ယေရမိအနာဂတ္တိကျမ်း 33:1-6
ယေရမိအနာဂတ္တိကျမ်း 33:1-6 MSBZ
ထောင်ဝင်းထဲ၌ ယေရမိချုပ်နှောင်ထားခြင်းခံနေရစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ ဒုတိယအကြိမ်ရောက်လာ၍ “ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသောထာဝရဘုရား၊ ပုံဖော်ဖြစ်တည်စေတော်မူသောထာဝရဘုရား၊ ယေဟောဝါအမည်ရှိသော ထာဝရဘုရားက ‘ငါ့ကိုခေါ်လော့။ ငါထူးမည်။ သင်မသိ နားမလည်နိုင်သော ကြီးမြတ်သောအရာ၊ ကွယ်ဝှက်ထားသောအရာတို့ကို သင့်အားပြောပြမည်’ဟု မိန့်တော်မူ၏။ ခါလဒဲလူတို့၏မြေကတုတ်နှင့် ဓားဘေးကိုခုခံကာကွယ်ရန် ဖြိုဖျက်ခံရသော ဤမြို့တွင်းရှိ အိမ်များ၊ ယုဒဘုရင်တို့၏နန်းတော်များနှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သူတို့သည် ခါလဒဲတပ်နှင့်တိုက်ခိုက်ရန်သွားကြသော်လည်း သူတို့၏မကောင်းမှုများကြောင့် ဤမြို့ကို ငါမျက်နှာလွှဲပြီဖြစ်၍ မြို့ထဲ၌ ငါ့အမျက်ဒေါသဖြင့်ကွပ်မျက်သော အလောင်းကောင်တို့နှင့်သာ ပြည့်လိမ့်မည်။ သို့သော် ငါသည် ဤမြို့၏အနာကို ကုသပေးမည်။ ပြန်လည်ကျန်းမာစေမည်။ ငြိမ်းချမ်းခြင်း၊ ဘေးကင်းလုံခြုံခြင်း အပြည့်အဝခံစားစေမည်။