YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 39:32-43

ထွက်မြောက်ရာကျမ်း 39:32-43 MSBZ

အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့်ဆိုင်သော​လုပ်ငန်း​ရှိသမျှ​ကို တစ်သဝေမတိမ်း လုပ်ဆောင်​ပြီးစီး​လေ​၏​။ ထို့နောက် သူ​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​တည်းဟူသော တဲ​တော်​မှစ၍ ချိတ်​များ​၊ ဘောင်​များ​၊ ကန့်လန့်ကျင်​များ​၊ တိုင်​များ​၊ အောက်ခံအစွပ်​များ စသည့်​တဲ​တော်​တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ အနီရောင်ဆိုး​ထား​သော​သိုးထီး​သားရေ​အမိုး​၊ တဟာရှ​သားရေ​အမိုး​နှင့် ကာ​ရန်​ကန့်လန့်ကာ​ကို​လည်းကောင်း​၊ သက်သေခံချက်​သေတ္တာ​တော်​နှင့် သေတ္တာ​တော်​၏​ထမ်းပိုး​များ​ကို​လည်းကောင်း​၊ ကရုဏာ​တော်​ပလ္လင်​ကို​လည်းကောင်း​၊ စားပွဲ​နှင့် စားပွဲ​၏​တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ ရှေ့​တော်​မုန့်​ကို​လည်းကောင်း​၊ ရွှေ​စင်​ဆီမီးခုံ​၊ ဆီမီးခုံ​ပေါ် တစ်တန်းတည်း​ရှိ​နေ​သော​မီးခွက်​များ​၊ ဆီမီးခုံ​၏​တန်ဆာပလာ​ရှိသမျှ​နှင့် မီးထွန်း​ရန်​အတွက် ဆီ​ကို​လည်းကောင်း​၊ ရွှေ​ယဇ်ပလ္လင်​ကို​လည်းကောင်း​၊ ဘိသိက်​ဆီ​နှင့်​အမွှေးနံ့သာပေါင်း​ကို​လည်းကောင်း​၊ တဲ​တော်​အဝင်ဝ​လိုက်ကာ​ကို​လည်းကောင်း​၊ ကြေးနီ​ယဇ်ပလ္လင်​၊ ထို​ယဇ်ပလ္လင်​အတွက်​ကြေးနီ​မီးကျီးခံပြား​၊ ထို​ယဇ်ပလ္လင်​၏​ထမ်းပိုး​များ​နှင့် တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ အင်တုံ​နှင့် အင်တုံ​၏​ခြေတိုင်​ကို​လည်းကောင်း​၊ တဲတော်ဝင်း​၏​အကာ​များ​၊ ထို​အကာ​များ​၏​တိုင်​များ​နှင့် တိုင်​များ​၏​အောက်ခံအစွပ်​များ​ကို​လည်းကောင်း​၊ ဝင်း​တံခါး​၏​လိုက်ကာ​ကို​လည်းကောင်း​၊ ဝင်း​အတွက်​ကြိုး​များ​နှင့်​ငုတ်တိုင်​များ​ကို​လည်းကောင်း​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​တော်​နှင့်ဆိုင်သည့် တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ သန့်ရှင်း​ရာ​ဌာန​တော်​၌ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​ဝတ်ဆင်​သော​ရက်ထည်​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အာရုန်​အတွက်​သန့်ရှင်း​သော​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ဆောင်ရွက်​မည့် သူ့​သား​တို့​အတွက် အဝတ်တန်ဆာ​များ​ကို​လည်းကောင်း မောရှေ​ထံသို့ ယူဆောင်​လာ​ကြ​၏​။ မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည် အလုပ်​ရှိသမျှ​တို့​ကို လုပ်​လေ​၏​။ မောရှေ​သည် အစ္စရေး​အမျိုးသား​တို့ လုပ်ဆောင်​သော​အလုပ်​အားလုံး​ကို စစ်ဆေးကြည့်​သောအခါ သူ​တို့​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း လုပ်ဆောင်​ကြ​သည်​ကို မြင်​လေ​၏​။ ထို့ကြောင့် မောရှေ​သည် သူ​တို့​ကို​ကောင်းချီးပေး​လေ​၏​။