တောလည်ရာကျမ်း 27:1-11
တောလည်ရာကျမ်း 27:1-11 MSBZ
ယောသပ်၏သားဖြစ်သော မနာရှေမျိုးနွယ်စုထဲမှ မနာရှေ၏သားမှာ မာခိရ၊ မာခိရ၏သားမှာ ဂိလဒ်၊ ဂိလဒ်၏သားမှာ ဟေဖာ၊ ဟေဖာ၏သားမှာ ဇလောဖဒ် ဖြစ်၏။ ဇလောဖဒ်၏သမီးများကား မာလာ၊ နောအာ၊ ဟောဂလာ၊ မိလခါ၊ တိရဇာ ဖြစ်၏။ ဇလောဖဒ်၏သမီးတို့သည် လာ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝရှိ မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ ခေါင်းဆောင်နှင့်လူထုအပေါင်းတို့ရှေ့တွင် ရပ်လျက် “ကျွန်မတို့၏ဖခင်သည် တောကန္တာရ၌ သေဆုံးသွားပါ၏။ ထာဝရဘုရားကိုဆန့်ကျင်လျက်စုဝေးသောလူထုဖြစ်သည့် ကောရ၏အပေါင်းပါများထဲတွင် သူ မပါဝင်ခဲ့ပါ။ သူ့အပြစ်ကြောင့် သူသေဆုံးသွားပါ၏။ သူ၌ သားမရှိပါ။ ထိုသို့ သူ၌သားမရှိသောကြောင့် အကျွန်ုပ်တို့ဖခင်၏အမည်ကို သူ့မျိုးနွယ်စုထဲမှ နုတ်ပယ်ကြမည်လော။ အကျွန်ုပ်တို့ဖခင်၏ညီအစ်ကိုတို့နှင့်အတူ အကျွန်ုပ်တို့ကိုလည်း အမွေပေးပါလော့”ဟု တောင်းဆိုကြ၏။ မောရှေသည်လည်း သူတို့၏အမှုကို ထာဝရဘုရားထံ လျှောက်တင်လေ၏။ ထာဝရဘုရားက မောရှေအား “စင်စစ် ဇလောဖဒ်သမီးတို့၏တောင်းလျှောက်ချက်မှာ သင့်လျော်၏။ သူတို့ဖခင်၏ညီအစ်ကိုများထဲမှ သူတို့ပိုင်ဆိုင်သောအမွေကို သူတို့အား ပေးရမည်။ သူတို့ဖခင်၏အမွေကို သူတို့အား လွှဲပြောင်းပေးရမည်။ သင်သည် အစ္စရေးအမျိုးသားတို့အား ‘တစ်စုံတစ်ယောက်သည် သားမရှိဘဲ သေဆုံးသွားလျှင် သူ၏အမွေကို သူ့သမီးအား လွှဲပြောင်းပေးရမည်။ သူ၌ သမီးမရှိလျှင် သူ၏အမွေကို သူ့ညီအစ်ကိုတို့အား ပေးရမည်။ သူ၌ ညီအစ်ကိုမရှိလျှင် သူ၏အမွေကို သူ့ဖခင်၏ညီအစ်ကိုတို့အား ပေးရမည်။ သူ့ဖခင်၌ ညီအစ်ကိုမရှိလျှင် သူ၏အမွေကို သူ၏မျိုးနွယ်စုထဲမှ သူနှင့်သွေးသားတော်စပ်သူအား ပေး၍ ထိုသူသည် အမွေကိုပိုင်ဆိုင်ရမည်’ဟူ၍ ဆင့်ဆိုရမည်။ ဤသည်ကား မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့အတွက် ပြဋ္ဌာန်းထားသောစီရင်ထုံးဖွဲ့ချက်ဖြစ်၏”ဟု မိန့်တော်မူ၏။