YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 10

10
ရှောလုမင်းကြီးနှင့် သူ့သားများသေဆုံးကြခြင်း
1တစ်ချိန်တွင် ဖိလိတ္တိ​လူမျိုး​တို့​နှင့် အစ္စရေး​လူမျိုး​တို့ တိုက်ခိုက်​ကြ​ရာ အစ္စရေး​လူမျိုး​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ထံမှ ထွက်ပြေး​ကြ​ရ​ပြီး ဂိလဗော​တောင်​ပေါ်တွင် လဲကျ​သေဆုံး​ကြ​ရ​၏​။ 2ဖိလိတ္တိ​လူမျိုး​တို့​သည် ရှောလု​မင်းကြီး​နှင့် သူ့​သား​တို့​နောက်သို့ ထက်ကြပ်မကွာ​လိုက်​၍ ရှောလု​မင်းကြီး​၏​သား​များ​ဖြစ်​သော ယောနသန်​၊ အဘိနဒပ်​နှင့် မေလခိရွှ​တို့​ကို ကွပ်မျက်​လိုက်​လေ​၏​။ 3ရှောလု​မင်းကြီး​သည်​လည်း အပြင်းအထန်​တိုက်ခိုက်​ခံရ​ပြီး လေးသည်တော်​တို့​နှင့်​တိုးမိ​၍ လေးသည်တော်​တို့​လက်ချက်​ဖြင့် ဒဏ်ရာရ​သွား​၏​။ 4ထိုအခါ ရှောလု​မင်းကြီး​က သူ​၏​လက်နက်ကိုင်​လုလင်​အား “​သင့်​ဓား​ကို ထုတ်​ပြီး ငါ့​ကို ထိုးသတ်​လိုက်​ပါ​။ သို့မဟုတ်လျှင် အရေဖျားလှီး​ခြင်း​ကို​မ​ခံ​သော​ထို​သူ​တို့​သည် လာ​၍ ငါ့​ကို ညှဉ်းဆဲ​ကြ​လိမ့်မည်​”​ဟု ဆို​၏​။ သို့သော် လက်နက်ကိုင်​လုလင်​က အလွန်​ကြောက်ရွံ့​၍ မ​ထိုးရဲ​ဘဲ​နေ​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဓား​ကို​ယူ​ပြီးလျှင် ထို​ဓား​ပေါ်တွင် လှဲချ​လိုက်​လေ​၏​။ 5ရှောလု​မင်းကြီး အနိစ္စရောက်​သွား​သည်​ကို​မြင်​လျှင် သူ​၏​လက်နက်ကိုင်​လုလင်​လည်း သူ့​ဓား​ပေါ်​လှဲချ​ပြီး ရှောလု​နှင့်အတူ သေ​လေ​၏​။ 6ဤသို့ဖြင့် ရှောလု​မင်းကြီး​နှင့် သူ့​သား​သုံး​ယောက်​အပါအဝင် သူ​၏​မိသားစုဝင်​အပေါင်း​တို့​သည် အတူ​သေ​ကြ​ရ​လေ​၏​။
7အစ္စရေး​အမျိုးသား​များ​ထွက်ပြေး​ကြ​ရ​ကြောင်း​၊ ရှောလု​မင်းကြီး​နှင့်​သား​တော်​များ ကျဆုံး​ပြီ​ဖြစ်ကြောင်း​ကို ချိုင့်ဝှမ်းလွင်ပြင်​၌​နေ​သော အစ္စရေး​အမျိုးသား​အပေါင်း​တို့ သိမြင်​လျှင် သူ​တို့​လည်း မြို့ရွာ​များ​ကို စွန့်​၍​ထွက်ပြေး​ကြ​၏​။ ထိုအခါ ဖိလိတ္တိ​လူမျိုး​တို့​သည် ထို​မြို့ရွာ​တို့​တွင် ဝင်ရောက်​နေထိုင်​ကြ​လေ​၏​။
8နောက်တစ်နေ့​တွင် ဖိလိတ္တိ​လူမျိုး​တို့​သည် သေဆုံး​သွား​သော​သူ​တို့​၏​ကိုယ်​မှ ပစ္စည်း​များ​ကို​ချွတ်ယူ​ရန် လာ​ကြ​သောအခါ ဂိလဗော​တောင်​ပေါ်တွင် ရှောလု​မင်းကြီး​နှင့် သူ့​သား​သုံး​ယောက်​တို့ လဲကျ​သေဆုံး​နေ​ကြ​သည်​ကို တွေ့​ရ​၏​။ 9သူ​တို့​သည် ရှောလု​မင်းကြီး​၏​စစ်ဝတ်တန်ဆာ​ကို ချွတ်​ပြီး ဦးခေါင်း​နှင့်တကွ စစ်ဝတ်တန်ဆာ​များ​ကို ယူသွား​ကြ​၏​။ ထို့နောက် ဖိလိတ္တိ​ပြည်​တစ်ပြည်လုံး​သို့ လူ​လွှတ်​၍ သူ​တို့​၏​ရုပ်တု​များ​နှင့် ပြည်သူပြည်သား​များ​ထံ၌ ထို​သတင်းကောင်း​ကို​ကြေညာ​စေ​၏​။ 10ရှောလု​မင်းကြီး​၏​စစ်ဝတ်တန်ဆာ​များ​ကို သူ​တို့​၏​ဘုရား​ဝတ်ကျောင်း​တွင်​ထား​ပြီး ဦးခေါင်း​ကို​မူ ဒါဂုန်​ဝတ်ကျောင်း​တွင် ချိတ်ဆွဲ​ထား​ကြ​၏​။
11ရှောလု​မင်းကြီး​အပေါ် ဖိလိတ္တိ​လူမျိုး​တို့​ပြု​ခဲ့​သမျှ​ကို ယာဗက်ဂိလဒ်​မြို့သား​အပေါင်း​တို့ ကြားသိ​သောအခါ 12စစ်သူရဲ​တစ်ယောက်မကျန်​ထ​၍ ရှောလု​မင်းကြီး​အလောင်း​နှင့် သူ့​သား​တို့​၏​အလောင်း​များ​ကို​သွားယူ​ပြီး ယာဗက်​မြို့​သို့​ယူဆောင်​လာ​ကာ အရိုး​များ​ကို ယာဗက်​မြို့​ရှိ သပိတ်ပင်​အောက်​တွင် သင်္ဂြိုဟ်​ပြီးနောက် ခုနစ်​ရက်​တိုင်တိုင် အစာရှောင်​ကြ​၏​။
13ရှောလု​မင်းကြီး​သည် ထာဝရဘုရား​အပေါ် သစ္စာမစောင့်​၊ ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​၊ နတ်ဝင်သည်​ထံ မေးမြန်း​တိုင်ပင်​၍ 14ထာဝရဘုရား​ထံ မ​မေးလျှောက်​သောကြောင့် ထာဝရဘုရား​သည် သူ့​ကို​ကွပ်မျက်​လိုက်​သဖြင့် သူ​အနိစ္စ​ရောက်​လေ​၏​။ နိုင်ငံ​တော်​ကို​လည်း ယေရှဲ​၏​သား​ဒါဝိဒ်​လက်​သို့ လွှဲအပ်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ပထမစောင် 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