YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 30

30
အီဂျစ်ပြည်ပျက်စီးခြင်း
1တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ ပရောဖက်ပြု​ဟောပြော​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘ညည်းတွားငိုကြွေး​လော့​။ အမင်္ဂလာ​နေ့ ရောက်​တော့​မည်​။ 3နေ့ရက်​အချိန် နီးလာ​ပြီ​။ စင်စစ် ထာဝရဘုရား​၏​နေ့ နီးလာ​ပြီ​။ ထို​နေ့​သည် မိုးတိမ်​ထူထပ်​သော​နေ့​၊ လူမျိုး​တကာ​တို့​ပျက်စီး​ရာ​နေ့ ဖြစ်​လိမ့်မည်​။ 4ဓားဘေး​သည် အီဂျစ်​ပြည်​သို့ ရောက်လာ​မည်​။ အီဂျစ်​ပြည်သား​တို့ လဲကျ​သေဆုံး​၍ သူ​၏​ဥစ္စာပစ္စည်း​ရှိသမျှ​ကို သိမ်းယူ​သွား​ကြ​ပြီး အုတ်မြစ်​များ​ကို လှန်​ပစ်​ကြ​သောအခါ အီသီယိုးပီးယား​ပြည်​သည် ထိတ်ထိတ်ပျာပျာ​ဖြစ်​လိမ့်မည်​။ 5အီသီယိုးပီးယား​ပြည်သား​၊ ဖုတ​ပြည်သား​၊ လုဒ​ပြည်သား​၊ အာရေဗျ​ပြည်သား​၊ ခုဘ​ပြည်သား စသည့် အီဂျစ်​ပြည်​နှင့်​မဟာမိတ်ဖွဲ့​သော ပြည်သား​အားလုံး ဓားဘေး​ဖြင့် လဲကျ​သေဆုံး​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ 6ထို့ကြောင့် ထာဝရဘုရား​က ‘အီဂျစ်​ပြည်​ကို ထောက်မပေး​သူ​တို့ ကျရှုံး​ကြ​လိမ့်မည်​။ သူ​ဂုဏ်ယူဝါကြွား​ရာ သူ​၏​ခွန်အား​လည်း ယုတ်လျော့​သွား​လိမ့်မည်​။ မိဂဒေါလ​ပြည်​မှ သုဏေ​ပြည်​တိုင်အောင် သူ​တို့​သည် ဓားဘေး​ဖြင့် သေဆုံး​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ 7ဘုရားရှင်​ထာဝရဘုရား​က ‘လူသူကင်းမဲ့​သော​ပြည်​များ​တွင် လူသူအကင်းမဲ့ဆုံး​ပြည် ဖြစ်​ရ​လိမ့်မည်​။ ခြောက်ကပ်​သော​မြို့​များ​တွင် အခြောက်ကပ်ဆုံး​မြို့ ဖြစ်​ရ​လိမ့်မည်​။ 8အီဂျစ်​ပြည်​ကို မီးရှို့​၍ သူ့​ကို​ကူညီ​သူ​တို့​အား ဖျက်ဆီး​ပစ်​လိုက်​သောအခါ​မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ရ​ကြ​လိမ့်မည်​။ 9ထို​နေ့​တွင် ငါ​သည် တမန်​တို့​ကို သင်္ဘော​ဖြင့်​စေလွှတ်​၍ သူ​တို့​သည် စိတ်အေးလက်အေး​နေ​သော အီသီယိုးပီးယား​ပြည်သား​တို့​အား ခြောက်လှန့်​မည်​။ အီဂျစ်​ပြည်​ကြောင့် ထိတ်ထိတ်ပျာပျာ​ဖြစ်​သော​နေ့​ကဲ့သို့​ဖြစ်​ရ​မည့်​နေ့ အမှန်​ရောက်လာ​မည်’​ဟု မိန့်​တော်မူ​၏​။ 10ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် အီဂျစ်​ပြည်​အင်အားထု​ကြီး​ကို ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​၏​လက်ချက်​ဖြင့် ကွယ်ပျောက်​သွား​စေ​မည်​။ 11အကြမ်းကြုတ်ဆုံး​လူမျိုး​ဖြစ်​သော ထို​ဘုရင်​နှင့် သူ​၏​စစ်သည်​တို့​သည် ရောက်လာ​၍ ထို​ပြည်​ကို ဖျက်ဆီး​ပစ်​ကြ​လိမ့်မည်​။ အီဂျစ်​ပြည်​ကို ဓား​နှင့်​တိုက်ခိုက်​သဖြင့် တစ်ပြည်လုံး​ကို အသေကောင်​များ​ဖြင့် ပြည့်​စေ​မည်​။ 12မြစ်ချောင်း​များ​ကို ခန်းခြောက်​စေ​မည်​။ ပြည်​ကို လူဆိုး​တို့​လက်​သို့ အပ်​လိုက်​မည်​။ တစ်ပါးအမျိုးသား​တို့​လက်ချက်​ဖြင့် ပြည်​တစ်ပြည်လုံး​ကို ဖျက်ဆီး​ပစ်​မည်​ဟု ငါ​ထာဝရဘုရား မိန့်ဆို​ပြီ’​ဟု မိန့်​တော်မူ​၏​။ 13ဘုရားရှင်​ထာဝရဘုရား​က ‘ရုပ်တု​တို့​ကို​လည်း ငါ​ဖျက်ဆီး​ပစ်​မည်​။ မင်ဖစ်​မြို့​ရှိ​ဘုရား​ဆင်းတု​တို့​ကို​လည်း