YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာကျမ်း 27:1-11

တောလည်ရာကျမ်း 27:1-11 MSBZ

ယောသပ်​၏​သား​ဖြစ်​သော မနာရှေ​မျိုးနွယ်စု​ထဲမှ မနာရှေ​၏​သား​မှာ မာခိရ​၊ မာခိရ​၏​သား​မှာ ဂိလဒ်​၊ ဂိလဒ်​၏​သား​မှာ ဟေဖာ​၊ ဟေဖာ​၏​သား​မှာ ဇလောဖဒ် ဖြစ်​၏​။ ဇလောဖဒ်​၏​သမီး​များ​ကား မာလာ​၊ နောအာ​၊ ဟောဂလာ​၊ မိလခါ​၊ တိရဇာ ဖြစ်​၏​။ ဇလောဖဒ်​၏​သမီး​တို့​သည် လာ​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​ရှိ မောရှေ​၊ ယဇ်ပုရောဟိတ်​ဧလာဇာ​၊ ခေါင်းဆောင်​နှင့်​လူထု​အပေါင်း​တို့​ရှေ့​တွင် ရပ်​လျက် “​ကျွန်မ​တို့​၏​ဖခင်​သည် တောကန္တာရ​၌ သေဆုံး​သွား​ပါ​၏​။ ထာဝရဘုရား​ကို​ဆန့်ကျင်​လျက်​စုဝေး​သော​လူထု​ဖြစ်​သည့် ကောရ​၏​အပေါင်းပါ​များ​ထဲ​တွင် သူ မ​ပါဝင်​ခဲ့​ပါ​။ သူ့​အပြစ်​ကြောင့် သူ​သေဆုံး​သွား​ပါ​၏​။ သူ​၌ သား​မ​ရှိ​ပါ​။ ထိုသို့ သူ​၌​သား​မ​ရှိ​သောကြောင့် အကျွန်ုပ်​တို့​ဖခင်​၏​အမည်​ကို သူ့​မျိုးနွယ်စု​ထဲ​မှ နုတ်ပယ်​ကြ​မည်လော​။ အကျွန်ုပ်​တို့​ဖခင်​၏​ညီအစ်ကို​တို့​နှင့်အတူ အကျွန်ုပ်​တို့​ကို​လည်း အမွေ​ပေး​ပါ​လော့​”​ဟု တောင်းဆို​ကြ​၏​။ မောရှေ​သည်​လည်း သူ​တို့​၏​အမှု​ကို ထာဝရဘုရား​ထံ လျှောက်တင်​လေ​၏​။ ထာဝရဘုရား​က မောရှေ​အား “​စင်စစ် ဇလောဖဒ်​သမီး​တို့​၏​တောင်းလျှောက်​ချက်​မှာ သင့်လျော်​၏​။ သူ​တို့​ဖခင်​၏​ညီအစ်ကို​များ​ထဲ​မှ သူ​တို့​ပိုင်ဆိုင်​သော​အမွေ​ကို သူ​တို့​အား ပေး​ရ​မည်​။ သူ​တို့​ဖခင်​၏​အမွေ​ကို သူ​တို့​အား လွှဲပြောင်း​ပေး​ရ​မည်​။ သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘တစ်စုံတစ်ယောက်​သည် သား​မ​ရှိ​ဘဲ သေဆုံး​သွား​လျှင် သူ​၏​အမွေ​ကို သူ့​သမီး​အား လွှဲပြောင်း​ပေး​ရ​မည်​။ သူ​၌ သမီး​မ​ရှိ​လျှင် သူ​၏​အမွေ​ကို သူ့​ညီအစ်ကို​တို့​အား ပေး​ရ​မည်​။ သူ​၌ ညီအစ်ကို​မ​ရှိ​လျှင် သူ​၏​အမွေ​ကို သူ့​ဖခင်​၏​ညီအစ်ကို​တို့​အား ပေး​ရ​မည်​။ သူ့​ဖခင်​၌ ညီအစ်ကို​မ​ရှိ​လျှင် သူ​၏​အမွေ​ကို သူ​၏​မျိုးနွယ်စု​ထဲမှ သူ​နှင့်​သွေးသားတော်စပ်သူ​အား ပေး​၍ ထို​သူ​သည် အမွေ​ကို​ပိုင်ဆိုင်​ရ​မည်​’​ဟူ၍ ဆင့်ဆို​ရ​မည်​။ ဤသည်ကား မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အစ္စရေး​အမျိုးသား​တို့​အတွက် ပြဋ္ဌာန်း​ထား​သော​စီရင်ထုံးဖွဲ့ချက်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။