YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 30:22-33

ထွက်မြောက်ရာကျမ်း 30:22-33 MSBZ

တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​သင်​သည် အကောင်းစား​အမွှေးနံ့သာ​များ​ကို သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ မုရန်​အရည် ငါး​ရာ​ရှယ်ကယ်​၊ မွှေးကြိုင်​သော​သစ်ကြံပိုး နှစ်ရာ့​ငါးဆယ်​ရှယ်ကယ်​၊ မွှေးကြိုင်​သော​ခါနဲ နှစ်ရာ့​ငါးဆယ်​ရှယ်ကယ်​၊ ကရဝေး​ငါး​ရာ​ရှယ်ကယ်​နှင့် သံလွင်​ဆီ​တစ်​ဟိန်​ကို​ယူ​၍ သန့်ရှင်း​သော​ဘိသိက်​ဆီ​အဖြစ် အမွှေးနံ့သာ​ဖော်စပ်နည်း​အတိုင်း နံ့သာဆီ​ကို​ဖော်စပ်​လော့​။ ၎င်း​သည် သန့်ရှင်း​သော​ဘိသိက်​ဆီ​ဖြစ်​ရ​မည်​။ ထို​ဆီ​ဖြင့် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့် သက်သေခံချက်​သေတ္တာ​တော်​ကို​လည်းကောင်း စားပွဲ​နှင့်​ထို​စားပွဲ​၏​တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ ဆီမီးခုံ​နှင့်​ထို​ဆီမီးခုံ​၏​တန်ဆာပလာ​များ​ကို​လည်းကောင်း​၊ နံ့သာပေါင်း​ယဇ်ပလ္လင်​ကို​လည်းကောင်း​၊ မီးရှို့​ရာ​ယဇ်ပလ္လင်​နှင့်​ထို​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ အင်တုံ​နှင့်​ထို​အင်တုံ​၏​ခြေတိုင်​ကို​လည်းကောင်း ဘိသိက်သွန်း​ရ​မည်​။ သင်​သည် ထို​အရာ​တို့​ကို သန့်ရှင်း​စေ​သဖြင့် ၎င်း​တို့​သည် အထူး​သန့်ရှင်း​သော​အရာ​ဖြစ်​လိမ့်မည်​။ ထိမိ​သော​အရာ​ဟူသမျှ သန့်ရှင်း​လိမ့်မည်​။ အာရုန်​နှင့်​သူ​၏​သား​တို့​သည် ယဇ်ပုရောဟိတ်​အဖြစ် ငါ့​ထံ၌​အမှု​တော်​ကို​ဆောင်ရွက်​ရန် သင်​သည် သူ​တို့​ကို ဘိသိက်ပေး​၍ သန့်ရှင်း​စေ​ရ​မည်​။ သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘​ဤ​ဆီ​သည် သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် ငါ့​အဖို့​သန့်ရှင်း​သော​ဘိသိက်​ဆီ​ဖြစ်​၏​။ ထို​ဆီ​ကို လူ​၏​ကိုယ်ခန္ဓာ​၌ မ​လိမ်း​ရ​။ ထို​ဆီ​ဖော်စပ်နည်း​အတိုင်း အခြား​ဆီ​ကို မ​ဖော်စပ်​ရ​။ ဤ​ဆီ​သည် သန့်ရှင်း​၏​။ သင်​တို့​အဖို့​လည်း သန့်ရှင်း​သော​ဆီ​ဖြစ်​ရ​မည်​။ ထို​ဆီ​မျိုး​ဖော်စပ်​သော​သူ​၊ မဆိုင်​သော​သူ​အား ထို​ဆီ​ကို​လိမ်းပေး​သော​သူ​မည်သူမဆို မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။