YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 11:10-47

ရာဇဝင်ချုပ်ပထမစောင် 11:10-47 MSBZ

အစ္စရေး​လူမျိုး​တို့​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း အစ္စရေး​လူ​အပေါင်း​တို့​သည် ဒါဝိဒ်​ကို မင်းမြှောက်​၍ နိုင်ငံ​တော်​တည်ထောင်​ရာ​တွင် သူ့​ကို​ဝိုင်းဝန်းကူညီ​ပေး​သော စစ်သူရဲ​အကြီးအကဲ​များ​ရှိ​ခဲ့​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​၌​ရှိ​သော စာရင်းဝင်​သူရဲကောင်း​များ​မှာ ဤ​သူ​တို့​ဖြစ်​၏​။ တပ်မှူး​သုံးဆယ်​ကို​ဦးစီး​ရ​သော ဟခမောနိ​အမျိုး ယာရှောဗံ​သည် လှံ​ကို​ဝှေ့ယမ်း​လိုက်​သည်​နှင့် တစ်ချိန်တည်း​မှာ​ပင် လူ​အယောက်​သုံး​ရာ​ကို သတ်ဖြတ်​နိုင်​ခဲ့​သူ​ဖြစ်​၏​။ နောက်တစ်ဦး​မှာ သူရဲကောင်း​သုံး​ဦး​အဝင်​ဖြစ်​သော အဟောဟိ​လူမျိုး ဒေါဒေါ​၏​သား ဧလာဇာ ဖြစ်​၏​။ ဧလာဇာ​သည် ဒါဝိဒ်​မင်းကြီး​နှင့်အတူ ပါသဒမ္မိမ်​အရပ်​ရှိ မုယောစပါး​အပြည့်​စိုက်​ထား​သော​လယ်ကွက်​၌​နေ​စဉ် ဖိလိတ္တိ​လူမျိုး​တို့ စစ်တိုက်​ရန် စုဝေး​ချီတက်​လာ​ကြ​၏​။ ကျန်စစ်သည်​များ ဖိလိတ္တိ​လူမျိုး​တို့​ရှေ့​မှ ထွက်ပြေး​ကုန်​သော်လည်း ဧလာဇာ​သည် လယ်ကွက်​အလယ်​တွင်​ရပ်​လျက် ဖိလိတ္တိ​လူမျိုး​တို့​ကို ခုခံ​တိုက်ခိုက်​ရာ ထာဝရဘုရား​သည် ကြီးမား​သော​အောင်ပွဲ​ကို ရ​စေ​တော်မူ​၏​။ စစ်သူရဲ​သုံးဆယ်​ထဲမှ သုံး​ဦး​သည် ဒါဝိဒ်​မင်းကြီး​ရှိ​ရာ အဒုလံ​လိုဏ်ဂူ​ကျောက်ဆောင်​သို့ ဆင်းသွား​ကြ​၏​။ ဖိလိတ္တိ​တပ်​မူကား ရေဖိမ်​ချိုင့်ဝှမ်း​တွင် စခန်းချ​လျက်​ရှိ​၏​။ ထို​အချိန်​က ဒါဝိဒ်​မင်းကြီး​သည် ခံတပ်​တွင်​စံမြန်း​လျက်​ရှိ​ပြီး ဖိလိတ္တိ​မြို့စောင့်တပ်​မူကား ဗက်လင်​မြို့​၌ တပ်စွဲ​ထား​လျက်​ရှိ​၏​။ ဒါဝိဒ်​မင်းကြီး​က “ဗက်လင်​မြို့​တံခါး​အနီး​ရှိ ရေတွင်း​မှ​ရေ​ကို ငါ့​အတွက် တစ်ယောက်ယောက်​ခပ်ပေး​လျှင် ကောင်း​ပေ​မည်”​ဟု တောင့်တ​၍ ဆို​မိ​လျှင် ထို​သူရဲကောင်း​သုံး​ဦး​သည် ဖိလိတ္တိ​တပ်စခန်း​ကို