ဓမ္မရာဇဝင်ဒုတိယစောင် 8:13-18
ဓမ္မရာဇဝင်ဒုတိယစောင် 8:13-18 MSBZ
ဒါဝိဒ်မင်းကြီးသည် ဆီးရီးယားလူမျိုး တစ်သောင်းရှစ်ထောင်ကို ဆားချိုင့်ဝှမ်းတွင် သုတ်သင်နိုင်ခဲ့ပြီး ပြန်လာသောအခါ ဂုဏ်သတင်းကြီးလာလေ၏။ ဧဒုံပြည်တွင်လည်း မြို့စောင့်တပ်များ ချထားလိုက်၏။ ထိုသို့ ဧဒုံပြည်တစ်ပြည်လုံးတွင် မြို့စောင့်တပ်များ ချထားသောကြောင့် ဧဒုံလူမျိုးအပေါင်းတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်သွား၏။ ထာဝရဘုရားသည်လည်း ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။ ဒါဝိဒ်မင်းကြီးသည် အစ္စရေးတစ်မျိုးလုံးကို အုပ်စိုး၍ ပြည်သူပြည်သားအပေါင်းတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာ အုပ်ချုပ်၏။ ဇေရုယာ၏သားယွာဘကား ဗိုလ်ချုပ်၊ အဟိလုဒ်၏သားယောရှဖတ်ကား အတွင်းဝန်၊ အဟိတုပ်၏သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်တို့ကား ယဇ်ပုရောဟိတ်များ၊ စရာယကား စာရေးတော်ကြီး၊ ယောယဒ၏သားဗေနာယကား ခေရသိလူမျိုးနှင့် ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ ဒါဝိဒ်မင်းကြီး၏သားတို့ကား နန်းတွင်းအရာရှိများ စသည်ဖြင့် အသီးသီးနေရာရကြ၏။