သက်သာလောနိတ်ဩဝါဒစာပထမစောင် 4:1-8
သက်သာလောနိတ်ဩဝါဒစာပထမစောင် 4:1-8 MSBZ
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်ကိုနှစ်သက်စေရန် မည်ကဲ့သို့အသက်ရှင်လျှောက်လှမ်းရမည်ကို ငါတို့ထံမှနည်းခံကြပြီး ထိုအတိုင်းအသက်ရှင်လျှောက်လှမ်းကြသည့်နည်းတူ ပို၍ပြည့်စုံစွာ ကြိုးစားအားထုတ်ကြရန် သင်တို့အား သခင်ယေရှု၏နာမတော်၌ ငါတို့တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။ အကြောင်းမူကား ငါတို့သည် သခင်ယေရှုအားဖြင့် သင်တို့အား မည်သည့်ညွှန်ကြားချက်များပေးခဲ့သည်ကို သင်တို့သိကြ၏။ ဘုရားသခင်၏အလိုတော်ကား သင်တို့သန့်ရှင်းခြင်းရှိရန်ဖြစ်၏။ တစ်နည်းအားဖြင့် သင်တို့သည် တရားနှင့်မညီမေထုန်ပြုခြင်းကို ရှောင်ကြဉ်လျက် သင်တို့တစ်ဦးစီသည် သန့်ရှင်းခြင်းနှင့်ဂုဏ်သရေရှိခြင်းတို့၌ မိမိကိုယ်ခန္ဓာအား မည်သို့ထိန်းသိမ်းရမည်ကို သိရှိ၍ ဘုရားသခင်ကိုမသိသောလူမျိုးခြားတို့ကဲ့သို့ ကိလေသာတပ်မက်ခြင်းထဲ၌ နစ်မွန်းခြင်းမရှိကြရန်နှင့် ထိုအမှုအရာမျိုး၌ မိမိညီအစ်ကိုအပေါ်စည်းဖောက်၍ အခွင့်ကောင်းမယူကြရန်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သင်တို့ကို သတိပေး၍ ကြိုတင်ပြောထားခဲ့သည့်အတိုင်း သခင်ဘုရားသည် ဤအမှုအရာအားလုံးအတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ငါတို့ကို ညစ်ညူးခြင်းထဲသို့ ခေါ်တော်မူသည်မဟုတ်ဘဲ သန့်ရှင်းခြင်းထဲသို့ ခေါ်တော်မူ၏။ ထို့ကြောင့် ဤညွှန်ကြားချက်ကို ငြင်းပယ်သောသူသည် လူကိုမဟုတ်ဘဲ သင်တို့အား မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကိုပေးတော်မူသောဘုရားသခင်ကို ငြင်းပယ်၏။