ထိုးဖောက်​ပြီး ဗက်လင်​မြို့​တံခါး​အနီး​ရှိ​ရေတွင်း​မှ ရေ​ကို​ခပ်ယူ​ကာ ဒါဝိဒ်​မင်းကြီး​ထံ ယူဆောင်​လာ​ပေး​၏​။ သို့သော် ဒါဝိဒ်​မင်းကြီး​သည် ထို​ရေ​ကို​မ​သောက်​ဘဲ ထာဝရဘုရား​ရှေ့​တော်​တွင် သွန်း​လျက် “​အို အကျွန်ုပ်​၏​ဘုရားသခင်​၊ ဤ​အမှု​သည် အကျွန်ုပ်​နှင့်​ဝေး​ပါစေသော​။ ဤ​ရေ​သည် သူ​တို့​၏​အသွေး​ဖြစ်​ပါ​၏​။ သူ​တို့​အသက်​နှင့်​ရင်း​၍​ရလာ​သော​ရေ​ကို အကျွန်ုပ်​သောက်​ရ​ပါ​မည်လော​။ သူ​တို့​သည် အသက်​ကို​ရင်း​၍ ဤ​ရေ​များ​ကို ခပ်လာ​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု ဆို​လျက် ထို​ရေ​ကို မ​သောက်​ဘဲ နေ​၏​။ သူရဲကောင်း​သုံး​ဦး​တို့​သည် ဤသို့​စွမ်းဆောင်​ပေး​ခဲ့​လေ​၏​။ ဇေရုယာ​၏​သား​၊ ယွာဘ​၏​ညီ အဘိရှဲ​သည် ထို​သူရဲကောင်း​သုံး​ဦး​ကို ဦးဆောင်​ရ​၏​။ သူ​သည် လှံ​ကို​ဝှေ့ယမ်း​ပြီး လူ​အယောက်​သုံး​ရာ​ကို တိုက်ခိုက်​သတ်ဖြတ်​၏​။ ထို့ကြောင့် သူ​သည် ထို​သူရဲကောင်း​သုံး​ဦး​ကဲ့သို့ နာမည်​ကျော်စော​၏​။ သူ​သည် ထို​သူရဲကောင်း​သုံး​ဦး​တို့​ထက် နှစ်ဆ​အစွမ်းထက်​သောကြောင့် သူ​တို့​၏​အကြီးအကဲ​ဖြစ်​ရ​၏​။ သို့သော် ပထမ​သူရဲကောင်း​သုံး​ဦး​ကို မ​မီ​။ ရဲစွမ်းသတ္တိ​ထက်မြက်​သော ကပ်ဇေလ​မြို့​မှ စစ်သူရဲ​မျိုးရိုး ယောယဒ​၏​သား ဗေနာယ​သည်​လည်း ခြင်္သေ့​ကဲ့သို့​အားကြီး​သော​မောဘ​လူမျိုး​နှစ်​ဦး​ကို သုတ်သင်​ပစ်​ခဲ့​၏​။ နှင်းကျ​သော​နေ့​တစ်နေ့​တွင် ခြင်္သေ့​တွင်း​ထဲသို့​ဝင်​ပြီး ခြင်္သေ့​တစ်​ကောင်​ကို သတ်​ခဲ့​၏​။ သူ​သည် အရပ်​ငါး​တောင်​ရှိ​သော​အီဂျစ်​အမျိုးသား​တစ်​ယောက်​ကို​လည်း သတ်​ခဲ့​၏​။ ရက်ကန်းလိပ်တုံး​တမျှ​ကြီး​သော​လှံ​ကို​ကိုင်​ထား​သော ထို​အီဂျစ်​အမျိုးသား​အား သူ​သည် ကြိမ်လုံး​ဖြင့်​သာ သွား​၍​တိုက်ခိုက်​၏​။ အီဂျစ်​အမျိုးသား​၏​လက်​မှ လှံ​ကို​လုယူ​၍ ထို​လှံ​ဖြင့်​ပင် ထို​သူ​ကို ထိုးသတ်​လေ​၏​။ ယောယဒ​၏​သား ဗေနာယ​သည် ထိုသို့​ပြု​ခဲ့​သောကြောင့် သူရဲကောင်း​သုံး​ဦး​ကဲ့သို့ပင် သူ​သည်​လည်း