YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 28:1-10

ရာဇဝင်ချုပ်ပထမစောင် 28:1-10 MSBU

ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​အကြီးအကဲ​များ​၊ မျိုးနွယ်စု​အကြီးအကဲ​များ​၊ မင်းမှုထမ်း​တပ်ဖွဲ့​အကြီးအကဲ​များ​၊ လူ​တစ်ထောင်​အုပ်​များ​နှင့် လူ​တစ်ရာ​အုပ်​များ​အားလုံး​၊ ရှင်ဘုရင်​နှင့်​သား​တော်​တို့​၏​ဥစ္စာပစ္စည်း​များ​၊ တိရစ္ဆာန်​များ​ကို​ကြီးကြပ်​ပေး​ရ​သူ​များ​အားလုံး​၊ နန်းတွင်း​အကြီးအကဲ​များ​၊ စစ်သူရဲ​များ​နှင့် ရဲစွမ်းသတ္တိ​ရှိ​သူ​အားလုံး​တို့​ကို ဂျေရုဆလင်​မြို့​တွင် စုဝေး​စေ​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် ရပ်​လျက် “​ငါ့​ညီအစ်ကို​တို့​၊ ငါ့​လူမျိုး​တို့​၊ နားထောင်​ကြ​လော့​။ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​တည်​ရာ​နေရာ​၊ ငါ​တို့​ဘုရားသခင်​၏​ခြေ​တော်​တင်​ရာ​နေရာ​ကို ဆောက်လုပ်​ရန် ငါ​ဆန္ဒရှိ​ခဲ့​၏​။ ထိုသို့​တည်ဆောက်​ရန်​လည်း ငါ​ပြင်ဆင်​ခဲ့​ပြီ​။ သို့သော် ဘုရားသခင်​က ‘​သင်​သည် စစ်သူရဲ​ဖြစ်၍ လူ့​အသက်​ကို သတ်​ခဲ့​သောကြောင့် ငါ့​နာမ​တည်​ရာ​အိမ်​တော်​ကို သင်​မ​ဆောက်​ရ​’​ဟု ငါ့​အား မိန့်​တော်မူ​၏​။ အစ္စရေး​လူမျိုး​တို့​ကို​အစဉ်အမြဲ​အုပ်ချုပ်​ရန်​အတွက် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ့​ဖခင်​၏​မိသားစုဝင်​တစ်စုလုံး​တွင် ငါ့​ကို ရွေးချယ်​တော်မူ​၏​။ ယုဒ​အမျိုး​ကို ခေါင်းဆောင်​အဖြစ် ရွေးချယ်​တော်မူ​၏​။ ယုဒ​အမျိုးအနွယ်​ထဲမှ ငါ့​ဖခင်​၏​မိသားစု​ကို ရွေးချယ်​တော်မူ​၏​။ ငါ့​ဖခင်​၏​သား​များ​ထဲမှ ငါ့​ကို ရွေးချယ်​တော်မူ​၍ အစ္စရေး​လူမျိုး​တစ်မျိုးလုံး​ကို အုပ်ချုပ်​သော​ဘုရင် ဖြစ်​စေ​တော်မူ​၏​။ ထာဝရဘုရား​သည် ငါ့​အား သား​အများအပြား​ကို​ပေး​တော်မူ​၏​။ ထို​သား​အပေါင်း​တို့​ထဲမှ သား​တော်​ရှောလမုန်​ကို ရွေးချယ်​တော်မူ​ပြီး အစ္စရေး​လူမျိုး​ကို အုပ်ချုပ်​ရန်​အတွက် ထာဝရဘုရား​၏​နိုင်ငံ​တော်​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​စေ​တော်မူ​၏​။ ထို့ပြင် ငါ့​အား ‘​သင့်​သား​ရှောလမုန်​သည် ငါ့​အိမ်​တော်​နှင့် ဝင်း​တော်​ကို တည်ဆောက်​လိမ့်မည်​။ သူ့​ကို​ငါ​ရွေးချယ်​ပြီး သူ​သည် ငါ့​သား​ဖြစ်၍ ငါ​သည်​လည်း သူ့​ဖခင် ဖြစ်​မည်​။ သူ​သည် ငါ့​ပညတ်ချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို ယခု​ကဲ့သို့​မယိမ်းမယိုင်​စောင့်ထိန်း​မည်​ဆို​လျှင် သူ့​နိုင်ငံ​တော်​ကို ထာဝရ​တည်​စေ​မည်​’​ဟု မိန့်​တော်မူ​ပြီ​။ သို့ဖြစ်၍ ထာဝရဘုရား​၏​လူထု​ဖြစ်​သော အစ္စရေး​လူမျိုး​တစ်မျိုးလုံး​ရှေ့​၊ ငါ​တို့​ဘုရားသခင်​ကြား​တော်မူ​သော​အရပ်​တွင် ငါ​ပြော​မည်​။ သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​အလုံးစုံ​ကို ရှာဖွေ​၍​စောင့်ထိန်း​ကြ​လော့​။ သို့မှ သင်​တို့​သည် ကောင်းမွန်​သာယာ​သော​ပြည်​ကို ပိုင်ဆိုင်​ရ​၍ သင်​တို့​၏​သားမြေး​တို့​လည်း အစဉ်​အမွေဆက်ခံ​ရ​မည်​။ ငါ့​သား​ရှောလမုန်​၊ သင့်​ခမည်းတော်​ကိုးကွယ်​သော​ဘုရားသခင်​နှင့် သိကျွမ်း​အောင်​ပြု​လော့​။ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဆန္ဒ​ရှိသမျှ​နှင့် အစေခံ​လော့​။ ထာဝရဘုရား​သည် စိတ်နှလုံး​ရှိသမျှ​ကို စစ်ဆေး​၍ တွေးတော​ကြံစည်​သမျှ​တို့​ကို သိနားလည်​တော်မူ​၏​။ သင်​သည် ကိုယ်တော်​ကို​ရှာ​လျှင် အတွေ့ခံ​တော်မူ​မည်​။ ကိုယ်တော်​ကို စွန့်ပယ်​လျှင်​မူကား သင်​လည်း ထာဝစဉ်​အစွန့်ပယ်​ခံရ​မည်​။ ယခု သတိပြု​လော့​။ သန့်ရှင်းရာဌာန​ဖြစ်​သော အိမ်​တော်​ကို တည်ဆောက်​ရန် သင့်​ကို​ထာဝရဘုရား ရွေးချယ်​တော်မူ​ပြီ​။ အားယူ​၍​ဆောက်လုပ်​ပါ​လော့​”​ဟု မိန့်ဆို​လေ​၏​။