YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ဩဝါဒစာပထမစောင် 4

4
ဘုရားသခင်၏ဝိညာဉ်တော်နှင့် ခရစ်တော်ကိုဆန့်ကျင်အန်တုသူ၏ဝိညာဉ်
1ချစ်​ရ​သော​သူ​တို့၊ များစွာ​သော​ပရောဖက်​အတုအယောင်​တို့​သည် ဤ​လောက​၌ ပေါ်လာ​ကြ​ပြီ​ဖြစ်​သောကြောင့် ဝိညာဉ်​တိုင်း​ကို​မ​ယုံ​ဘဲ ထို​ဝိညာဉ်​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည်​မ​စပ်ဆိုင်​သည်​ကို စစ်ဆေး​ကြ​လော့။ 2ယေရှု​ခရစ်တော်​သည် လူသား​အဖြစ်​ဖြင့်​ကြွလာ​တော်မူ​ခဲ့​သည်​ကို ဝန်ခံ​သော​ဝိညာဉ်​တိုင်း​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​၏။ ဤသို့သော​အားဖြင့် ဘုရားသခင်​၏​ဝိညာဉ်​တော်​ကို ငါ​တို့​သိ​ကြ​၏။ 3ယေရှု​ကို​ဝန်​မ​ခံ​သော​ဝိညာဉ်​တိုင်း​သည် ဘုရားသခင်​နှင့်​မ​စပ်ဆိုင်။ ထိုသို့​သော​ဝိညာဉ်​သည် လာ​တော့​မည်​ဟု သင်​တို့​ကြား​ခဲ့​သည့်​အတိုင်း ယခု ဤ​လောက​၌​ရှိ​နှင့်​ပြီ​ဖြစ်​သော ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​၏​ဝိညာဉ်​ဖြစ်​၏။
4သားသမီး​တို့၊ သင်​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သူ​များ​ဖြစ်​ကြ​၍ ထို​သူ​တို့​ကို​အောင်နိုင်​ကြ​ပြီ။ အကြောင်းမူကား သင်​တို့​ဘက်​၌​ရှိ​သော​သူ​သည် လောက​ဘက်​၌​ရှိ​သော​သူ​ထက် ကြီးမြတ်​တော်မူ​၏။ 5ထို​သူ​တို့​သည် လောက​နှင့်​စပ်ဆိုင်​သူ​များ​ဖြစ်​ကြ​သောကြောင့် လောက​နှင့်​စပ်ဆိုင်​သော​အရာ​ကို ပြောဆို​တတ်​ကြ​၏။ လောကီသား​တို့​သည်​လည်း သူ​တို့​ကို​နားထောင်​တတ်​ကြ​၏။ 6ငါ​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သူ​များ​ဖြစ်​ကြ​၏။ ဘုရားသခင်​ကို​သိ​သော​သူ​သည် ငါ​တို့​စကား​ကို​နားထောင်​တတ်​၏။ ဘုရားသခင်​နှင့်​မ​စပ်ဆိုင်​သော​သူ​သည် ငါ​တို့​စကား​ကို​နားမထောင်​တတ်။ ဤသို့သော​အားဖြင့် ငါ​တို့​သည် သမ္မာတရား​၏​ဝိညာဉ်​နှင့် မှားယွင်း​ခြင်း​၏​ဝိညာဉ်​ကို သိ​ရ​ကြ​၏။
ချစ်ခြင်းမေတ္တာအားဖြင့် ဘုရားသခင်ကိုသိခြင်း
7ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​သည် အချင်းချင်း​ချစ်​ကြ​ကုန်စို့။ အကြောင်းမူကား ချစ်​ခြင်း​မေတ္တာ​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​၏။ ချစ်​ခြင်း​မေတ္တာ​ရှိ​သော​သူ​တိုင်း​သည်​လည်း ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​ဖြစ်​ပြီး ဘုရားသခင်​ကို​သိ​၏။ 8ချစ်​ခြင်း​မေတ္တာ​မ​ရှိ​သော​သူ​သည် ဘုရားသခင်​ကို​မ​သိ။ အကြောင်းမူကား ဘုရားသခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်မူ​၏။ 9ငါ​တို့​သည် သား​တော်​အားဖြင့် အသက်ရှင်​ကြ​စေရန် ဘုရားသခင်​သည် မိမိ​၏​တစ်ပါးတည်း​သော​သား​တော်​ကို ဤ​လောက​သို့ စေလွှတ်​တော်မူ​၏။ ဤသို့ဖြင့် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​၌ ထင်ရှား​၏။ 10ငါ​တို့​သည် ဘုရားသခင်​ကို​ချစ်​ခဲ့​သည်​မ​ဟုတ်။ ဘုရားသခင်​က​သာ ငါ​တို့​ကို​ချစ်​တော်မူ​၍ ငါ​တို့​၏​အပြစ်​များ​အတွက် အသနားခံ​ခြင်း​ပူဇော်သက္ကာ​အဖြစ် မိမိ​၏​သား​တော်​ကို စေလွှတ်​တော်မူ​၏။ ဤ​အမှုအရာ​၌ ချစ်​ခြင်း​မေတ္တာ​ရှိ​၏။ 11ချစ်​ရ​သော​သူ​တို့၊ ဘုရားသခင်​သည် ငါ​တို့​ကို ဤမျှလောက်​ချစ်​တော်မူ​လျှင် ငါ​တို့​သည်​လည်း အချင်းချင်း​ချစ်​သင့်​၏။ 12ဘုရားသခင်​ကို မည်သူမျှ မ​မြင်​ဖူး​သော်လည်း ငါ​တို့​အချင်းချင်း​ချစ်​ကြ​လျှင် ဘုရားသခင်​သည် ငါ​တို့​၌​တည်​တော်မူ​၍ ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​သည် ငါ​တို့​၌​ပြည့်စုံ​၏။
13ဘုရားသခင်​သည် မိမိ​၏​ဝိညာဉ်​တော်​ကို ငါ​တို့​အား​ပေး​တော်မူ​သောကြောင့် ငါ​တို့​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ငါ​တို့​၌​တည်​တော်မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ 14ခမည်းတော်​သည် သား​တော်​ကို လောက​၏​ကယ်တင်ရှင်​အဖြစ် စေလွှတ်​တော်မူ​ခဲ့​သည်​ကို ငါ​တို့​မြင်​၍ သက်သေခံ​ကြ​၏။ 15မည်သူမဆို ယေရှု​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း​ဝန်ခံ​လျှင် ဘုရားသခင်​သည် ထို​သူ​၌​တည်​တော်မူ​၍ ထို​သူ​သည်​လည်း ဘုရားသခင်​၌​တည်​၏။ 16ငါ​တို့​သည် ငါ​တို့​အပေါ်၌ ဘုရားသခင်​ထားရှိ​သော​ချစ်​ခြင်း​မေတ္တာ​ကို​သိ​၍ ယုံကြည်​ကြ​၏။ ဘုရားသခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်မူ​၏။ ချစ်​ခြင်း​မေတ္တာ​၌​တည်​သော​သူ​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ထို​သူ​၌​တည်​တော်မူ​၏။ 17ငါ​တို့​သည် တရား​စီရင်​တော်မူ​ရာ​နေ့​၌ ယုံကြည်​စိတ်ချ​မှု​ရှိ​စေရန် ချစ်​ခြင်း​မေတ္တာ​သည် ငါ​တို့​၌​ပြည့်စုံ​၏။ အကြောင်းမူကား ငါ​တို့​သည်​လည်း ဤ​လောက​တွင် ကိုယ်တော်​ကဲ့သို့​ဖြစ်​ကြ​၏။ 18ချစ်​ခြင်း​မေတ္တာ​၌ ကြောက်ရွံ့​ခြင်း​မ​ရှိ။ ကြောက်ရွံ့​ခြင်း​သည် အပြစ်ဒဏ်​ခံရ​ခြင်း​နှင့်​သက်ဆိုင်​သည်​ဖြစ်၍ စုံလင်​သော​ချစ်​ခြင်း​မေတ္တာ​သည် ကြောက်ရွံ့​ခြင်း​ကို ဖယ်ရှား​တတ်​၏။ ထို့ကြောင့် ကြောက်​တတ်​သော​သူ​သည် ချစ်​ခြင်း​မေတ္တာ​နှင့်​မ​ပြည့်စုံ​သေး။
19ဘုရားသခင်​သည် ငါ​တို့​ကို​ဦးစွာ​ချစ်​တော်မူ​သောကြောင့် ငါ​တို့​သည်​လည်း​ချစ်​ကြ​၏။
ဘုရားသခင်၏ပညတ်တော်များကိုစောင့်ထိန်းခြင်း
20တစ်စုံတစ်ယောက်​က “ငါ​သည် ဘုရားသခင်​ကို​ချစ်​၏”​ဟု ဆို​လျက်​ပင် မိမိ​ညီအစ်ကို​ကို​မုန်း​လျှင် ထို​သူ​သည် လိမ်လည်​သော​သူ​ဖြစ်​၏။ မြင်​ရ​သော​မိမိ​ညီအစ်ကို​ကို မ​ချစ်​သော​သူ​သည် မ​မြင်​ရ​သော​ဘုရားသခင်​ကို မ​ချစ်​နိုင်။ 21“ဘုရားသခင်​ကို​ချစ်​သော​သူ​သည် မိမိ​ညီအစ်ကို​ကို​လည်း ချစ်​ရ​မည်”​ဟူသော ဤ​ပညတ်​တော်​ကို ကိုယ်တော်​ထံမှ ငါ​တို့​ရရှိ​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်ယောဟန်ဩဝါဒစာပထမစောင် 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။