YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 7:15-27

သုတ္တံကျမ်း 7:15-27 MSBZ

ထို့ကြောင့် သင့်​ကို​ကြိုဆို​ရန် ထွက်လာ​၏​။ သင့်​ကို​ကြိုးစားရှာ​၍ ယခု​တွေ့​ပါ​ပြီ​။ ကျွန်မ​၏​ခုတင်​ကို အီဂျစ်​ပြည်​ဖြစ် ရောင်စုံ​ပိတ်ချော​အိပ်ရာခင်း​ဖြင့်​ခင်း​ထား​၍ ကျွန်မ​၏​အိပ်ရာ​ကို မုရန်​၊ သစ်မွှေး​နှင့် သစ်ကြံပိုး​နံ့သာ​တို့​ဖြင့် ထုံသင်း​မွှေးကြိုင်​စေ​ပါ​ပြီ​။ လာ​ပါ​။ မိုးလင်း​သည်​အထိ ချစ်တင်းနှော​၍ ချစ်ကြိုက်​ပျော်ပါး​ကြ​စို့​။ အကြောင်းမူကား ကျွန်မ​၏​ခင်ပွန်း​သည် အိမ်​မှာ​မ​ရှိ​။ ရပ်ဝေး​သို့ ခရီး​သွား​နေ​၏​။ ငွေ​အိတ်​ကို​ပါ ယူဆောင်​သွား​၏​။ လပြည့်​နေ့​မှ အိမ်​သို့​ပြန်လာ​မည်​”​ဟု ထို​လုလင်​အား မျက်နှာ​ပြောင်တိုက်​ပြောဆို​၏​။ ထို​မိန်းမ​သည် ဆွဲဆောင်​သော​စကား​များစွာ​တို့​ဖြင့် သူ့​ကို​မြှူဆွယ်​၍ မိမိ​နှုတ်ခမ်း​မှ ချိုသာ​သော​စကား​ဖြင့် သူ့​ကို​သွေးဆောင်​လေ​ရာ နွား​သည် အသတ်​ခံရ​မည့်​နေရာ​သို့ လိုက်သွား​သကဲ့သို့​လည်းကောင်း​၊ ဆိုးမိုက်​သော​သူ​သည် မိမိ​အသည်း​ကို မြား​စူးဝင်​သည့်​တိုင်အောင် အပြစ်ဒဏ်​ခံ​ရာ​သို့ ခြေချင်းခတ်​ခံရ​လျက်​သွား​သကဲ့သို့​လည်းကောင်း​၊ ငှက်​သည် ကျော့ကွင်း​ထဲသို့ အလျင်အမြန်​ဝင်သွား​သကဲ့သို့​လည်းကောင်း သူ​သည် ထို​မိန်းမ​နောက်သို့ ချက်ချင်း​လိုက်သွား​လေ​၏​။ ထို​အမှု​သည် သူ့​အသက်​ကို​ဆုံးရှုံး​စေ​နိုင်​ကြောင်း​ကို သူ​မ​သိ​ပေ​။ သို့ဖြစ်၍ ငါ့​သား​တို့​၊ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။ ငါ​၏​နှုတ်ထွက်​စကား​တို့​ကို​လည်း အာရုံစိုက်​နားထောင်​ကြ​လော့​။ သင်​၏​စိတ်နှလုံး​ကို ထို​မိန်းမ​၏​လမ်း​များ​ဘက်​သို့ မ​လှည့်​စေ​နှင့်​။ လမ်းလွဲ​၍ သူ​သွား​ရာ​လမ်း​များ​ထဲသို့ မ​သွား​နှင့်​။ အကြောင်းမူကား သူ​သည် များစွာ​သော​သူ​တို့​ကို​ဒဏ်ရာ​ရ​စေ​၍ လဲကျ​စေ​ခဲ့​၏​။ သူ​၏​သတ်ဖြတ်​ခြင်း​ခံရ​သော​သူ​အားလုံး​သည် အင်အားကြီး​သော​သူ​များ​ဖြစ်​ကြ​၏​။ သူ​၏​အိမ်​သည် သေ​ခြင်း​၏​အတွင်းခန်း​များ​သို့ ဆင်းသွား​သည့် မရဏာနိုင်ငံ​သို့​သွား​ရာ​လမ်း​များ​ဖြစ်​၏​။