ကွယ်ပျောက်​စေ​မည်​။ အီဂျစ်​ပြည်​တွင် ခေါင်းဆောင်​တစ်ယောက်​မျှ ရှိ​တော့​မည်​မ​ဟုတ်​။ အီဂျစ်​ပြည်​တစ်ပြည်လုံး ကြောက်ရွံ့ထိတ်လန့်​အောင် ငါ​ပြု​မည်​။ 14ပါသရု​မြို့​ကို ငါ​ခြောက်ကပ်​စေ​မည်​။ ဇောန​မြို့​ကို မီးရှို့​ပစ်​မည်​။ နော​မြို့​ကို ဒဏ်ခတ်​မည်​။ 15အီဂျစ်​ပြည်​၏​ခံတပ်​မြို့​ဖြစ်​သော သိန်​မြို့​ပေါ်သို့ ငါ့​အမျက်​ကို​သွန်ချ​မည်​။ နော​မြို့​၏​အင်အားထုကြီး​ကို ဖျက်ဆီး​ပစ်​မည်​။ 16အီဂျစ်​ပြည်​ကို မီးရှို့​ပစ်​လိုက်​သောအခါ သိန်​မြို့ အလူးအလိမ့်​ခံရ​မည်​။ နော​မြို့ ပြိုပျက်​သွား​မည်​။ မင်ဖစ်​မြို့ အစဉ်​ဆင်းရဲဒုက္ခ​ခံရ​မည်​။ 17အာဝင်​မြို့​၊ ဖိဗေသက်​မြို့​ရှိ လုလင်ပျို​တို့​သည် ဓားဘေး​ဖြင့် ကျဆုံး​ကြ​လိမ့်မည်​။ မြို့သား​တို့​သည် သုံ့ပန်း​အဖြစ် ပါသွား​ကြ​လိမ့်မည်​။ 18အီဂျစ်​ပြည်​၏​ထမ်းပိုး​ကို ချိုး​ပစ်​သောအခါ တာပနက်​မြို့​၌ နေ့​သည် အမှောင်ကျ​လိမ့်မည်​။ သူ​ဂုဏ်ယူအားထား​ရာ သူ​၏​ခွန်အား​သည်​လည်း ကုန်ခန်း​သွား​၍ သူ့​အဖို့ တိမ်ဖုံး​သော​နေ့​တစ်နေ့​ဖြစ်​လိမ့်မည်​။ မြို့သူမြို့သား​တို့​သည် သုံ့ပန်း​အဖြစ် ပါသွား​ကြ​လိမ့်မည်​။ 19ထိုသို့ အီဂျစ်​ပြည်​ကို ဒဏ်ခတ်​သောအခါ​မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။
ဖာရော၏လက်ရုံး ကျိုးသွားခြင်း
20တစ်ဆယ့်တစ်​နှစ်​မြောက်​၊ ပထမ​လ​၊ ခုနစ်​ရက်​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 21“​အချင်း​လူသား​၊ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​၏​လက်ရုံး​ကို ငါ​ချိုး​ပစ်​ပြီ​။ အနာပျောက်ကင်း​အောင် ပတ်တီးစည်း​ပေး​မည်​မ​ဟုတ်​။ ဓား​ပြန်​ကိုင်​နိုင်​သည်​အထိ သန်မာ​လာ​အောင် ကျပ်စည်း​ပေး​မည်​မ​ဟုတ်​။ 22ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​ကို ငါ​ဆန့်ကျင်​ဘက်​ပြု​မည်​။ သူ​ကိုင်​ထား​သော​ဓား လက်​မှ​လွတ်ကျ​သွား​သည်​အထိ သန်မာ​နေ​သော​လက်​နှင့် ကျိုး​နေ​သော​လက်​ကို​ပါ ငါ​ချိုး​ပစ်​မည်​။ 23အီဂျစ်​ပြည်သား​တို့​ကို လူမျိုး​တကာ​တို့​အလယ် အတိုင်းတိုင်း​အပြည်ပြည်​သို့ ကွဲလွင့်​ပျံ့နှံ့​စေ​မည်​။ 24ဘေဘီလုံ​ဘုရင်​၏​လက်ရုံး​ကို ခိုင်ခံ့​စေ​၍ ငါ့​ဓား​ကို သူ့​လက်​သို့​အပ်​မည်​။ သို့သော် ဖာရော​မင်းကြီး​၏​လက်ရုံး​ကို ငါ​ချိုး​သဖြင့် သူ​သည် ဘေဘီလုံ​ဘုရင်​ရှေ့​တွင် သေလုမြောပါး​ဒဏ်ရာရ​သူ​ညည်းတွား​သကဲ့သို့ ညည်းတွား​ရ​လိမ့်မည်​။ 25ထိုသို့ ဘေဘီလုံ​ဘုရင်​လက်ရုံး​ကို ငါ​ခိုင်ခံ့​စေ​မည်​။ ဖာရော​၏​လက်ရုံး​မူကား ကျိုးသွား​လိမ့်မည်​။ ငါ့​ဓား​ကို ဘေဘီလုံ​ဘုရင်​လက်​သို့​အပ်​၍ ထို​ဓား​ဖြင့် အီဂျစ်​ပြည်​ကို တိုက်ခိုက်​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်မည်​။ 26အီဂျစ်​ပြည်သား​တို့​ကို လူမျိုး​တကာ​တို့​အလယ် အတိုင်းတိုင်း​အပြည်ပြည်​သို့ ကွဲလွင့်​ပျံ့နှံ့​စေ​သောအခါ​မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 30: MSBZ

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။