ရာဇဝင်ချုပ်ပထမစောင် 12:8-18
ရာဇဝင်ချုပ်ပထမစောင် 12:8-18 MSBZ
ဂဒ်အမျိုးအချို့တို့သည် တောကန္တာရရှိ ဒါဝိဒ်မင်းကြီးခိုလှုံရာနေရာသို့ လာရောက်ပူးပေါင်းကြ၏။ သူတို့သည် ဒိုင်းလွှား၊ လှံတို့ကို ကိုင်ဆောင်နိုင်ပြီး ရဲစွမ်းသတ္တိရှိ၍ စစ်ရေးလေ့ကျင့်ထားသောသူများ၊ ခြင်္သေ့ကဲ့သို့ရဲရင့်သောမျက်နှာရှိ၍ တောင်ပေါ်သမင်ကဲ့သို့ လျင်မြန်သူများ ဖြစ်ကြ၏။ ဧဇာသည် အကြီးအမှူး ဖြစ်ပြီး ဒုတိယ ဩဗဒိ၊ တတိယ ဧလျာဘ၊ စတုတ္ထ မိရှမန္န၊ ပဉ္စမ ယေရမိ၊ ဆဋ္ဌမ အတ္တဲ၊ သတ္တမ ဧလျေလ၊ အဋ္ဌမ ယောဟနန်၊ နဝမ ဧလဇာဗဒ်၊ ဒသမ ယေရမိ၊ ဧကာဒသမ မာခဗာနဲ တို့ဖြစ်ကြ၏။ ဤသူတို့မှာ ဂဒ်အမျိုးသားစစ်ဗိုလ်ချုပ်များ ဖြစ်၏။ သူတို့တွင် အငယ်ဆုံးသူသည် လူတစ်ရာနှင့်လည်းကောင်း၊ အကြီးဆုံးသူသည် လူတစ်ထောင်နှင့်လည်းကောင်း အားညီမျှ၏။ သူတို့သည် ဂျော်ဒန်မြစ်ကမ်းပါးတစ်လျှောက် ရေလျှံနေချိန်ဖြစ်သော ပထမလတွင် မြစ်ကိုကူးပြီး ချိုင့်ဝှမ်းလွင်ပြင်၌နေထိုင်သူအားလုံးကို အရှေ့အနောက် တကွဲတပြားစီဖြစ်အောင် နှင်ထုတ်ပစ်၏။ အချို့သောဗင်္ယာမိန်အမျိုးသားနှင့် ယုဒအမျိုးသားတို့သည်လည်း ဒါဝိဒ်မင်းကြီးခိုလှုံရာနေရာသို့ ရောက်လာကြ၏။ ဒါဝိဒ်မင်းကြီးကလည်း သူတို့ကိုထွက်တွေ့ပြီး “သင်တို့သည် ငါ့ကို ကူညီလို၍ ကောင်းကောင်းမွန်မွန်ရောက်လာခြင်းဖြစ်လျှင် ငါသည် သင်တို့နှင့် တစ်စိတ်တစ်သဘောတည်း ဖြစ်၏။ သို့သော် အမှားမပြုမိသောငါ့ကို ရန်သူတို့လက်သို့ အပ်ဖို့ သင်တို့လာခြင်းဖြစ်လျှင် ငါတို့ဘိုးဘေးတို့၏ဘုရားသခင်သည် သင်တို့ကို စီရင်တော်မူပါစေသော”ဟု မိန့်ဆို၏။ ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်မင်းကြီး၊ အကျွန်ုပ်တို့ကို အရှင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်မင်းကြီးသည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။