YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ဒုတိယစောင် 23:18-39

ဓမ္မရာဇဝင်ဒုတိယစောင် 23:18-39 MSBZ

ဇေရုယာ​၏​သား​၊ ယွာဘ​၏​ညီ အဘိရှဲ​သည် ထို​သူရဲကောင်း​သုံး​ဦး​ကို ဦးဆောင်​ရ​၏​။ သူ​သည် လှံ​ကို​ဝှေ့ယမ်း​ပြီး လူ​အယောက်​သုံး​ရာ​ကို တိုက်ခိုက်​သတ်ဖြတ်​၏​။ ထို့ကြောင့် သူ​သည် ထို​သူရဲကောင်း​သုံး​ဦး​ကဲ့သို့ နာမည်ကြီး​၏​။ သူ​သည် ထို​သူရဲကောင်း​သုံး​ဦး​တို့​ထက် အစွမ်းထက်​သောကြောင့် သူ​တို့​၏​အကြီးအကဲ​ဖြစ်​ရ​၏​။ သို့သော် ပထမ​သူရဲကောင်း​သုံး​ဦး​ကို မ​မီ​။ ရဲစွမ်းသတ္တိ​ထက်မြက်​သော ကပ်ဇေလ​မြို့​မှ စစ်သူရဲ​မျိုးရိုး ယောယဒ​၏​သား ဗေနာယ​သည်​လည်း ခြင်္သေ့​ကဲ့သို့​အားကြီး​သော​မောဘ​လူမျိုး​နှစ်​ဦး​ကို သုတ်သင်​ပစ်​ခဲ့​၏​။ နှင်းကျ​သော​နေ့​တစ်နေ့တွင် ခြင်္သေ့​တွင်း​ထဲသို့​ဝင်​ပြီး ခြင်္သေ့​တစ်​ကောင်​ကို သတ်​ခဲ့​၏​။ သန်မာထွားကျိုင်း​သော​အီဂျစ်​အမျိုးသား​တစ်​ယောက်​ကို​လည်း သတ်​ခဲ့​၏​။ လှံ​ကို​ကိုင်​ထား​သော ထို​အီဂျစ်​အမျိုးသား​အား သူ​သည် ကြိမ်လုံး​ဖြင့်​သာ သွား​၍​တိုက်ခိုက်​၏​။ အီဂျစ်​အမျိုးသား​၏​လက်​မှ လှံ​ကို​လုယူ​၍ ထို​လှံ​ဖြင့်​ပင် ထို​သူ​ကို ထိုးသတ်​လေ​၏​။ ယောယဒ​၏​သား ဗေနာယ​သည် ထိုသို့​ပြု​ခဲ့​သောကြောင့် သူရဲကောင်း​သုံး​ဦး​ကဲ့သို့ပင် သူ​လည်း နာမည်​ကျော်စော​၏​။ သူ​သည် စစ်သူရဲ​အယောက်​သုံးဆယ်​ထက် အစွမ်းထက်​သော်လည်း ပထမ​သူရဲကောင်း​သုံး​ဦး​ကို မ​မီ​။ ဒါဝိဒ်​မင်းကြီး​သည် သူ့​အား ကိုယ်ရံတော်မှူး​အဖြစ် ခန့်အပ်​ထား​၏​။ ယွာဘ​၏​ညီ အာသဟေလ​သည် စစ်သူရဲ​အယောက်​သုံးဆယ်​တွင် တစ်ဦး​အပါအဝင်​ဖြစ်​၏​။ ဗက်လင်​မြို့သား ဒေါဒေါ​၏​သား ဧလဟာနန်​၊ ဟရောဒိ​လူမျိုး ရှမ္မ​၊ ဟရောဒိ​လူမျိုး ဧလိက​၊ ဖာလတိ​လူမျိုး ဟေလက်​၊ တေကော​လူမျိုး ဣကေရှ​၏​သား ဣရ​၊ အနေသောသိ​လူမျိုး အဗျေဇာ​၊ ဟုရှသိ​လူမျိုး မေဗုန္နဲ​၊ အဟောဟိ​လူမျိုး ဇာလမုန်​၊ နေတောဖာသိ​လူမျိုး မဟာရဲ​၊ နေတောဖာသိ​လူမျိုး ဗာနာ​၏​သား ဟေလက်​၊ ဂိဗာ​မြို့​မှ ဗင်္ယာမိန်​သားမြေး ရိဘဲ​၏​သား အိတ္တဲ​၊ ပိရသုန်​မြို့သား ဗေနာယ​၊ ဂါရှ​ချိုင့်ဝှမ်း​မှ ဟိဒ္ဒဲ​၊ အာဗသိ​လူမျိုး အဗျာလဗုန်​၊ ဗာဟုမိ​လူမျိုး အာဇမာဝက်​၊ ရှာလဗောနိ​လူမျိုး ဧလျာဘ​၊ ယာရှင်​သားမြေး ယောနသန်​၊ ဟာရရိ​လူမျိုး ရှမ္မ​၊ ဟာရရိ​လူမျိုး ရှာရ​၏​သား အဟိအံ​၊ မာခါသိ​လူမျိုး အဟသဘဲ​၏​သား ဧလိဖလက်​၊ ဂိလောနိ​လူမျိုး အဟိသောဖေလ​၏​သား ဧလျံ​၊ ကရမေလိ​လူမျိုး ဟေဇရဲ​၊ အာဘိ​လူမျိုး ဖာရဲ​၊ ဇောဘ​လူမျိုး နာသန်​၏​သား ဣဂါလ​၊ ဂဒ်​လူမျိုး ဗာနိ​၊ အမ္မုန်​လူမျိုး ဇေလက်​၊ ဇေရုယာ​၏​သား ယွာဘ​၏​လက်နက်ကိုင် ဗေရောသိ​လူမျိုး နဟာရဲ​၊ ဣသရိ​လူမျိုး ဣရ​၊ ဣသရိ​လူမျိုး ဂါရက်​၊ ဟိတ္တိ​လူမျိုး ဥရိယ စုစုပေါင်း သုံးဆယ့်​ခုနစ်​ဦး ရှိ​သတည်း​။