YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်တတိယစောင် 18:22-39

ဓမ္မရာဇဝင်တတိယစောင် 18:22-39 MSBU

ဧလိယ​က ဆက်​၍​လူ​တို့​အား “​ငါ​တစ်ဦးတည်း​သာ ထာဝရဘုရား​၏​ပရောဖက်​အဖြစ် ကျန်​ခဲ့​၏​။ ဗာလ​ဘုရား​၏​ပရောဖက်​များ​မူကား အယောက်​လေး​ရာ့​ငါးဆယ်​ရှိ​၏​။ ယခု ငါ​တို့​ကို နွားထီးပျို​နှစ်​ကောင်​ပေး​ပါ​။ နွား​တစ်​ကောင်​ကို သူ​တို့​အဖို့ ရွေး​စေ​ပါ​။ ထို​နွား​ကို ခုတ်ပိုင်း​ပြီး မီး​မ​မွှေး​သေး​ဘဲ​ထင်းပုံ​ပေါ်​တင်​စေ​ပါ​။ ငါ​လည်း ကျန်​နွား​တစ်​ကောင်​ကို အသင့်ပြင်​ပြီး မီး​မ​မွှေး​သေး​ဘဲ ထင်းပုံ​ပေါ်​တင်​မည်​။ ထို့နောက် သင်​တို့​ဘုရား​၏​နာမ​ကို ခေါ်​ပါ​။ ငါ​သည်​လည်း ထာဝရဘုရား​၏​နာမ​ကို ခေါ်​မည်​။ မီး​ဖြင့် ထူး​တော်မူ​သော​ဘုရား​သည် ဘုရားသခင်​မှန်​ပါစေ​”​ဟု ဆို​၏​။ လူ​အပေါင်း​တို့​က​လည်း “​ကောင်း​ပါ​ပြီ​”​ဟု ဆို​ကြ​၏​။ ထို့နောက် ဧလိယ​က ဗာလ​ဘုရား​၏​ပရောဖက်​တို့​အား “​သင်​တို့​သည် လူ​များ​သောကြောင့် သင်​တို့​အဖို့ နွား​တစ်​ကောင်​ကို​ရွေး​ပြီး အလျင်​အသင့်ပြင်​ပါ​။ ပြီးလျှင် မီး​မ​မွှေး​သေး​ဘဲ သင်​တို့​ဘုရား​၏​နာမ​ကို ခေါ်​ပါ​”​ဟု ဆို​၏​။ ထို့ကြောင့် သူ​တို့​ကို​ပေး​သော​နွား​အား ယူ​၍​အသင့်ပြင်​ပြီး “​အို ဗာလ​ဘုရား​၊ အကျွန်ုပ်​တို့​ကို ထူး​တော်မူ​ပါ​”​ဟု နံနက်အချိန်​မှ မွန်းတည့်​အချိန်​ထိ ဗာလ​ဘုရား​၏​နာမ​ကို​ခေါ်​ကြ​၏​။ သို့သော် တုံ့ပြန်မှု​မ​ရှိ​။ ထူးသံ​လည်း မ​ကြား​ရ​။ သူ​တို့​သည် မိမိ​တို့​တည်​ထား​သော​ယဇ်ပလ္လင်​ပတ်ပတ်လည်​တွင် ကခုန်ယိမ်းထိုး​လျက်​နေ​ကြ​၏​။ မွန်းတည့်ချိန်​သို့​ရောက်​သောအခါ ဧလိယ​က သူ​တို့​အား “​အသံ​ကျယ်ကျယ်​အော်ခေါ်​ကြ​ပါ​လော့​။ ဗာလ​သည် ဘုရား​မှန်​သည်​မ​ဟုတ်​လော​။ ယခု ဈာန်ဝင်စား​နေ​ကောင်း​နေ​လိမ့်မည်​။ သို့မဟုတ် အလေးအပေါ့ သွား​ကောင်း​သွား​နေ​လိမ့်မည်​။ သို့မဟုတ် ခရီး​လွန်​ကောင်း​လွန်​နေ​လိမ့်မည်​။ သို့မဟုတ် အိပ်ပျော်​ကောင်း​အိပ်ပျော်​နေ​လိမ့်မည်​။ တစ်ယောက်ယောက် သွားနှိုး​ရ​လိမ့်မည်​”​ဟု လှောင်ပြောင်​လေ​၏​။ ထို့ကြောင့် သူ​တို့​သည် အသံ​ကျယ်လောင်​စွာ​အော်ခေါ်​သည်​သာမက သူ​တို့​ဓလေ့​အတိုင်း ကိုယ်​ကို​ဓား​လှံ​တို့​ဖြင့်​ထိုးမွှမ်း​သဖြင့် သူ​တို့​ကိုယ်​ပေါ်တွင် သွေးသံရဲရဲ​ဖြစ်​လေ​၏​။ ဤသို့ဖြင့် နေ့တစ်ဝက်​ကျိုး​လေ​၏​။ ညဦးပိုင်း​ယဇ်​ပူဇော်​ရ​မည့်​အချိန်​ထိ သူ​တို့​ပရောဖက်ပြု​နေ​ကြ​သော်လည်း တုံ့ပြန်မှု​မ​ရှိ​။ ထူးသံ​ကို မ​ကြား​ရ​။ အရေးလုပ်သူ​လည်း