နာမည်​ကျော်စော​၏​။ သူ​သည် စစ်သူရဲ​အယောက်​သုံးဆယ်​ထက် အစွမ်းထက်​သော်လည်း ပထမ​သူရဲကောင်း​သုံး​ဦး​ကို​မ​မီ​။ ဒါဝိဒ်​မင်းကြီး​သည် သူ့​အား ကိုယ်ရံတော်မှူး​အဖြစ် ခန့်အပ်​ထား​၏​။ အခြား​ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​များ​မှာ ယွာဘ​၏​ညီ အာသဟေလ​၊ ဗက်လင်​မြို့သား ဒေါဒေါ​၏​သား ဧလဟာနန်​၊ ဟာရုတ်​မြို့သား ရှမ္မုတ်​၊ ပေလော​မြို့သား ဟေလက်​၊ တေကော​မြို့သား ဣကေရှ​၏​သား ဣရ​၊ အနေသောသိ​လူမျိုး အဗျေဇာ​၊ ဟုရှသိ​လူမျိုး သိဗေခဲ​၊ အဟောဟိ​လူမျိုး ဣလဲ​၊ နေတောဖာသိ​လူမျိုး မဟာရဲ​၊ နေတောဖာသိ​လူမျိုး ဗာနာ​၏​သား ဟေလက်​၊ ဂိဗာ​မြို့​မှ ဗင်္ယာမိန်​သားမြေး ရိဘဲ​၏​သား အိတ္တဲ​၊ ပိရသုန်​မြို့သား ဗေနာယ​၊ ဂါရှ​ချိုင့်ဝှမ်း​မှ ဟုရဲ​၊ အာဗသိ​လူမျိုး အဗျေလ​၊ ဗာဟုမိ​လူမျိုး အာဇမာဝက်​၊ ရှာလဗောနိ​လူမျိုး ဧလျာဘ​၊ ဂိဇောနိ​လူမျိုး ဟာရှင်​၏​သား​များ​၊ ဟာရရိ​လူမျိုး ရှာဂဲ​၏​သား ယောနသန်​၊ ဟာရရိ​လူမျိုး စာကာ​၏​သား အဟိအံ​၊ ဥရ​၏​သား ဧလိဖလ​၊ မေခေရသိ​လူမျိုး ဟေဖာ​၊ ပေလောနိ​လူမျိုး အဟိယ​၊ ကရမေလိ​လူမျိုး ဟေဇရဲ​၊ ဧဇဗဲ​၏​သား နာရဲ​၊ နာသန်​၏​ညီ ယောလ​၊ ဟာဂရိ​၏​သား မိဗဟာ​၊ အမ္မုန်​လူမျိုး ဇေလက်​၊ ဇေရုယာ​၏​သား ယွာဘ​၏​လက်နက်ကိုင် ဗေရောသိ​လူမျိုး နဟာရဲ​၊ ဣသရိ​လူမျိုး ဣရ​၊ ဣသရိ​လူမျိုး ဂါရက်​၊ ဟိတ္တိ​လူမျိုး ဥရိယ​၊ အာလဲ​၏​သား ဇာဗဒ်​၊ ရုဗင်​အနွယ်​တွင် လူ​အယောက်​သုံးဆယ်​ကို ကြီးစိုး​သော ရုဗင်​အမျိုး​၏​အကြီးအမှူး ရှိဇ​၏​သား အဒိန​၊ မာခါ​၏​သား ဟာနန်​၊ မိသနိ​လူမျိုး ယောရှာဖတ်​၊ အာရှတယောသိ​လူမျိုး ဩဇိ​၊ အာရောရိ​လူမျိုး ဟောသံ​၏​သား​များ​ဖြစ်​သော ရှာမ​၊ ယေယေလ​၊ ရှိမရိ​၏​သား ယေဒယေလ​နှင့် သူ့​ညီ တိဇိ​လူမျိုး ယောဟ​၊ မဟာဝိ​လူမျိုး ဧလျေလ​၊ ဧလနန်​၏​သား ယေရိဗဲ​နှင့် ယောရှဝိ​၊ မောဘ​လူမျိုး ဣသမ​၊ ဧလျေလ​၊ ဩဗက်​၊ မေဇောဗိတ်​လူမျိုး ယာသေလ တို့​ဖြစ်​ကြ​၏​။