ရာဇဝင်ချုပ်ပထမစောင် 22
22
1ဒါဝိဒ်မင်းကြီးက “ဤနေရာသည် ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို တည်ရာနေရာဖြစ်၏။ ဤနေရာသည် အစ္စရေးလူမျိုးတို့ မီးရှို့ရာယဇ်ပလ္လင်ကို တည်ရာနေရာဖြစ်၏”ဟု မိန့်ဆို၏။
ဗိမာန်တော်တည်ဆောက်ရေးအတွက် ဒါဝိဒ်မင်းကြီးကြိုတင်ပြင်ဆင်ခြင်း
2ထို့နောက် ဒါဝိဒ်မင်းကြီးသည် အစ္စရေးပြည်၌နေထိုင်သော တိုင်းတစ်ပါးသားတို့အား စုဝေးစေရန် အမိန့်ပေးပြီး သူတို့အား ဘုရားသခင်၏အိမ်တော်ကိုဆောက်လုပ်ရာတွင် ကျောက်များကိုထုဆစ်ပေးမည့် ကျောက်ဆစ်သမားများအဖြစ် ခန့်ထား၏။ 3ထို့ပြင် ဒါဝိဒ်မင်းကြီးသည် မချိန်တွယ်နိုင်လောက်အောင် များပြားလှသောကြေးနီများအပြင် ဝင်းတံခါးနှင့်ဂိတ်တံခါးတွင် သုံးရန်သံချွန်များနှင့် ပတ္တာများအတွက် သံကိုလည်း အမြောက်အမြားစီစဉ်ပေးထား၏။ 4ဆီဒုန်မြို့သား၊ တိုင်ရာမြို့သားတို့သည်လည်း ဒါဝိဒ်မင်းကြီးထံ သစ်ကတိုးသား အမြောက်အမြားယူဆောင်လာပေးသဖြင့် သစ်ကတိုးသားများမှာ မရေမတွက်နိုင်အောင် များပြားလှ၏။ 5ဒါဝိဒ်မင်းကြီးက “ငါ့သားတော်ရှောလမုန်သည် အသက်ငယ်သေး၍ အတွေ့အကြုံနည်းလှ၏။ ထာဝရဘုရားအဖို့ တည်ဆောက်ရမည့်အိမ်တော်သည် အတိုင်းတိုင်းအပြည်ပြည်တွင် နာမည်ကျော်ကြား၍ ဂုဏ်ကျက်သရေတင့်တယ်နေရမည်။ ထို့ကြောင့် ယခုပင် ငါကြိုတင်ပြင်ဆင်ထားပေးမည်”ဟု မိန့်ဆို၍ အနိစ္စမရောက်မီ များစွာပြင်ဆင်ထားပေးခဲ့၏။
6ထို့နောက် သားတော်ရှောလမုန်ကို ခေါ်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ အိမ်တော်ကိုတည်ဆောက်ရမည့်အကြောင်း မိန့်မှာခဲ့၏။ 7ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “ငါ့သား၊ ငါ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာ အိမ်တော်ကိုတည်ဆောက်ဖို့ ငါစိတ်ဆန္ဒပြင်းပြလှ၏။ 8သို့သော် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ ‘သင်သည် တိုက်ပွဲများစွာတိုက်ပြီး လူအသက်များစွာကို သတ်လေပြီ။ ငါ့မျက်မှောက်၌ လူအသက်များစွာကို မြေကြီးပေါ်မှာ သင်သတ်ခဲ့လေပြီဖြစ်၍ ငါ့နာမတည်ရာအိမ်တော်ကို သင်မတည်ဆောက်ရ။ 9ကြည့်ရှုလော့။ သင်သည် သားတော်တစ်ပါးကို ရလိမ့်မည်။ သူသည် အေးချမ်းစွာနေရသောသူ ဖြစ်လိမ့်မည်။ ငါသည် သူ့ဝန်းကျင်ရှိရန်သူအားလုံးတို့ကို သူနှင့်သင့်မြတ်စေမည်။ သူ့အမည်ကို ရှောလမုန် ဟုမှည့်ခေါ်ရမည်။ သူ့လက်ထက်တွင် အစ္စရေးပြည်ကို ငြိမ်းချမ်းခြင်း၊ ငြိမ်ဝပ်ခြင်း ရှိစေမည်။ 10သူသည် ငါ့နာမတည်ရာအိမ်တော်ကို တည်ဆောက်လိမ့်မည်။ သူသည် ငါ့သားဖြစ်မည်။ ငါသည်လည်း သူ့အဖဖြစ်မည်။ သူသည် အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်၍ သူ့နိုင်ငံ၏ရာဇပလ္လင်ကိုလည်း ငါတည်မြဲစေမည်’ဟု မိန့်ဆိုပြီ။