မ​ရှိ​။ ထိုအခါ ဧလိယ​က လူ​အပေါင်း​တို့​အား “​ငါ့​အနား​သို့ လာ​ကြ​ပါ​”​ဟု ဆို​လျှင် လူ​အပေါင်း​တို့​သည် သူ့​အနား​သို့ လာ​ကြ​၏​။ ထို့နောက် ပြိုပျက်​သွား​သော​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ကို ပြုပြင်​လေ​၏​။ “​သင့်​အမည်​ကား အစ္စရေး​ဖြစ်​ရ​မည်​”​ဟု ထာဝရဘုရား​၏​မိန့်ဆို​ခြင်း​ကို​ခံရ​သော​ယာကုပ်​မှ ဆင်းသက်​လာ​သော​အမျိုးအနွယ်​အရေအတွက်​အတိုင်း ဧလိယ​သည် ကျောက်တုံး​တစ်ဆယ့်​နှစ်​တုံး​ကို​ယူ​၍ ထာဝရဘုရား​၏​နာမ​တည်​ရာ ကျောက်​ယဇ်ပလ္လင်​ကို တည်​ပြီးလျှင် ယဇ်ပလ္လင်​ပတ်ပတ်လည်​တွင် မျိုးစေ့​နှစ်​စေအာ​လောက်ဆန့်​သည့်​မြောင်း​တစ်​ခု​ကို တူး​၏​။ ထင်း​များ​ကို​စီ​ထား​ပြီး နွား​ကို​လည်း ခုတ်ပိုင်း​၍ ထင်းပုံ​ပေါ် တင်​၏​။ ထို့နောက် “​အိုး​လေး​လုံး​ကို ရေ​ဖြည့်​ပြီး မီးရှို့ရာယဇ်ကောင်​နှင့် ထင်း​များ​ပေါ် လောင်းချ​ပါ​”​ဟု ဆို​၏​။ “​ဒုတိယ​အကြိမ် လောင်း​ပါ​”​ဟု ဆို​သဖြင့် လူ​တို့​သည် ဒုတိယ​အကြိမ်​ထပ်လောင်း​ကြ​၏​။ “​တတိယ​အကြိမ် လောင်း​ပါ​”​ဟု ဆို​ပြန်​သဖြင့် လူ​တို့​သည် တတိယ​အကြိမ်​ထပ်လောင်း​ကြ​၏​။ ဤသို့ဖြင့် ယဇ်ပလ္လင်​ပတ်ပတ်လည်​တွင် ရေ​ဝိုင်း​နေ​ပြီး မြောင်း​ထဲတွင်​လည်း ရေ​ပြည့်​လေ​၏​။ ညဦးပိုင်း​ယဇ်​ပူဇော်​ရ​မည့်​အချိန်​ရောက်​သောအခါ ပရောဖက်​ဧလိယ​သည် ယဇ်ပလ္လင်​နား​ချဉ်းလာ​၍ “​အာဗြဟံ​၊ ဣဇက်​၊ အစ္စရေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် အစ္စရေး​လူမျိုး​တွင်​ဘုရားသခင်​ဖြစ်ကြောင်း​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​ဖြစ်​ပြီး ကိုယ်တော်​၏​အမိန့်​တော်​ဖြင့် ဤ​အရာ​အားလုံး​ကို​ပြု​ခြင်း​ဖြစ်ကြောင်း ယနေ့ ဤ​လူ​တို့​ကို သိ​စေ​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ထူး​တော်မူ​ပါ​။ အကျွန်ုပ်​ကို ထူး​တော်မူ​ပါ​။ သို့မှ ထာဝရဘုရား​သည် ဘုရားသခင်​မှန်ကြောင်း​၊ ကိုယ်တော်​သည် လူ​တို့​၏​စိတ်​ကို​ပြောင်းလဲ​စေ​နိုင်​ကြောင်း​ကို ဤ​လူ​တို့​သိ​ရ​လိမ့်မည်​”​ဟု ဆုတောင်း​လေ​၏​။ ထိုအခါ ထာဝရဘုရား​ထံမှ​မီး​ကျလာ​၍ မီးရှို့ရာယဇ်ကောင်​၊ ထင်း​၊ ကျောက်​၊ မြေမှုန့်​တို့​ကို​ပါ လောင်ကျွမ်း​သဖြင့် မြောင်း​ထဲမှ​ရေ​များ​လည်း ခန်းခြောက်​လေ​၏​။ လူ​အပေါင်း​တို့​သည် ထို​အဖြစ်​ကို​မြင်​သောအခါ ပျပ်ဝပ်​လျက် “​ထာဝရဘုရား​သည် ဘုရားသခင်​အမှန်​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် ဘုရားသခင်​အမှန်​ဖြစ်​တော်မူ​၏​”​ဟု ကြွေးကြော်​လေ​၏​။