YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 12:23-40

ရာဇဝင်ချုပ်ပထမစောင် 12:23-40 MSBZ

ထာဝရဘုရား​၏​နှုတ်ထွက်စကား​အတိုင်း နိုင်ငံ​တော်​ကို ရှောလု​မင်းကြီး​မှ ဒါဝိဒ်​ထံ​လွှဲအပ်​မည်​ဖြစ်​သောကြောင့် ဟေဗြုန်​မြို့​ရှိ​ဒါဝိဒ်​ထံသို့ ဝင်ရာက်​လာ​သော​လက်နက်ကိုင်​စစ်သည်​အကြီးအကဲ​တို့​၏​အရေအတွက်​မှာ ယုဒ​အမျိုးသား​တွင် ဒိုင်းလွှား​လှံ​စသော​လက်နက်ကိုင်​စစ်သည် အယောက်​ခြောက်​ထောင်​ရှစ်​ရာ​၊ ရှိမောင်​အမျိုးသား​တွင် ရဲစွမ်းသတ္တိ​ထက်မြက်​သော​စစ်သည် အယောက်​ခုနစ်​ထောင့်​တစ်ရာ​၊ လေဝိ​အမျိုးသား​တွင် လူ​အယောက်​လေး​ထောင့်​ခြောက်​ရာ​၊ အာရုန်​အမျိုး​ကို​ဦးဆောင်​ပေး​ရ​သူ ယောယဒ​နှင့် သူ​၏​လူ​အယောက်​သုံး​ထောင်​ခုနစ်​ရာ​၊ ရဲစွမ်းသတ္တိ​ထက်မြက်​သော​လူငယ် ဇာဒုတ်​နှင့် သူ့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး နှစ်ဆယ့်​နှစ်​ယောက်​၊ ယခင်က ရှောလု​အိမ်​တော်​သား​အပေါ် သစ္စာစောင့်သိ​သူ ဗင်္ယာမိန်​အနွယ် ရှောလု​၏​ဆွေမျိုးသားချင်း အယောက်​သုံး​ထောင်​၊ ဧဖရိမ်​အမျိုးသား​တွင် သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​ထဲမှ နာမည်​ကျော်စော​ပြီး ရဲစွမ်းသတ္တိ​ထက်မြက်​သူ​စစ်သူရဲ အယောက်​နှစ်သောင်း​ရှစ်​ရာ​၊ ဒါဝိဒ်​ကို မင်းမြှောက်​ဖို့ရန် မနာရှေ​အမျိုး​တစ်ဝက်​တွင် နာမည်​စာရင်းဝင်​သူ​အယောက်​တစ်သောင်းရှစ်ထောင်​၊ ဣသခါ​အမျိုးသား​တွင် အစ္စရေး​လူ​တို့​ပြု​ရ​မည့်​အမှု​ကို အခြေအနေ​အချိန်အခါ​အလိုက် သိ​နားလည်​သူ အကြီးအမှူး​အယောက်​နှစ်ရာ​နှင့် သူ​တို့​၏​အမိန့်​ကို​နာခံ​သော​ဆွေမျိုး​အားလုံး​၊ ဇာဗုလုန်​အမျိုး​တွင် ဒါဝိဒ်​ကို​ကူညီ​ရန် စိတ်​မ​ထွေပြား​ဘဲ စစ်လက်နက်​အပြည့်အစုံ​နှင့်တကွ တိုက်ပွဲဝင်​ရန်​အသင့်ရှိ​သူ​၊ စစ်မှုထမ်း​နိုင်​သူ စစ်သည်​အယောက်​ငါးသောင်း​၊ နဿလိ​အမျိုး​မှ တပ်မှူး​အယောက်​တစ်ထောင်​နှင့် ဒိုင်း​လှံ​လက်နက်ကိုင်ဆောင်​သူ​တပ်သား​အယောက်​သုံးသောင်း​ခုနစ်ထောင်​၊ ဒန်​အမျိုး​တွင် တိုက်ပွဲဝင်​ရန်​အသင့်​ဖြစ်​သူ စစ်သည်​အယောက်​နှစ်သောင်းရှစ်ထောင့်​ခြောက်​ရာ​၊ အာရှာ​အမျိုး​တွင် တိုက်ပွဲ​ဝင်​ရန်​အသင့်​ဖြစ်​သူ​၊ စစ်မှုထမ်း​နိုင်​သူ စစ်သည်​အယောက်​လေးသောင်း​၊ ဂျော်ဒန်​မြစ်​အရှေ့ဘက်​မှ ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​၊ မနာရှေ​မျိုးနွယ်​တစ်ဝက်​တို့​တွင် စစ်လက်နက်​အပြည့်အစုံ​နှင့် စစ်သည်​အယောက်​တစ်သိန်းနှစ်သောင်း ရှိ​၏​။ ဤ​စစ်သူရဲ​အားလုံး​တို့​သည် စစ်မြေပြင်​တွင် အမိန့်​ကို စိတ်နှလုံး​အကြွင်းမဲ့​နာခံ​တတ်​သူ​များ ဖြစ်​၏​။ ဒါဝိဒ်​ကို အစ္စရေး​တစ်မျိုးနွယ်လုံး​၏​ဘုရင်​အဖြစ် တင်မြှောက်​ရန် ဟေဗြုန်​မြို့​သို့ ရောက်လာ​ကြ​သူ​များ​လည်း ဖြစ်​၏​။ ကျန်​အစ္စရေး​လူမျိုး​အပေါင်း​တို့​သည်​လည်း ဒါဝိဒ်​ကို မင်းမြှောက်​ရန် တစ်စိတ်တစ်သဘောတည်း​ရှိ​ကြ​၏​။ အမျိုးသားချင်း​တို့ ပြင်ဆင်​ကျွေးမွေး​သဖြင့် ထို​နေရာ​တွင် သူ​တို့​သည် ဒါဝိဒ်​နှင့်အတူ သုံး​ရက်​တိုင်တိုင်​စားသောက်ပွဲ​များ ကျင်းပ​ကြ​၏​။ ရပ်နီး​နေ​သူ​များ​သာမက ရပ်ဝေး​နေ​သူ​များ​ဖြစ်​သော ဣသခါ​အမျိုး​၊ ဇာဗုလုန်​အမျိုး​၊ နဿလိ​အမျိုး တို့​သည်​လည်း မုန့်ညက်​နှင့်​လုပ်​သော​အစားအစာ​များ​၊ သဖန်းပျဉ်​များ​၊ စပျစ်သီးခြောက်​များ​၊ စပျစ်ဝိုင်​၊ ဆီ​၊ နွားသား​၊ သိုးသား စသော​အစားအစာ​များ​ကို မြည်း​၊ ကုလားအုတ်​၊ လား​၊ နွား တို့​ဖြင့် အမြောက်အမြား​တင်ဆောင်​လာ​ကြ​၏​။ ဤသို့ဖြင့် အစ္စရေး​အမျိုးသား​တို့ အလွန်​ဝမ်းမြောက်ဝမ်းသာ​ကြ​လေ​၏​။