11သို့ဖြစ်၍ ငါ့သား၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိပါစေသော။ သင်သည် အောင်မြင်သောသူ ဖြစ်ပါစေသော။ သင့်အား မိန့်တော်မူသည့်အတိုင်း ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို သင်တည်ဆောက်နိုင်ပါစေသော။ 12အစ္စရေးလူမျိုးတို့ကို အုပ်စိုးရန်မိန့်တော်မူသောအခါ သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တရားတော်များကို လိုက်နာစောင့်ထိန်းမည့်အကြောင်း ထာဝရဘုရားသည် သင့်အား သိမြင်နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူပါစေသော။ 13အစ္စရေးလူမျိုးတို့အဖို့ မောရှေအားဖြင့် ထာဝရဘုရား ပေးအပ်ထားသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို သင်လိုက်နာစောင့်ထိန်းလျှင် အောင်မြင်မှုကိုရလိမ့်မည်။ အားယူ၍ ရဲရင့်ခြင်းရှိလော့၊ မကြောက်ရွံ့နှင့်၊ စိတ်မပျက်နှင့်။
14ထာဝရဘုရား၏အိမ်တော်အဖို့ ရွှေတာလန်တစ်သိန်း#22:14 “2200000 ပိဿာ သို့မဟုတ် 3400000 ကီလိုဂရမ်”။၊ ငွေတာလန်တစ်သန်း#22:14 “22000000 ပိဿာ သို့မဟုတ် 34000000 ကီလိုဂရမ်”။၊ မချိန်တွယ်နိုင်လောက်အောင် များပြားလှသောကြေးနီ၊ သံ၊ သစ်၊ ကျောက်များကို အပင်ပန်းခံပြီး ငါပြင်ဆင်ပေးခဲ့ပြီ။ သင်သည်လည်း ထပ်ဖြည့်နိုင်၏။ 15သင်၌ ကျောက်နှင့်သစ်သားများကို ဖြတ်တောက်ထုဆစ်ပေးမည့်သူ၊ လက်မှုပညာအမျိုးမျိုးတို့ကိုတတ်ကျွမ်းသူ အလုပ်သမားများစွာရှိ၏။ 16ရွှေငွေ၊ ကြေးနီနှင့် သံများလည်း မရေမတွက်နိုင်အောင် အများအပြားရှိ၏။ ထ၍အိမ်တော်ကို တည်ဆောက်လော့။ ထာဝရဘုရားသည် သင်နှင့်အတူ ရှိပါစေသော”ဟု မိန့်မှာခဲ့၏။
17ထို့ပြင် ဒါဝိဒ်မင်းကြီးသည် သားတော်ရှောလမုန်ကို ကူညီထောက်မပေးဖို့ အစ္စရေးအကြီးအကဲအပေါင်းတို့အား 18“သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူသည်မဟုတ်လော။ သင့်ဝန်းကျင်ကိုလည်း ငြိမ်းချမ်းစေသည်မဟုတ်လော။ ထာဝရဘုရားရှေ့၊ လူမျိုးတော်တို့ရှေ့တွင် ဤပြည်ကို နှိမ်နင်းအောင်နိုင်၍ ပြည်သူပြည်သားအပေါင်းတို့ကို ငါ့လက်သို့ အပ်တော်မူပြီ။ 19ယခု သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်ပါလျက် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလော့။ ထ၍ ထာဝရဘုရားအဖို့သန့်ရှင်းရာဌာနကို တည်ဆောက်ကြလော့။ သို့မှ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်၊ ဘုရားသခင်အဖို့ သန့်ရှင်းသောအသုံးအဆောင်များကို ထာဝရဘုရား၏နာမတော်တည်ဖို့ဆောက်လုပ်ထားသောအိမ်တော်ထဲတွင် ထားရှိနိုင်မည်”ဟု မိန့်မှာလေ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ပထမစောင် 22: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative