YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 14

14
ဘုရားသခင်၏ကောင်းချီးမင်္ဂလာကို ခံစားရသောဒါဝိဒ်မင်းကြီး
1တိုင်ရာ​ဘုရင်​ဟုရံ#14:1 “ဟိရံ” (၂ရာ 5:11)​မင်းကြီး​သည်​လည်း ဒါဝိဒ်​မင်းကြီး​ထံ တမန်​များ​ကို​စေလွှတ်​ပြီး နန်းတော်​တည်ဆောက်​ရန် သစ်ကတိုးသား​များ​နှင့်တကွ ကျောက်ဆစ်သမား​များ​၊ လက်သမား​များ​ကို ပို့ပေး​လေ​၏​။ 2ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ် မိမိ​အား မင်းမြှောက်​ခဲ့​ကြောင်း​နှင့် လူမျိုး​တော်​အစ္စရေး​တို့​အဖို့ မိမိ​နိုင်ငံ​ကို ချီးမြှောက်​တော်မူ​ခဲ့​ကြောင်း​ကို ဒါဝိဒ်​မင်းကြီး​သိနားလည်​၏​။
3ဒါဝိဒ်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​တွင် မိဖုရား​များ​ထပ်​ယူ​ပြီး သား​သမီး​များ​လည်း ထပ်မံ​ရရှိ​လေ​၏​။ 4ဂျေရုဆလင်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​ရ​သော​သား​တော်​များ​၏​အမည်​မှာ ရှမွာ​၊ ရှောဗပ်​၊ နာသန်​၊ ရှောလမုန်​၊ 5ဣဗဟာ​၊ ဧလိရွှ​၊ ဧလိပလက်​၊ 6နောဂ​၊ နေဖက်​၊ ယာဖျာ​၊ 7ဧလိရှမာ​၊ ဧလျာဒ​၊ ဧလိဖလက် ဟူ၍​ဖြစ်​၏​။
8ဒါဝိဒ်​မင်းကြီး​အား အစ္စရေး​လူမျိုး​အပေါင်း​တို့​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြောင်း​ကို ဖိလိတ္တိ​လူမျိုး​တို့​ကြား​လျှင် ဖိလိတ္တိ​စစ်သည်​အပေါင်း​တို့​သည် ဒါဝိဒ်​မင်းကြီး​ကို လိုက်ရှာ​ရန် ချီလာ​ကြ​၏​။ ထို​အကြောင်း​ကို ဒါဝိဒ်​မင်းကြီး​ကြားသိ​လျှင် သူ​တို့​နှင့် တိုက်​ဖို့ ထွက်လာ​၏​။ 9ဖိလိတ္တိ​စစ်သည်​တို့​သည် ချီလာ​၍ ရေဖိမ်​ချိုင့်ဝှမ်း​ကို ဝင်ရောက်​တိုက်ခိုက်​ကြ​၏​။ 10ထိုအခါ ဒါဝိဒ်​မင်းကြီး​က “​ဖိလိတ္တိ​လူမျိုး​တို့​ကို အကျွန်ုပ်​ထွက်တိုက်​ရ​မည်လော​။ သူ​တို့​ကို အကျွန်ုပ်​လက်​သို့ အပ်​တော်မူ​မည်လော​”​ဟု ဘုရားသခင်​ထံ မေးလျှောက်​လျှင် ထာဝရဘုရား​က ဒါဝိဒ်​မင်းကြီး​အား “​ထွက်တိုက်​လော့​။ သူ​တို့​ကို သင့်​လက်​သို့ ငါ​အပ်​မည်​”​ဟု မိန့်​တော်မူ​၏​။
11ဒါဝိဒ်​မင်းကြီး​သည် ဗာလပေရဇိမ်​အရပ်​သို့ ချီတက်​၍ ထို​နေရာ​တွင် သူ​တို့​ကို တိုက်ခိုက်​လေ​၏​။ ဒါဝိဒ်​မင်းကြီး​က “​ထာဝရဘုရား​သည် ငါ့​ရန်သူ​ကို ရေကာတာ​ကျိုးပေါက်​ပျက်စီး​သွား​သကဲ့သို့ ငါ့​လက်​ဖြင့် ပျက်စီး​စေ​လေ​ပြီ​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​နေရာ​ကို ဗာလပေရဇိမ် ဟု​အမည်​မှည့်ခေါ်​လေ​၏​။ 12ထို​နေရာ​၌ ဖိလိတ္တိ​လူမျိုး​တို့​စွန့်ထား​ခဲ့​သော သူ​တို့​၏​ဘုရား​ရုပ်တု​များ​ကို မီးရှို့ဖျက်ဆီး​ပစ်​ရန် ဒါဝိဒ်​မင်းကြီး​အမိန့်ပေး​လေ​၏​။
13ဖိလိတ္တိ​စစ်သည်​တို့​သည် နောက်တစ်ကြိမ် ရေဖိမ်​ချိုင့်ဝှမ်း​ကို ဝင်ရောက်​တိုက်ခိုက်​ကြ​ပြန်​၏​။ 14ဒါဝိဒ်​မင်းကြီး​က​လည်း ဘုရားသခင်​ထံ​မေးလျှောက်​ပြန်​ရာ ဘုရားသခင်​က “​မျက်နှာချင်းဆိုင် မ​တက်​နှင့်​။ အနောက်ဘက်​မှ​ပတ်တက်​ပြီး သူ​တို့​ကို ပိုးစာတော​ရှေ့​နား​တွင် တိုက်ခိုက်​လော့​။ 15ပိုးစာပင်​ထိပ်ဖျား​မှ စစ်ချီသံ​ကြား​လျှင် ထွက်​တိုက်​လော့​။ အကြောင်းမူကား ဘုရားသခင်​သည် ဖိလိတ္တိ​တပ်​ကို တိုက်ခိုက်​ရန် သင့်​ရှေ့​မှ​ကြွ​တော်မူ​ပြီ​”​ဟု မိန့်​တော်မူ​ရာ 16ဒါဝိဒ်​မင်းကြီး​သည် ဘုရားသခင်​မိန့်​တော်မူ​သည့်​အတိုင်း ပြု​၍ ဖိလိတ္တိ​တပ်​ကို ဂိဗောင်​မြို့​မှ ဂေဇာ​မြို့​တိုင်အောင် တိုက်ခိုက်​ချေမှုန်း​လေ​၏​။ 17ဤသို့ဖြင့် ဒါဝိဒ်​မင်းကြီး​၏​ဂုဏ်သတင်း​သည် တိုင်းပြည်​အရပ်ရပ်​သို့ ပျံ့နှံ့​သွား​ပြီး လူမျိုး​တကာ​တို့​သည် သူ့​ကို ကြောက်ရွံ့ရိုသေ​လာ​အောင် ထာဝရဘုရား ပြု​တော်မူ​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ပထမစောင် 14: MSBZ

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