တိုင်ရာဘုရင်ဟုရံမင်းကြီးသည်လည်း ဒါဝိဒ်မင်းကြီးထံ တမန်များကိုစေလွှတ်ပြီး နန်းတော်တည်ဆောက်ရန် သစ်ကတိုးသားများနှင့်တကွ ကျောက်ဆစ်သမားများ၊ လက်သမားများကို ပို့ပေးလေ၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ် မိမိအား မင်းမြှောက်ခဲ့ကြောင်းနှင့် လူမျိုးတော်အစ္စရေးတို့အဖို့ မိမိနိုင်ငံကို ချီးမြှောက်တော်မူခဲ့ကြောင်းကို ဒါဝိဒ်မင်းကြီးသိနားလည်၏။ ဒါဝိဒ်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် မိဖုရားများထပ်ယူပြီး သားသမီးများလည်း ထပ်မံရရှိလေ၏။ ဂျေရုဆလင်မြို့တွင် ဒါဝိဒ်မင်းကြီးရသောသားတော်များ၏အမည်မှာ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊ ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊ နောဂ၊ နေဖက်၊ ယာဖျာ၊ ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက် ဟူ၍ဖြစ်၏။ ဒါဝိဒ်မင်းကြီးအား အစ္စရေးလူမျိုးအပေါင်းတို့၏ဘုရင်အဖြစ် ဘိသိက်ပေးကြောင်းကို ဖိလိတ္တိလူမျိုးတို့ကြားလျှင် ဖိလိတ္တိစစ်သည်အပေါင်းတို့သည် ဒါဝိဒ်မင်းကြီးကို လိုက်ရှာရန် ချီလာကြ၏။ ထိုအကြောင်းကို ဒါဝိဒ်မင်းကြီးကြားသိလျှင် သူတို့နှင့် တိုက်ဖို့ ထွက်လာ၏။ ဖိလိတ္တိစစ်သည်တို့သည် ချီလာ၍ ရေဖိမ်ချိုင့်ဝှမ်းကို ဝင်ရောက်တိုက်ခိုက်ကြ၏။ ထိုအခါ ဒါဝိဒ်မင်းကြီးက “ဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ်ထွက်တိုက်ရမည်လော။ သူတို့ကို အကျွန်ုပ်လက်သို့ အပ်တော်မူမည်လော”ဟု ဘုရားသခင်ထံ မေးလျှောက်လျှင် ထာဝရဘုရားက ဒါဝိဒ်မင်းကြီးအား “ထွက်တိုက်လော့။ သူတို့ကို သင့်လက်သို့ ငါအပ်မည်”ဟု မိန့်တော်မူ၏။ ဒါဝိဒ်မင်းကြီးသည် ဗာလပေရဇိမ်အရပ်သို့ ချီတက်၍ ထိုနေရာတွင် သူတို့ကို တိုက်ခိုက်လေ၏။ ဒါဝိဒ်မင်းကြီးက “ဘုရားသခင်သည် ငါ့ရန်သူကို ရေကာတာကျိုးပေါက်ပျက်စီးသွားသကဲ့သို့ ငါ့လက်ဖြင့် ပျက်စီးစေလေပြီ”ဟု ဆို၏။ ထို့ကြောင့် ထိုနေရာကို ဗာလပေရဇိမ် ဟုအမည်မှည့်ခေါ်လေ၏။ ထိုနေရာ၌ ဖိလိတ္တိလူမျိုးတို့စွန့်ထားခဲ့သော သူတို့၏ဘုရားရုပ်တုများကို မီးရှို့ဖျက်ဆီးပစ်ရန် ဒါဝိဒ်မင်းကြီးအမိန့်ပေးလေ၏။ ဖိလိတ္တိစစ်သည်တို့သည် နောက်တစ်ကြိမ် ရေဖိမ်ချိုင့်ဝှမ်းကို ဝင်ရောက်တိုက်ခိုက်ကြပြန်၏။ ဒါဝိဒ်မင်းကြီးကလည်း ဘုရားသခင်ထံမေးလျှောက်ပြန်ရာ ဘုရားသခင်က “မျက်နှာချင်းဆိုင် မတက်နှင့်။ အနောက်ဘက်မှပတ်တက်ပြီး သူတို့ကို ပိုးစာတောရှေ့နားတွင် တိုက်ခိုက်လော့။ ပိုးစာပင်ထိပ်ဖျားမှ စစ်ချီသံကြားလျှင် ထွက်တိုက်လော့။ အကြောင်းမူကား ဘုရားသခင်သည် ဖိလိတ္တိတပ်ကို တိုက်ခိုက်ရန် သင့်ရှေ့မှကြွတော်မူပြီ”ဟု မိန့်တော်မူရာ ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ပြု၍ ဖိလိတ္တိတပ်ကို ဂိဗောင်မြို့မှ ဂေဇာမြို့တိုင်အောင် တိုက်ခိုက်ချေမှုန်းလေ၏။ ဤသို့ဖြင့် ဒါဝိဒ်မင်းကြီး၏ဂုဏ်သတင်းသည် တိုင်းပြည်အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး လူမျိုးတကာတို့သည် သူ့ကို ကြောက်ရွံ့ရိုသေလာအောင် ထာဝရဘုရား ပြုတော်မူလေ၏။
ရာဇဝင်ချုပ်ပထမစောင် 14 ကို ဖတ်ရှုရန်
နားထောင်ရန် ရာဇဝင်ချုပ်ပထမစောင် 14
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရာဇဝင်ချုပ်ပထမစောင် 14:1-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