YouVersion လိုဂို
ရှာရန် အိုင်ကွန်

သက်သာလောနိတ်ဩဝါဒစာပထမစောင် 4:1-11

သက်သာလောနိတ်ဩဝါဒစာပထမစောင် 4:1-11 MSBZ

နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ သင်​တို့​သည် ဘုရားသခင်​ကို​နှစ်သက်​စေ​ရန် မည်ကဲ့သို့​အသက်ရှင်​လျှောက်လှမ်း​ရ​မည်​ကို ငါ​တို့​ထံမှ​နည်းခံ​ကြ​ပြီး ထို​အတိုင်း​အသက်ရှင်​လျှောက်လှမ်း​ကြ​သည့်​နည်းတူ ပို၍​ပြည့်စုံ​စွာ ကြိုးစား​အားထုတ်​ကြ​ရန် သင်​တို့​အား သခင်​ယေရှု​၏​နာမ​တော်​၌ ငါ​တို့​တိုက်တွန်း​နှိုးဆော်​လျက် တောင်းပန်​ကြ​၏။ အကြောင်းမူကား ငါ​တို့​သည် သခင်​ယေရှု​အားဖြင့် သင်​တို့​အား မည်သည့်​ညွှန်ကြားချက်​များ​ပေး​ခဲ့​သည်​ကို သင်​တို့​သိ​ကြ​၏။ ဘုရားသခင်​၏​အလို​တော်​ကား သင်​တို့​သန့်ရှင်း​ခြင်း​ရှိ​ရန်​ဖြစ်​၏။ တစ်နည်း​အားဖြင့် သင်​တို့​သည် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​ကို ရှောင်ကြဉ်​လျက် သင်​တို့​တစ်ဦးစီ​သည် သန့်ရှင်း​ခြင်း​နှင့်​ဂုဏ်သရေ​ရှိ​ခြင်း​တို့​၌ မိမိ​ကိုယ်ခန္ဓာ​အား မည်သို့​ထိန်းသိမ်း​ရ​မည်​ကို သိရှိ​၍ ဘုရားသခင်​ကို​မ​သိ​သော​လူမျိုးခြား​တို့​ကဲ့သို့ ကိလေသာ​တပ်မက်​ခြင်း​ထဲ၌ နစ်မွန်း​ခြင်း​မ​ရှိ​ကြ​ရန်​နှင့် ထို​အမှုအရာ​မျိုး​၌ မိမိ​ညီအစ်ကို​အပေါ်​စည်းဖောက်​၍ အခွင့်ကောင်း​မ​ယူ​ကြ​ရန်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် သင်​တို့​ကို သတိပေး​၍ ကြိုတင်​ပြော​ထား​ခဲ့​သည့်​အတိုင်း သခင်​ဘုရား​သည် ဤ​အမှုအရာ​အားလုံး​အတွက် အပြစ်​ဒဏ်​ပေး​တော်မူ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် ငါ​တို့​ကို ညစ်ညူး​ခြင်း​ထဲသို့ ခေါ်​တော်မူ​သည်​မ​ဟုတ်​ဘဲ သန့်ရှင်း​ခြင်း​ထဲသို့ ခေါ်​တော်မူ​၏။ ထို့ကြောင့် ဤ​ညွှန်ကြား​ချက်​ကို ငြင်းပယ်​သော​သူ​သည် လူ​ကို​မ​ဟုတ်​ဘဲ သင်​တို့​အား မိမိ​၏​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​ပေး​တော်မူ​သော​ဘုရားသခင်​ကို ငြင်းပယ်​၏။ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​နှင့်​ပတ်သက်၍​မူကား သင်​တို့​ထံ​ရေးသား​ရန် မ​လိုအပ်​ပေ။ အကြောင်းမှာ သင်​တို့​ကိုယ်တိုင်​သည် အချင်းချင်း​ချစ်​ကြ​ရန် ဘုရားသခင်​ထံမှ သင်ယူ​ထား​သော​သူ​များ​ဖြစ်​ကြ​၏။ အမှန်စင်စစ် သင်​တို့​သည် မာကေဒေါနိ​ပြည်​တစ်ဝန်းလုံး​ရှိ ညီအစ်ကို​အားလုံး​တို့​အပေါ် ထို​မေတ္တာ​ကို​ပြ​ကြ​ပြီ။ သို့ရာတွင် ညီအစ်ကို​တို့၊ ထို​မေတ္တာ​ကို ပို၍​ပြည့်စုံ​စွာ​ပြ​ကြ​ရန်​လည်းကောင်း၊ သင်​တို့​အား ငါ​တို့​ညွှန်ကြား​ခဲ့​သည့်​အတိုင်း အေးဆေး​တည်ငြိမ်​စွာ​နေထိုင်​နိုင်​ရန် ရည်မှန်း​ကြိုးစား​လျက် မိမိ​ကိစ္စ​များ​ကို​အာရုံစိုက်​၍ မိမိ​တို့​လက်​ဖြင့်​အလုပ်​လုပ်​ကြ​ရန်​လည်းကောင်း ငါ​တို့​တိုက်တွန်း​နှိုးဆော်​ပါ​၏။