ကောရိန်သုဩဝါဒစာဒုတိယစောင် 3:5-11
ကောရိန်သုဩဝါဒစာဒုတိယစောင် 3:5-11 MSBZ
ထိုသို့ဆိုသော် တစ်စုံတစ်ခုသည် ငါတို့ထံမှဖြစ်လာသည်ဟု သတ်မှတ်နိုင်ရန် ငါတို့၌အစွမ်းအစရှိသည်ဟုမဆိုလို။ ငါတို့၏အစွမ်းအစသည် ဘုရားသခင်ထံမှသာဖြစ်၏။ ဘုရားသခင်သည် ငါတို့အား ပဋိညာဉ်သစ်၏အမှုကိုဆောင်ရွက်နိုင်သောအစွမ်းအစကိုပေးတော်မူ၏။ ထိုပဋိညာဉ်သစ်သည် အက္ခရာတင်ထားသောတရားနှင့်မဆိုင်၊ ဝိညာဉ်တော်နှင့်သာဆိုင်၏။ အကြောင်းမူကား အက္ခရာတင်ထားသောတရားသည် အသက်ကိုသေစေ၍ ဝိညာဉ်တော်မူကား အသက်ကိုရရှိစေ၏။ ကျောက်ပြားပေါ်ရေးထွင်း၍ အက္ခရာတင်ထားသော သေခြင်းနှင့်ဆိုင်သည့် အမှုပင်လျှင် ဘုန်းအသရေဖြင့်ရောက်လာ၍ မောရှေ၏မျက်နှာမှထွက်သော မှေးမှိန်သွားသည့်ဘုန်းအသရေကြောင့် အစ္စရေးအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်နိုင်ခဲ့ကြသည်ဆိုလျှင် ဝိညာဉ်တော်နှင့်ဆိုင်သောအမှုသည် မည်မျှပို၍ ဘုန်းအသရေနှင့်ပြည့်စုံလိမ့်မည်နည်း။ အကြောင်းမူကား အပြစ်ကိုထင်ရှားစေသည့်အမှု၌ ဘုန်းအသရေရှိလျှင် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောအမှုသည် သာ၍ကြီးမားသောဘုန်းအသရေနှင့် ပြည့်စုံပေလိမ့်မည်။ အမှန်စင်စစ် ယခင်က ဘုန်းအသရေရှိသောအရာသည် ဤနေရာ၌ ထူးကဲသောဘုန်းအသရေကြောင့် ဘုန်းအသရေမဲ့သွားရ၏။ မှေးမှိန်သွားသောအရာ၌ ဘုန်းအသရေရှိလျှင် တည်မြဲသောအရာ၌ သာ၍ကြီးမားသောဘုန်းအသရေရှိလိမ့်မည်။