YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာကျမ်း 1:1-33

တောလည်ရာကျမ်း 1:1-33 MSBZ

အစ္စရေး​အမျိုးသား​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် ဒုတိယ​နှစ်​၊ ဒုတိယ​လ​၊ ပထမ​နေ့​၌ သိနာ​တောကန္တာရ​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တွင် ထာဝရဘုရား​က မောရှေ​အား “​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ထဲမှ ယောက်ျား​အားလုံး တစ်ဦးချင်းစီ​၏​အမည်​စာရင်း​ကို သူ​တို့​၏​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လော့​။ သင်​နှင့်​အာရုန်​သည် အစ္စရေး​လူမျိုး​ထဲမှ အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​ရှိသမျှ​တို့​ကို တပ်ဖွဲ့​အလိုက် ရေတွက်​ရ​မည်​။ အမျိုးအနွယ်​အသီးသီး​ထဲမှ တစ်မျိုး​တစ်ယောက်စီ သင်​တို့​နှင့်အတူ​ရှိ​ရ​မည်​။ သူ​တို့​တစ်ဦးစီ​သည် မိမိ​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​၌ အကြီးအမှူး​ဖြစ်​ရ​မည်​။ သင်​တို့​ကို​ကူညီ​မည့်​သူ​တို့​၏​အမည်​များ​ကား ရုဗင်​အမျိုး​မှ ရှေဒုရ​၏​သား ဧလိဇုရ​၊ ရှိမောင်​အမျိုး​မှ ဇုရိရှဒ္ဒဲ​၏​သား ရှေလုမျေလ​၊ ယုဒ​အမျိုး​မှ အမိနဒပ်​၏​သား နာရှုန်​၊ ဣသခါ​အမျိုး​မှ ဇုအာ​၏​သား နာသနေလ​၊ ဇာဗုလုန်​အမျိုး​မှ ဟေလုန်​၏​သား ဧလျာဘ​၊ ယောသပ်​၏​သား​တို့​တွင် ဧဖရိမ်​အမျိုး​မှ အမိဟုဒ်​၏​သား ဧလိရှမာ​၊ မနာရှေ​အမျိုး​မှ ပေဒါဇုရ​၏​သား ဂါမလျေလ​၊ ဗင်္ယာမိန်​အမျိုး​မှ ဂိဒေါနိ​၏​သား အဘိဒန်​၊ ဒန်​အမျိုး​မှ အမိရှဒ္ဒဲ​၏​သား အဟေဇာ​၊ အာရှာ​အမျိုး​မှ ဩကရန်​၏​သား ပါဂျေလ​၊ ဂဒ်​အမျိုး​မှ ဒွေလ​၏​သား ဧလျာသပ်​၊ နဿလိ​အမျိုး​မှ ဧနန်​၏​သား အဟိရ တို့​ဖြစ်​ကြ​၏​။ ထို​သူ​တို့​သည် လူထု​ထဲမှ ရွေးကောက်​ထား​သော​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင်​များ​ဖြစ်​ကြ​၏​။ အစ္စရေး​မျိုးနွယ်စု​တို့​၏​အကြီးအမှူး​များ​ဖြစ်​ကြ​၏​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​နှင့်​အာရုန်​သည် နာမည်​အရွေး​ခံရ​သော ထို​သူ​တို့​ကို​ခေါ်​၍ ဒုတိယ​လ​၊ ပထမ​နေ့​၌ လူထု​အပေါင်း​တို့​ကို စုရုံး​စေ​ပြီးလျှင် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက်​ရှိ​သူ တစ်ဦးချင်းစီ​၏​အမည်​စာရင်း​ကို သူ​တို့​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လေ​၏​။ မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​သည့်​အတိုင်း သိနာ​တောကန္တာရ​၌ ထို​သူ​တို့​ကို​ရေတွက်​လေ​၏​။ အစ္စရေး​၏​သားဦး​ဖြစ်​သော ရုဗင်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် တစ်ဦးချင်းစီ​၏​အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော ယောက်ျား​အားလုံး​၏​အရေအတွက်​မှာ ရုဗင်​အမျိုးအနွယ်​ထဲမှ လေးသောင်း​ခြောက်ထောင့်​ငါး​ရာ ရှိ​၏​။ ရှိမောင်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် တစ်ဦးချင်းစီ​၏​အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော ယောက်ျား​အားလုံး​၏​အရေအတွက်​မှာ ရှိမောင်​အမျိုးအနွယ်​ထဲမှ ငါးသောင်း​ကိုးထောင့်​သုံး​ရာ ရှိ​၏​။ ဂဒ်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ ဂဒ်​အမျိုးအနွယ်​ထဲမှ လေးသောင်း​ငါးထောင်​ခြောက်​ရာ့​ငါးဆယ် ရှိ​၏​။ ယုဒ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ ယုဒ​အမျိုးအနွယ်​ထဲမှ ခုနစ်သောင်း​လေးထောင့်​ခြောက်​ရာ ရှိ​၏​။ ဣသခါ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ ဣသခါ​အမျိုးအနွယ်​ထဲမှ ငါးသောင်း​လေးထောင့်​လေး​ရာ ရှိ​၏​။ ဇာဗုလုန်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ ဇာဗုလုန်​အမျိုးအနွယ်​ထဲမှ ငါးသောင်း​ခုနစ်ထောင့်​လေး​ရာ ရှိ​၏​။ ယောသပ်​၏​သားမြေး​ဖြစ်​သော ဧဖရိမ်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ ဧဖရိမ်​အမျိုးအနွယ်​ထဲမှ လေးသောင်း​ငါး​ရာ ရှိ​၏​။