YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာပထမစောင် 11:1-16

ကောရိန္သုဩဝါဒစာပထမစောင် 11:1-16 MSBU

ငါ​သည် ခရစ်တော်​ကို​အတုယူ​သူ​ဖြစ်​သကဲ့သို့ သင်​တို့​သည်​လည်း ငါ့​ကို​အတုယူ​သူ​များ​ဖြစ်​ကြ​လော့။ သင်​တို့​သည် အရာရာ​၌ ငါ့​ကို​သတိရ​လျက် သင်​တို့​ထံ​ငါ​ပေးအပ်​ထား​သော ဓလေ့​ထုံးတမ်း​နှင့်အညီ လိုက်လျှောက်​ကြ​သောကြောင့် သင်​တို့​ကို ငါ​ချီးမွမ်း​၏။ သို့သော် သင်​တို့​အား ငါ​သိ​စေ​လို​သည်မှာ ယောက်ျား​တိုင်း​၏​ဦးခေါင်း​သည် ခရစ်တော်​ဖြစ်​၏။ မိန်းမ​၏​ဦးခေါင်း​သည် ယောက်ျား​ဖြစ်​၏။ ခရစ်တော်​၏​ဦးခေါင်း​သည် ဘုရားသခင်​ဖြစ်​၏။ ဦးခေါင်း​ကို​ဖုံး​လျက် ဆုတောင်း​ခြင်း​၊ သို့မဟုတ် ပရောဖက်ပြု​ဟောပြော​ခြင်း​အမှု​ကို​ပြု​သော​ယောက်ျား​တိုင်း​သည် မိမိ​ဦးခေါင်း​၏​အသရေ​ကို​ရှုတ်ချ​၏။ သို့သော် ဦးခေါင်း​မ​ဖုံး​ဘဲ ဆုတောင်း​ခြင်း​၊ သို့မဟုတ် ပရောဖက်ပြု​ဟောပြော​ခြင်း​အမှု​ကို ပြု​သော​မိန်းမ​တိုင်း​သည် မိမိ​ဦးခေါင်း​၏​အသရေ​ကို​ရှုတ်ချ​၏။ အကြောင်းမူကား ထိုသို့​ပြု​ခြင်း​သည် ခေါင်းတုံး​ရိတ်​ထား​သည်​နှင့်​တူ​၏။ ထို့ကြောင့် မိန်းမ​သည် မိမိ​ဦးခေါင်း​ကို​မ​ဖုံး​လျှင် ဆံပင်​ကို​ဖြတ်​ပါစေ။ သို့သော် ဆံပင်​ဖြတ်​ခြင်း​၊ သို့မဟုတ် ခေါင်းတုံး​ရိတ်​ခြင်း​သည် မိန်းမ​အတွက်​ရှက်ဖွယ်​ဖြစ်​လျှင် ဦးခေါင်း​ကို​ဖုံး​ထား​ပါစေ။ ယောက်ျား​သည် ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့် ဘုန်း​အသရေ​တော်​ဖြစ်​သောကြောင့် မိမိ​ဦးခေါင်း​ကို​မ​ဖုံး​သင့်​ပေ။ မိန်းမ​မူကား ယောက်ျား​၏​ဘုန်း​အသရေ​ဖြစ်​၏။ အကြောင်းမူကား ယောက်ျား​သည် မိန်းမ​ထံမှ​ဖြစ်လာ​သည်​မ​ဟုတ်။ မိန်းမ​သည် ယောက်ျား​ထံမှ​ဖြစ်လာ​၏။ ထို့အတူ ယောက်ျား​ကို မိန်းမ​အတွက်​ဖန်ဆင်း​တော်မူ​သည်​မ​ဟုတ်။ မိန်းမ​ကို ယောက်ျား​အတွက်​ဖန်ဆင်း​တော်မူ​၏။ ထို့ကြောင့် မိန်းမ​သည် ကောင်းကင်​တမန်​တို့​ကို​ထောက်၍ အခွင့်​အာဏာ​၏​လက္ခဏာ​ကို မိမိ​ဦးခေါင်း​ပေါ်၌ ရှိ​စေ​သင့်​၏။ သို့သော် သခင်​ဘုရား​၌ မိန်းမ​သည် ယောက်ျား​မပါ​ဘဲ​ဖြစ်​သည်​မ​ဟုတ်။ ယောက်ျား​သည်​လည်း မိန်းမ​မပါ​ဘဲ​ဖြစ်​သည်​မ​ဟုတ်။ အကြောင်းမူကား မိန်းမ​သည် ယောက်ျား​ထံမှ​ဖြစ်လာ​သကဲ့သို့ ယောက်ျား​သည်​လည်း မိန်းမ​အားဖြင့်​မွေးဖွား​လာ​၏။ သို့သော် အရာ​ခပ်သိမ်း​တို့​သည် ဘုရားသခင်​ထံမှ​ဖြစ်​၏။ မိန်းမ​သည် ဦးခေါင်း​မ​ဖုံး​ဘဲ ဘုရားသခင်​ထံ​ဆုတောင်း​ခြင်း​သည် သင့်လျော်​မှု​ရှိ​၊ မ​ရှိ သင်​တို့​ကိုယ်တိုင်​ဆင်ခြင်​သုံးသပ်​ကြ​လော့။ ယောက်ျား​သည် ဆံပင်​ရှည်​ထား​လျှင် သူ့​အတွက်​ရှက်ဖွယ်​ဖြစ်​ကြောင်း သဘာဝ​တရား​ကိုယ်​၌​က သင်​တို့​ကို​သွန်သင်​သည်​မ​ဟုတ်​လော။ မိန်းမ​မူကား ဆံပင်​ရှည်​ထား​လျှင် သူ့​အတွက်​ဘုန်း​အသရေ​ဖြစ်​၏။ အကြောင်းမူကား ဆံပင်​ကို ခြုံ​စရာ​အဖြစ် သူ့​အား​ပေး​ထား​ခြင်း​ဖြစ်​၏။ သို့သော် တစ်စုံတစ်ယောက်​က လက်ခံ​နိုင်​ဖွယ်​မ​ရှိ​ဟု​ထင်မှတ်​လျှင် ငါ​တို့​၌ ထိုသို့သော​ထုံးစံ​မ​ရှိ။ ဘုရားသခင်​၏​အသင်းတော်​များ​၌​လည်း​မ​ရှိ။