ “​အာဟပ်​မင်းကြီး​သည် ငါ့​ရှေ့​တော်​တွင် ကိုယ်​ကို​အလွန်​နှိမ့်ချ​သည်​ကို သင်​မြင်​သလော​။ ထိုသို့ ငါ့​ရှေ့​တော်​တွင် ကိုယ်​ကို​နှိမ့်ချ​သောကြောင့် သူ့​လက်ထက်​တွင် ထို​ဘေးဆိုး​နှင့်​မ​ကြုံတွေ့​စေ​ရ​။ သူ့​သား​လက်ထက်​မှ သူ့​အမျိုးအနွယ်​ကို ထို​ဘေးဆိုး​နှင့်​ကြုံတွေ့​စေ​မည်​”​ဟု မိန့်ဆို​၏​။