ဟေဗြဲဩဝါဒစာ 2:10-16
ဟေဗြဲဩဝါဒစာ 2:10-16 MSBZ
အကြောင်းမူကား ခပ်သိမ်းသောအရာတို့၏အကြောင်းခံနှင့် ခပ်သိမ်းသောအရာတို့၏အရင်းအမြစ်ဖြစ်တော်မူသောဘုရားသခင်သည် များစွာသောသားတို့ကို ဘုန်းအသရေတော်ထဲသို့ခေါ်ဆောင်လာရာ၌ သူတို့၏ကယ်တင်ခြင်းကိုအစပြုဖြစ်တည်စေသောအရှင်အား ဒုက္ခဝေဒနာအားဖြင့် စုံလင်စေတော်မူသည်မှာ သင့်လျော်ပေ၏။ အမှန်စင်စစ် သန့်ရှင်းစေတော်မူသောအရှင်ဖြစ်စေ၊ သန့်ရှင်းစေခြင်းခံရသောသူတို့ဖြစ်စေ အားလုံးသည် တစ်ပါးတည်းထံမှဖြစ်ကြ၏။ ထို့ကြောင့် ကိုယ်တော်သည် ထိုသူတို့ကို ညီအစ်ကိုများဟုခေါ်ရန် ရှက်တော်မမူဘဲ “အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်၏ညီအစ်ကိုများအား ပြောကြားပါမည်။ လူအစုအဝေးအလယ်၌ ကိုယ်တော်ကိုချီးမွမ်းသီဆိုပါမည်”ဟု မိန့်တော်မူ၏။ တစ်ဖန် “ငါသည် ကိုယ်တော်ကိုယုံကြည်ကိုးစားမည်”ဟူ၍လည်းကောင်း၊ “ကြည့်ရှုလော့။ ငါနှင့် ငါ့အားဘုရားသခင်ပေးတော်မူသောသားသမီးများပေတည်း”ဟူ၍လည်းကောင်း မိန့်တော်မူ၏။ ထိုသားသမီးအားလုံးတို့သည် အသွေးအသားရှိကြသည်ဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နည်းတူ ထိုအသွေးအသားကို မျှဝေခံယူတော်မူ၏။ ဤသည်ကား အသေခံတော်မူခြင်းအားဖြင့် သေခြင်း၏တန်ခိုးအရှိန်အဝါကိုပိုင်သောသူဖြစ်သည့် မာရ်နတ်ကို ဖျက်ဆီးလျက် သေခြင်းကိုကြောက်ရွံ့သောသဘော၌ တစ်သက်လုံးကျွန်ခံနေရသောသူတို့ကို လွတ်မြောက်စေရန်ဖြစ်၏။ အကယ်စင်စစ် ကိုယ်တော်သည် ကောင်းကင်တမန်တို့ကို ဖေးမတော်မမူဘဲ အာဗြဟံ၏အမျိုးအနွယ်ကို ဖေးမတော်မူ၏။