YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဇရမှတ်စာ 8:15-23

ဧဇရမှတ်စာ 8:15-23 MSBZ

အဟာဝ​မြို့​သို့​စီးဆင်း​သော​မြစ်ကမ်း​နံဘေး​၌ သူ​တို့​ကို​စုဝေး​စေ​ပြီး သုံး​ရက်​ခန့် စခန်းချ​ကြ​၏​။ ထို​နေရာ​တွင် အစ္စရေး​လူအုပ်​ကြား​၊ ယဇ်ပုရောဟိတ်​တို့​ကြား​တွင် ငါ​စစ်ဆေး​ကြည့်​ရာ လေဝိ​သား​တစ်ယောက်​ကို​မျှ မ​တွေ့​။ ထို့ကြောင့် အကြီးအမှူး​များ​ဖြစ်​သော ဧလျေဇာ​၊ အရေလ​၊ ရှေမာယ​၊ ဧလနာသန်​၊ ယာရိပ်​၊ ဧလနာသန်​၊ နာသန်​၊ ဇာခရိ​၊ မေရှုလံ​နှင့် ပညာရှင် ယောယရိပ်​နှင့် ဧလနာသန်​တို့​ကို ခေါ်​ပြီးလျှင် ကသိဖိ​အရပ်​ရှိ အကြီးအမှူး​ဣဒေါ​ထံသို့ စေလွှတ်​၍ ငါ​တို့​ဘုရားသခင်​၏​အိမ်​တော်​တွင် အမှု​တော်​ထမ်းဆောင်​မည့်​သူ​များ​ကို ပို့ဆောင်​ပေး​ပါ​ဟု ကသိဖိ​အရပ်​ရှိ​ဣဒေါ​နှင့် သူ့​ညီအစ်ကို​ဗိမာန်တော်​အစေအပါး​တို့​အား အမှာစကား ပါးလိုက်​၏​။ ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​ရှိ​၍ ကျေးဇူး​ပြု​တော်မူ​သောကြောင့် အစ္စရေး​လူမျိုး လေဝိ​အနွယ်ဝင် မဟာလိ​သားမြေး​မှ ကျမ်းတတ်ဆရာ ရှေရဘိ​နှင့်အတူ သူ​၏​သား​များ​နှင့် သူ​၏​ဆွေမျိုးသားချင်း စုစုပေါင်း​တစ်ဆယ့်ရှစ်​ယောက်​၊ ဟာရှဘိ​နှင့်အတူ မေရာရိ​သားမြေး​မှ ယေရှာယ​၏​ညီအစ်ကို​များ​နှင့် သူ​တို့​၏​သား​များ စုစုပေါင်း အယောက်​နှစ်ဆယ်​၊ ဗိမာန်တော်​အစေအပါး​တို့​တွင် လေဝိ​အမျိုး​တို့​အမှု​တော်​ထမ်း​ရာ​၌ ကူညီ​ပေး​ရန် ဒါဝိဒ်​မင်းကြီး​နှင့်​အကြီးအကဲ​တို့ ခန့်ထား​ခဲ့​သော​ဗိမာန်တော်​အစေအပါး အယောက်​နှစ်ရာ့​နှစ်ဆယ်​တို့​ကို တစ်ယောက်မကျန်​အမည်​စာရင်း​နှင့်တကွ ပို့ဆောင်​ပေး​၏​။ လမ်းခရီး​တွင် ငါ​တို့​နှင့်​ကလေးသူငယ်​များ​အပါအဝင် ပစ္စည်းဥစ္စာ​များ လုံခြုံမှု​ရှိ​စေရန် ဘုရားသခင်​ရှေ့​တော်​၌ ကိုယ်​ကို​နှိမ့်ချ​၍ အစာရှောင်​ဆုတောင်း​ကြ​မည့်​အကြောင်း အဟာဝ​မြစ်​နား​တွင် ငါ​ကြေညာ​၏​။ အကြောင်းမှာ “​ငါ​တို့​ဘုရားသခင်​၏​လက်​တော်​သည် ကိုယ်တော်​ကို​ရှာ​သော​သူ​တို့ ကောင်းစား​ဖို့​ဖြစ်​၏​။ ကိုယ်တော်​ကို​စွန့်​သော​သူ​တို့​၌​ကား ကိုယ်တော်​၏​ကြီးမား​သော​အမျက်​တော် တည်​လျက်​ရှိ​၏​”​ဟု ရှင်ဘုရင်​ကို ငါ​တို့ ပြော​ထား​နှင့်​ပြီ​ဖြစ်၍ လမ်းခရီး​တွင် ရန်သူ​လက်​မှ​ကာကွယ်​ပေး​ရန် ရှင်ဘုရင်​ထံ စစ်သည်​နှင့် မြင်းစီးသူရဲ​များ တောင်းဆို​ရ​မည်​ကို ငါ​ရှက်​လှ​၏​။ ထို့ကြောင့် လမ်းခရီး​အတွက် ငါ​တို့​သည် ဘုရားသခင်​ထံ အစာရှောင်​ဆုတောင်း​ကြ​၏​။ ကိုယ်တော်​သည် ငါ​တို့​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​၏​။